၂၀၁၅ ခုနှစ် စစ်အသုံးစရိတ် ရုရှားတို့ လျှော့ချသွားရန် စီစဉ်

ဖေဖော်ဝါရီ ၂၃

ရုရှားစစ်တပ်၏ ၂၀၁၅ ခုနှစ် စစ်အသုံးစရိတ်များကို ၁၀ % ဝန်းကျင်အထိ လျှော့ချသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၃ ရက် နေ့တွင် နိုင်ငံပိုင်ကာကွယ်ရေးဆိုင်ရာအဖွဲ့အစည်းတစ်ရပ်မှ ထိပ်တန်းအကြီးအကဲတစ်ဦးက ထုတ်ဖော်ပြောကြားလိုက်သည်။

ရုရှားဘဏ္ဍာရေးဝန်ကြီး Ant- on Siluanov ၏ ဇန်နဝါရီလအတွင်းက ကြေညာချက်တွင် ကာကွယ်ရေးအသုံးစရိတ်မှ အပ ကျန်ကဏ္ဍအားလုံးတွင် အသုံးစရိတ် ၁၀ % လျှော့ချမည်ဖြစ်ကြောင်း ဖော်ပြပါရှိခဲ့သည်။ အသုံးစရိတ်ချထားရာတွင် အလေးပေးရလေ့ရှိသော ဝန်ကြီးဌာနများသည်ပင်လျှင် ရုရှားစီးပွားရေးအကျပ်အတည်း၏ ဖိအားသက်ရောက်မှု ခံယူခဲ့ရပြီး သမ္မတပူတင်၏ အဓိကမဟာမိတ်အဖြစ် အနောက်နိုင်ငံတို့၏ စီးပွားရေးပိတ်ဆို့ မှုတွင် ပစ်မှတ်ထားခံရသော Sergei Chemezov က အသုံးစရိတ် လျှော့ချရာတွင် စစ်တပ်ကိုပင် ရိုက်ခတ်မှုရှိကြောင်း၊ ၁၀% အတွင်း လျှော့ချသွားရန် ဖြစ်သော် လည်း ဆုံးဖြတ်ချက်ချမှတ်ရခြင်းမရှိသေးကြောင်း ယူအေအီးနိုင်ငံ အဘူဒါဘီမြို့တွင် ကျင်းပသည့် ကာကွယ်ရေးညီလာခံ တစ်ရပ် တက်ရောက်စဉ် ဖေဖော်ဝါရီ ၂၃ ရက်နေ့က ပြောကြားသွားခဲ့သည်။

အနောက်နိုင်ငံတို့က ချမှတ်သော ပိတ်ဆို့အရေးယူမှုများသည် ရုရှားကာကွယ်ရေးလုပ်ငန်းများအပေါ် သက်ရောက်မှုမရှိ နိုင်ကြောင်း စက်တင်ဘာလအတွင်းက ပြောကြားခဲ့သည့် Chemezov က ယခုအခါ အပြောင်းအလဲအချို့ တုံ့ပြန်ဆောင် ရွက်ရန်လိုအပ်ကြောင်း ဝန်ခံပြောကြားလာခြင်းဖြစ် သည်။ ပိတ်ဆို့အရေးယူမှုများက ပြည်တွင်းထုတ်လုပ်မှုကို အစပြုပေးခဲ့ ကြောင်း၊ အရေးယူမှုများမစတင်မီက ကာကွယ်ရေးပစ္စည်းထုတ်လုပ်သည့် စက်ရုံအများအပြားရှိသော ယူကရိန်းနိုင်ငံမှ ဝယ်ယူခဲ့ရကာ ၂၀၁၇ ခုနှစ် တွင် ပြည်ပတင်သွင်းမှုအားလုံးကို ပြည်တွင်းထုတ်ပစ္စည်းများဖြင့် အစားထိုးရန် စီစဉ်ထား ကြောင်း Chemezov က ပြောကြားသွားခဲ့သည်။

ရေနံဈေးကောင်းရရှိခြင်းမရှိချိန်မှစ၍ ကာကွယ်ရေးပစ္စည်းများ ထုတ်လုပ်ခြင်းက ရုရှားအာဏာပိုင်တို့အတွက် ငွေမာရရှိရာ အရင်းအမြစ်တစ်ရပ် ဖြစ်လာခဲ့ကြောင်းနှင့် လတ်တလော အားကောင်းလျက်ရှိသည့် ဒေါ်လာငွေကြောင့် ပြည်ပသို့ လက်နက်တင်ပို့မှုတွင် အကျိုးကျေးဇူးကောင်းစွာ ရရှိခဲ့ကြောင်းလည်း Chemezov က ပြောကြားခဲ့သည်။ ရုရှားသည် အိန္ဒိယ၊ တရုတ်၊ အရှေ့အလယ်ပိုင်းဒေသနိုင်ငံများနှင့် လက်တင်အမေရိကနိုင်ငံများထံမှ အမေရိကန်ဒေါ်လာ ၄၀ ဘီလျံခန့် တန်ဖိုးရှိသော လက်နက်ဝယ်ယူရန် မှာကြားမှုများရရှိထားပြီး လာမည့်သုံးနှစ်မှ လေးနှစ်အတွင်း တင်ပို့ရမည်ဖြစ်ကြောင်း လည်း Chemezov က ပြောကြားခဲ့သည်။

ဝ၂၇၊ Reuters

Leave a Reply

Your email address will not be published.