ကံ့ကော်ရွာပန်းချီမျိုးဆက်အဖြစ် တက္ကသိုလ်ကျောင်းသားများကို လက်ခံမည် ကံ့ကော်ရွာသက်တမ်း ၃၆ နှစ်တာကာလတွင် ပန်းချီပြပွဲ ၂၆ ကြိမ် ပြုလုပ်ခဲ့

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ကံ့ကော်ရွာပန်းချီအဖွဲ့၏ ပန်းချီမျိုးဆက်သစ်အဖြစ် တက္ကသိုလ်ပညာသင်ယူနေသည့် ကျောင်းသားကျောင်းသူများကို လက်ခံ သွားမည်ဖြစ်ကြောင်း ပန်းချီမျိုးမြင့်က ဖေဖော်ဝါရီ ၁၆ ရက်မှ ၂၁ ရက်အထိ ရန်ကုန်မြို့ နဝဒေးလမ်းရှိ Think အနုပညာ ပြခန်းတွင် ပြုလုပ်သည့် ၂၆ ကြိမ်မြောက် ကံ့ကော်ရွာပန်းချီပြပွဲတွင် ပြောကြားခဲ့သည်။

ကံ့ကော်ရွာပန်းချီအဖွဲ့သည် တက္ကသိုလ်အနုပညာအသင်း၊ ပန်းချီခန်းမမှ စတင်ခဲ့သည်။ ၁၉၇၉ ခုနှစ်တွင် ကံ့ကော်ရွာပန်းချီ အဖွဲ့၏ ပထမအကြိမ်ပန်းချီပြပွဲကို ပြည်လမ်းရှိ ဆေးတက္ကသိုလ် ၁ တွင်ပြုလုပ်ခဲ့သည်။ ယင်းပြပွဲတွင် အဖွဲ့ဝင် ၂၀ ခန့်ပါဝင်ခဲ့ သည်။ ၂၀၁၄ ခုနှစ် တွင်ကျင်းပခဲ့သည့် ငွေရတု ကံ့ကော်ရွာပန်းချီပြပွဲတွင် အဖွဲ့ဝင် ၅၀ ခန့် ရှိခဲ့သည်။ ၁၉၈၇ ခုနှစ်မတိုင်မီ ကာလက တက္ကသိုလ်ပန်းချီခန်းမှ ပန်းချီဝါသနာရှင် လူငယ်မျိုးဆက်သစ်အချို့ဖြင့် အားဖြည့်နိုင်ခဲ့သော်လည်း ပန်းချီခန်းပိတ် လိုက်သည့် ၁၉၈၇ ခုနှစ် နောက်ပိုင်းတွင် ကံ့ကော်ရွာပန်းချီမျိုးဆက်သစ်အား ဖြည့်နိုင်ခြင်းမရှိခဲ့ပါ။ ယင်းကာလများတွင် ကံ့ကော်ရွာပန်းချီအဖွဲ့ဝင်များထဲမှ ပန်းချီဝါသနာပါသူ သားသမီးတို့ဖြင့် အားဖြည့်ခဲ့ရသည်။ ယခုအခါတွင် ရန်ကုန်တက္ကသိုလ် ၌ ပန်း ချီခန်းပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်၍ ပန်းချီဝါသနာပါသူ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများဖြင့် ကံ့ကော်ရွာ ပန်းချီမျိုးဆက်သစ်ကို ဖြည့်တင်းသွားမည်ဖြစ်သည်။

ကံ့ကော်ရွာ ပန်းချီပြပွဲကို ကံ့ကော်ပန်းများပွင့်သည့် ကာလဖြစ်သော ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ပုံမှန်ပြုလုပ်ခဲ့သည်။ ကံ့ကော်ရွာဟူသောအမည်ကို ကဗျာဆရာ ခင်အောင်အေးက ပေးခဲ့ပြီး ကံ့ကော်ရွာအဖွဲ့၏ လိုဂိုကို ပန်းချီမျိုးမြင့်က ရေးဆွဲ ပေးခဲ့သည်။

၁၉၇၉ ခုနှစ်တွင် အစပြုခဲ့သော ကံ့ကော်ရွာပန်းချီအဖွဲ့သည် ယခုနှစ် ၂၀၁၅ ခုနှစ်အထိနှစ်ပေါင်း ၃၆ နှစ်အတွင်း ပန်းချီပြပွဲ ပေါင်း၂၆ ပွဲကို ပြုလုပ်နိုင်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ၂၅ ကြိမ်မြောက် ငွေရတုကံ့ကော်ရွာပန်းချီပြပွဲကို ရန်ကုန်မြို့ ပြည်လမ်းရှိ ဂျပ်ဆင်စင်တာတွင် ကျင်းပနိုင်ခဲ့သည်။

ယခုနှစ်တွင် ပြုလုပ်သည့် ၂၆ ကြိမ်မြောက် ကံ့ကော်ရွာပန်းချီပြပွဲ၌ ဦးလွန်းကြွယ် ၊ အောင်ကျော်မိုး၊ အောင်မြင့်၊ အောင်သူ၊ ဘဘကျော်၊ ဟန်ထွန်း၊ လှတိုး၊ ဌေးဌေးမြင့်၊ ဌေးမြင့်၊ ထိန်လင်း၊ ထိုက်လင်းအောင်၊ ခင်အေးသန်း၊ ခင်မောင်ဘို၊ ခင်မောင် သက်၊ ခင်စောဦး၊ ခင်ဆွေဝင်း၊ ကြီးမြင့်စော၊ ကြည်သာအေး၊ လွန်းသစ်၊ မမွှေး၊ နေသက်မာ၊ မိုးကျော်သူ၊ မျိုးမြင့်လေး၊ ညီညီ၊ ညိုဝင်းမောင်၊ စံမင်း၊ ဆရာလေး၊ စည်သူဇေယျ၊ စိုးနိုင်၊ စိုးစိုးဦး၊ တင်မောင်ကြည်၊ တင်မောင်ဆွေ၊ တင်တင်ဆန်း၊ ဝင်းတင့်(ကံ့ကော်ရွာ)၊ တင်ဝင်းအောင်၊ တီးတို၊ ဝင်းဖေ၊ ဝင်းဖေမြင့်၊ ရဲအောင်နိုင်၊ ဇော်လူမင်း၊ ဇော်ထွန်း၊ဇော်ဝင်း(အင်းဝ)၊ ဇော်ဝင်းလှိုင်၊ ဇေယျနှင့် မျိုးမြင့်တို့၏ ပန်းချီများကို ပြသခဲ့သည်။

ကံ့ကော်ရွာပန်းချီအဖွဲ့သည် ၁၉၇၉ ခုနှစ်နောက်ပိုင်းတွင် ဖွဲ့စည်းခဲ့သည့် ပန်းချီအဖွဲ့များအနက် သက်တမ်းအရှည်အကြာဆုံး ရပ်တည်နိုင်ခဲ့သည့် ပန်းချီအဖွဲ့တစ်ဖွဲ့ဖြစ်သည်။

ယင်းအဖွဲ့တွင် တင်းကျပ်သည့် စည်းမျဉ်းစည်းကမ်းများ မရှိခဲ့ဘဲ မိသားစုပုံစံဖြင့် ဖွဲ့စည်းခဲ့သော ပန်းချီအဖွဲ့တစ်ဖွဲ့ဖြစ်သည်။

ကံ့ကော်ရွာပန်းချီပြပွဲတွင် ပါဝင်ပြသသည့် လက်ရာများကို လေ့လာကြည့်ရာတွင် ပြပွဲပါဝင်သူများက နှစ်သက်ရာနည်း စနစ်များကို အသုံးပြုကြပြီး သရုပ်မှန်ပန်းချီနှင့် မော်ဒန်ပန်းချီများကို ရေးဆွဲလေ့ရှိကြောင်း သိရသည်။

ကံ့ကော်ရွာပန်းချီအဖွဲ့သည် ပန်းချီဝါဒတစ်ခုကို စွဲကိုင်ထားပြီး လှုပ်ရှားသည့်အဖွဲ့တစ်ခုအနေဖြင့် မတွေ့ရဘဲ ပန်းချီပြပွဲတွင် ဝါသနာရှင်များ အသက်မွေးဝမ်းကျောင်းပြုနေသူများနှင့် ပန်းချီပညာရပ်ကို လေ့လာလိုက်စားနေသူများက ရေးဆွဲသည့်ပန်းချီ လက်ရာများကို တွေ့ရသည်။ ယင်းအဖွဲ့သည် မြန်မာ့ ပန်းချီရေစီးကြောင်းတွင် အရေးပါသော ပန်းချီအဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။

ဝ၂၄

Leave a Reply

Your email address will not be published.