စစ်သက်ရှည်ရှည် မြန်မာ့မြေမှ လူထုအချို့ကား
ရာစုဝက်ကျော်ကြာ ဝါဒဖြန့်မီဒီယာနှင့်
အထူးအလွန်အင်မတန် ယဉ်ပါးလွန်းသဖြင့်
မျိုးချစ်စိတ်၊ ကျူးကျော်စစ်ဟူသည့် ပေါက်လုံးများဒဏ်ကို
နားဆီးရင်ဆီး မခံနိုင်သော ကိုယ်ခံအားကြောင့်
သည်စစ်တကြောမှာ နားဝေတိမ်တောင်ရောဂါများ
ရကုန်ကြသောဟူလေသည်
အံ့သြမနေကြပါနှင့်တော့။
သတင်းသမားများဘဝမှာလည်း
တစ်ဖက်လက်နက်ကိုင်များကို ဆက်ဆံလျှင်
၁၇-၁ ရှိနေကြောင်း စဉ်းစားသင့်ဟု တပ်က ဆိုသည့်အတိုင်း
ဝါဒဖြန့်ယန္တရားအတွက်သာ ကူရနိုးနိုး
ပြန်ကြားရေး၏ နှုတ်ထွက်အတိုင်း
၁၇-၁ ပုဒ်မအား ကြောက်ရန် မလိုဘဲ
လက်နက်ရှင် နှစ်ဖက်တပ်များ၏ အသံများကို
ဝေဝေဆာဆာ ရေးရနိုးနိုး ဖြစ်ကြရသည်
အံ့သြရပါ၏။
သို့သော် ပြန်ကြားရေးနှုတ်ထွက်မှာ နှစ်ဖက်အသံဟု
မည်သို့ပင် ဆိုစေကာမူ
ပြန်ကြားရေး၏ စာမျက်နှာထက်မှာကား
ပညာရေးလေးပွင့်ဆိုင်တွေ့ဆုံပွဲမှ သဘောတူချက်များနှင့်
သွေဖည်နိုင်သမျှ သွေဖည်သော သတင်းများ၊
သဘောထားထုတ်ပြန်ချက်၊ မူကြမ်း၊ ဆောင်းပါးများကို
ဝေဝေဆာဆာ အဆက်မပြတ်ဖော်ပြနေရကား
ထိုပြန်ကြားရေးနည်းအတိုင်း လောက်ကိုင်သတင်းအတွက်
ကိုယ် ပင်းလိုသည့်ဘက်အကြောင်း အကောင်းများကိုသာ
စာအရေးအသားပုံစံပေါင်းစုံဖြင့် ဖော်ပြရနိုးနိုး
ဆုံးဖြတ်ရ ခက်ရချေသေးတော့သည်
အံ့သြကုန်နိုင်ရပါ၏။
အကြောက်တရား ခေါက်ရိုးကျိုးနေသည့် မိဘပြည်သူများအတွက်
အရိပ်လို လျင်မြန်သည့် ခေါင်းတုံးလူဆိုးဟူသည့်
စာမဖွဲ့လောက်စရာ ကောလာဟလသတင်းမျိုးကို
တခုတ်တရ အရေးတယူ ဖြေရှင်းပြနေသည့် တို့ပြည်မှာ
လုပ်ခလစာ တိုးရလိုသည့် အလုပ်သမားများကျတော့
ဆူပူအကြမ်းဖက်ဆန္ဒပြသူများဟု ကင်ပွန်းတပ်ကာ
သတင်းထုတ်ပြန်ချက်များပင် ရှိလေ၏
အံ့သြမိပါသည်။
ဘဝင်ဟောင်းနှင့် အသွင်ပြောင်းအစိုးရကား
နိုင်ငံရေးယဉ်ကျေးမှုသစ်ကို တကယ်လိုလားသယောင်နှင့်
လေးပွင့်ဆိုင်ဆွေးနွေးမှုကို လုပ်ခဲ့ပြီးကာမှ
အော့ဖ်လိုင်းနှင့် အွန်လိုင်းစွမ်းအားရှင်များ
မျိုးချစ်ကသိုဏ်းဆွမ်းအားရှင်များဟူသည့်
ခါတော်မီပေါ်ထွက်ကြသော အရှင်များအားကိုးဖြင့်
ဆွေးနွေးဖော်တစ်ဖက်သားများအား
လုပ်ဇာတ်အဖုံဖုံဖြင့် သိက္ခာသတ်လာလေသည်
အံ့ကြတော်မူကြကုန်လော့။
မည်သို့ပင်ဖြစ်စေ နိုင်ငံသားအပေါင်းတို့ကား
ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားသည့်ဒေသမှ စစ်အား
ကျူးကျော်စစ်အသွင် ဝါဒဖြန့်ချိခြင်းကို
နားဝေတိမ်တောင်ရောဂါအရ ယုံရခြင်းအဖြစ်မှလည်းကောင်း၊
ကိုယ့်ထက်အလျင် စာမျက်နှာဦးသည့်သဘော
အတွေးမစောဘဲ ယုံနှင့်ကြသည့် မျက်နှာပြသမားများ၏
ရှေ့ဆောင်နားဝေတိမ်တောင်ရောဂါ ကူးစက်ခံရခြင်းမှလည်းကောင်း
ကင်းဝေးနိုင်ကြပါစေသတည်း။
ပြောင်းဖူးရိုး