Nanotechnology အကြောင်း တစေ့တစောင်း

၂၁ရာစု ကမ္ဘာ့နည်းပညာလောကမှာ နျူကလီးယား နည်းပညာနဲ့အပြိုင် နာမည်ကြီးလာတဲ့ နည်းပညာဆန်းတစ်ခုကတော့ နာနိုနည်းပညာ (Nanotechnology) ပဲ ဖြစ်ပါတယ်။ ဒီနည်းပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်ပြီး ကမ္ဘာ့ အင်အားကြီးနိုင်ငံတွေမှာ အပြိုင်အဆိုင် ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်လာကြပါတယ်။ Venture Capital Investor ဖြစ်တဲ့ Steve Jurvetson က နာနိုနည်းပညာဟာ စက်မှုတော်လှန်ရေး လှိုင်းလုံးတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း ပြောဆိုလာခဲ့ပါတယ်။

နာနိုနည်းပညာ ဆိုရာဝယ်

နာနိုနည်းပညာဆိုတာ အလွန်သေးငယ်တဲ့ အရာဝတ္ထုများဆိုင်ရာ နည်းပညာဖြစ်ပါတယ်။ တစ်နာနိုမီတာဟာ အက်တမ် ၅ ခုရဲ့ အကျယ်အဝန်းခန့်သာရှိပြီး 10-9 m နဲ့ ညီမျှပါတယ်။ DNA Strand တစ်ခုဟာ နှစ်နာနိုမီတာ ရှိပြီး သွေးနီဥဆဲလ်ရဲ့ အကျယ် အဝန်းက ၇၀ဝ၀ နာနိုမီတာရှိပါတယ်။ လူ့ဆံပင်ရဲ့ ဆံချည်မျှင်ဟာ ၈ သိန်း နာနိုမီတာနဲ့ ညီမျှပြီး၊ ပုရွက်ဆိတ်တစ်ကောင်ရဲ့ အရွယ်အစားဟာ ငါး သန်းနာနိုမီတာနဲ့ ညီမျှပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိ၊ သက်မဲ့ အရာဝတ္ထုတွေအားလုံးဟာ အက်တမ်နဲ့ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် နာနိုနည်းပညာကို အသုံးပြုပြီး၊ အက်တမ်လေးတွေနဲ့ အရာဝတ္ထုတွေကို ဖွဲ့စည်း တည်ဆောက်လို့ရပါတယ်။

နာနိုနည်းပညာ၏ ကောင်းကျိုး၊ ဆိုးကျိုးများ

နာနိုအရွယ်အစား ရိုဘော့တွေ ဖြစ်တဲ့ နာနိုဘော့တွေကို တည်ဆောက်လာနိုင်ခဲ့ရင် လူ့လောကအတွက် အကျိုးကျေးဇူးရှိစေ မယ်လို့လည်း သိပ္ပံပညာရှင်တွေက ခန့်မှန်းသတ်မှတ်ထားကြပါတယ်။ ဥပမာ- မော်လီကျူး အနည်းငယ်သာပါဝင်တဲ့ ဆေးဘက်ဆိုင်ရာ နာနိုဘော့တွေကို တည်ဆောက်လာနိုင်ခဲ့ရင် ကင်ဆာဆဲလ်တွေကို ဖျက်ဆီးတာတွေ၊ သွေးကြောမျှင်လေး တွေကို ပြင်ဆင်တာတွေနဲ့ တစ်ရှူးတွေ တည်ဆောက်မှုတွေကို ပြုလုပ်နိုင်မယ် လို့တွက်ဆပြီး သုတေသနတွေ ပြုလုပ်နေကြ ပါတယ်။

အခုဆိုရင် နာနိုနည်းပညာကို အသုံးပြုပြီး ရေသန့်စင်စနစ် တီထွင်ဖို့ သုတေသနပြုမှုတွေ၊ အစားအစာတွေရဲ့ အရသာနဲ့ ပါဝင်မှုတွေကို လိုအပ်သလို ပြောင်းလဲနိုင်ဖို့ သုတေသနပြုမှုတွေ၊ ကာကွယ်ဆေးနဲ့ ရောဂါကုသရေး နည်းပညာသစ် ရှာဖွေရေးအတွက် သုတေသနပြုမှုတွေ အများအပြား ရှိနေပါပြီ။ Estrasorb လို့ အမည်ရှိတဲ့ Skin Lotion ဟာ ကမ္ဘာ့ဆေးဝါးဈေးကွက်ထဲကို ပထမဆုံးဝင်ရောက်လာတဲ့ နာနိုနည်းပညာ အသုံးပြုဆေးဝါးဖြစ်ပါတယ်။

နာနိုနည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးတိုးတက်လာအောင် သုတေသနပြုခြင်းအားဖြင့် နေရောင်ခြည်ဆဲလ်တွေကို ထုတ်လုပ်လာနိုင်မယ်လို့ ယူဆပြီး အကောင်အထည်ဖော်နေကြတဲ့ သုတေသနစီမံကိန်းတွေလည်း ရှိပါတယ်။ ရေနံယိုစိမ့်မှုတွေ ဖြစ်ပွားတဲ့အခါ Oil Spill ထဲမှာပါဝင်တဲ့ အက်တမ်တွေကို သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိအောင် နာနိုပိုက်လိုင်း လေးတွေနဲ့ ပြောင်းလဲပြုပြင်နိုင်ရေးအတွက် ကြိုးပမ်းနေကြတဲ့ သုတေသန စီမံကိန်းတွေလည်း ရှိပါတယ်။

ရောဂါရှာဖွေကုသရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းတွေအတွက် နာနိုနည်းပညာရဲ့ အကျိုးကျေးဇူးတွေကို လေ့လာသုတေသနပြုနေဆဲမှာပဲ၊ ဈေးကွက်ထဲရောက်လာတဲ့ နာနိုနည်းပညာ အသုံးပြုကုန်ပစ္စည်းတွေဖြစ်တဲ့ နေရောင်ကာမှန်တွေ၊ Spray ဗီတာမင်တွေနဲ့ Wrinkle-Resistant Fabric တွေရဲ့ အကျိုးကျေးဇူးတွေကိုလည်း စားသုံးသူအချို့ ခံစားနေကြရပါပြီ။ သို့ပေမယ့်လည်း လုံခြုံရေးဆန်းစစ်လေ့လာသူပညာရှင် အချို့ကတော့ ကုန်ပစ္စည်းထုတ်လုပ်ရေး၊ သတင်းနဲ့ နည်းပညာ၊ စွမ်းအင်၊ ဆေးဝါးပစ္စည်း၊ ထောက်လှမ်းရေးကိရိယာနဲ့ စစ် လက်နက်ပစ္စည်း ဆန်းသစ်တီထွင်ရေးတို့အတွက် အကျိုးကျေးဇူးတွေ ဆောင်ကြဉ်းပေးနိုင်တဲ့ နာနိုနည်းပညာဟာ ကမ္ဘာ့ လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်ကြောင်း ထင်မြင်ယူဆကြပါတယ်။ စစ်လက်နက်ပစ္စည်းတွေကို နာနိုနည်းပညာအသုံးပြုပြီး ထုတ်လုပ်မှုဟာ ကုန်ကျစရိတ်သက်သာပြီး မြန်ဆန်လာနိုင်ပါတယ်။ လက်နက်တွေရဲ့ အရွယ်အစား ပမာဏကလည်း သေးငယ်တဲ့အတွက် အသုံးပြုရတာ ပိုမိုလွယ်ကူလာနိုင်ပါတယ်။ ဥပမာ- ကွန်ပျူတာနည်းပညာနဲ့ Sensor နည်းပညာ တွေကို နာနိုနည်းပညာနဲ့ ပေါင်းစပ်တီထွင်ထားတဲ့ Smart Bullets တွေဟာ ပစ်မှတ်ကို တိတိကျကျ ဖော်ထုတ်တိုက်ခိုက် နိုင်မှာ ဖြစ်ပါတယ်။

ဓာတုလက်နက်နဲ့ ဇီဝလက်နက် ထုတ်လုပ်မှုတွေမှာလည်း အထောက်အကူ ဖြစ်လာနိုင်ပါတယ်။ Autonomous Fighting Systems တွေကို တီထွင်ဆန်းသစ်မှုတွေလည်း ရှိလာနိုင်ပါတယ်။ စစ်မြေပြင်က စစ်သားတွေရဲ့ ကျန်းမာရေးအခြေအနေကို ဝတ်ထားတဲ့ စစ်ယူနီဖောင်းတွေကနေတစ်ဆင့် သေးငယ်တဲ့ Sensors တွေကို အသုံးပြုပြီး စစ်ဆေးကြည့်ရှုနိုင်တဲ့ သုတေသနစီမံကိန်းတွေနဲ့ ပင်ပန်းနွမ်းနယ်မှု၊ ထိခိုက်ဒဏ်ရာရမှုတွေကို စစ်ယူနီဖောင်းတွေကတစ်ဆင့် Exterior Support ပြုလုပ်ပေးနိုင်ဖို့ လိုအပ်တဲ့ သုတေသနစီမံကိန်းတွေလည်း စတင်နေပြီ ဖြစ်ပါတယ်။

အကြမ်းဖက် တိုက်ခိုက်ရေးသမားတွေဆီမှာ Nano-Weapons of Mass Destruction တွေ ရောက်ရှိသွားမယ့်အရေး ကလည်း စိုးရိမ်ဖွယ်ရာ ဖြစ်လာပါတယ်။ ဒီထက်ပိုပြီး ကြောက်မယ်ဖွယ်ရာကောင်းတဲ့ အရေးကတော့ အစားအစာ လုံခြုံရေး ပဲဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံတကာ လုံခြုံရေးလေ့လာသူများ ပါဝင်တဲ့ ETC အုပ်စုက နာနိုနည်းပညာဟာ စိုက်ပျိုး ရေးကဏ္ဍ၊ ထုတ်လုပ်ရေးကဏ္ဍတွေကနေတစ်ဆင့် အစားအစာ၊ စားသုံးမှုသဏ္ဌာန်တွေကိုပါ သက်ရောက်မှုရှိလာစေနိုင် ကြောင်း တင်ပြထားခဲ့ပါတယ်။ ဒီလိုနာနိုနည်းပညာရဲ့ ကောင်းကျိုး၊ ဆိုးကျိုးသက်ရောက်နိုင်မှုတွေ ကြီးမားလာတာနဲ့အမျှ နိုင်ငံရေး၊ စီးပွားရေးခေါင်းဆောင်တွေရဲ့ နာနိုနည်းပညာအပေါ် အာရုံစိုက်မှုတွေကလည်း ကြီးထွားလာပါတော့တယ်။

နာနိုနည်းပညာအား အာရုံစိုက်ခြင်း

ကနဦးအစမှာ နာနိုနည်းပညာကို အင်အားကြီးနိုင်ငံတွေကသာ အာရုံစိုက်ကြပေမယ့် နောက်ပိုင်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေကပါ အာရုံစိုက်လာကြပါ တယ်။ အဓိက အကြောင်းရင်းကတော့ နာနိုနည်းပညာဟာ Nano-Divide လို့ ခေါ်တဲ့ နာနိုနည်း ပညာကို ပိုင်ဆိုင်တဲ့ တိုင်းပြည်တွေနဲ့ မပိုင်ဆိုင်တဲ့ တိုင်းပြည်တွေအကြား ကွာခြားမှုကို ဖြစ်လာစေနိုင်လို့ပါပဲ။ အကျိုးအမြတ် များစေနိုင်တဲ့ကုန်ပစ္စည်းတွေကို နာနိုနည်းပညာ အသုံးပြုနိုင်တဲ့နိုင်ငံတွေက ထုတ်လုပ်ပြီး ကမ္ဘာ့ဈေးကွက်ကို လက်ဝါးကြီး အုပ်မှုတွေ ဖြစ်ပွားလာနိုင်တယ်လို့ ပညာရှင်တွေက သုံးသပ်လာကြပါတယ်။

အထူးသဖြင့် နာနိုနည်းပညာနဲ့ ဆက်နွှယ်တဲ့ စက်မှုတော်လှန်ရေးသာ ပေါ်ထွက်လာခဲ့ရင် ကုန်ကြမ်းပစ္စည်းတွေကို နာနိုနည်း ပညာနဲ့ တည်ဆောက်လာနိုင်မှာဖြစ်တဲ့အတွက် ကမ္ဘာ့ Commodity Market ကြီးတစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားနိုင်ပြီး နည်း ပညာမရှိတဲ့ နိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်လာစေနိုင်ကြောင်း စိုးရိမ်ပူပန်မှုတွေ ပေါ်ထွက်လာပါတယ်။ တောင်အာဖရိကနိုင်ငံ မှာဆိုရင် မြေအောက်သယံဇာတပစ္စည်းတွေဖြစ်တဲ့ ရွှေနဲ့ တိုင်တေနီယမ်သတ္တုတွေကို နာနိုနည်းပညာ အသုံးပြုပြီး တန်ဖိုးမြှင့်တင်နိုင်မယ့် သုတေသနစီမံကိန်းတွေကို အကောင်အထည်ဖော်နေကြပြီ ဖြစ်ပါတယ်။

တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေဟာ သဘာဝသယံဇာတပစ္စည်းတွေနဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍအပေါ်မှာ မူတည်နေတဲ့ တိုင်းပြည်တွေမှာလည်း နာနိုနည်းပညာ လေ့လာမှုတွေ၊ သုတေသနစီမံကိန်း အကောင်အထည် ဖော်ဆောင်မှုတွေ ပြုလုပ်လာ ကြပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ သဘာဝသယံဇာတ အရင်းအမြစ်အပေါ်မှာ မူတည်တယ်ဆိုတဲ့ အချက်ကို နည်းပညာနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုနဲ့ ငြင်းဆိုခဲ့တဲ့နိုင်ငံတွေ ကမ္ဘာပေါ်မှာ အများအပြားရှိခဲ့ပါ တယ်။ နာနိုနည်းပညာတော်လှန်ရေး အောင်မြင်သွားခဲ့ရင်တော့ သဘာဝသယံဇာတ အရင်းအမြစ်ပိုင်ဆိုင်မှုရဲ့ Competitive Advantage ဟာ လျော့ကျပျက်ပြယ်သွားတော့မှာ ဖြစ်ပါတယ်။ နာနိုနည်းပညာ တော်လှန်ရေးဟာ ကမ္ဘာ့စီးပွားရေး ချိန်ခွင်လျှာကိုသာမက ကမ္ဘာ့စစ်ရေး၊ နိုင်ငံရေးချိန်ခွင်လျှာ အပြောင်းအလဲတွေကိုပါ ဦးတည်သွားနိုင်ကြောင်း လေ့လာသူတွေက သုံးသပ်ကြပါတယ်။ နာနိုလက်နက် အပြိုင်အဆိုင် ထုတ်လုပ်မှု (Nano Arms Race) လည်း ဖြစ်ပွား လာနိုင်ပါတယ်။

နိဂုံး

နည်းပညာတိုင်းမှာ ကောင်းကျိုး၊ ဆိုးကျိုးတွေ ဒွန်တွဲနေပါတယ်။ ကောင်းကျိုးတွေကို အကောင်းဆုံး ရယူခံစားနိုင်အောင် ကြိုးပမ်းပြီး ဆိုးကျိုးတွေ နည်းနိုင်သမျှနည်းအောင် ပြုလုပ်ဖို့ကိုတော့ လူသားတွေကသာ ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာရဲ့ အခြေအနေကို မျက်ခြေမပြတ် အာရုံစိုက်ခြင်း၊ သင့်လျော်သော မူဝါဒများ၊ စီမံကိန်း များ ချမှတ်ခြင်းစတဲ့ Pre-cautionary Approach ကို အသုံးပြုပြီး နာနိုနည်းပညာရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အပေါ် ဆိုးကျိုးသက်ရောက်နိုင်မှုတွေကို လျှော့ချနိုင်ပါတယ်။ နည်းပညာကို တလွဲဆံပင်ကောင်း အသုံးပြုပြီး၊ လူသားတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာမယ့် ဆိုးကျိုးတွေကိုလည်း Justice Approach နဲ့ တားဆီးလျှော့ချနိုင်အောင် ကြိုးပမ်းကြ ရမှာ ဖြစ်ပါတယ်။

ခင်မမမျိုး

ရည်ညွှန်းကိုးကား။   ။

ETC Group (2004) “26 Governments Tiptoe Toward Global Nano Governance: Grey Governance?”, 30 June 2004

4th Nanoforum General Report: “Benefits, Risks, Ethical, Legal and Social Aspects of Nanotechnology”, first published in June 2004, updated October 2005

Ministry of Defence, UK (2003) ‘Nanotechnology: Its Impact on Defence and the MoD’

Petersen J.L. & Egan D.M. (2002) ‘Small Security: Nanotechnology and Future Defense’, Defense Horizons 8

Leave a Reply

Your email address will not be published.