ဖေဖော်ဝါရီဟာ
အိပ်မက်ယောင်သူတစ်ဦးအတိုင်းပဲ
ဂျစ်တစ်တစ် ဂျစ်ကားတစ်စီးကို ဝင်ခွင့်ပေးခဲ့ပုံ
ကြမ္မာကွန်ချာ ပစ်ထုတ်လိုက်ပုံ
ဘယ်သူ့ကိုမှ မယုံပါနဲ့ဆိုတာတောင်
သူ့ကိုယ်သူ ယုံကြည်မှုလွန်ကဲခဲ့တယ်။
လည်ချောင်းထဲက
သွေးအဆုပ်လိုက် ပွင့်ထွက်လွန်သွားမှ
အသားထဲကလောက်တွေ တဖွားဖွားဆိုတာကို။
သူဟာ အရှိန်လွန်မြစ်တွေပေါ်က တံတားလို
သမ္ဗာန်တိုင်းရဲ့ လှော်တက်လို
သာမန်အိမ်ခေါင်မိုးကလေးတစ်ချပ်လိုနေခဲ့တာ
လူတွေနင်းဖို့ လှေကား ထစ်ပေးထားပေမယ့်
အပေါ်ထပ် ဘယ်နေ့ရောက်ရ
လှေနံကို ဓားနဲ့ထစ်ပြီး ကျွန်ုပ်တို့ ကုန်းကောက်ကြ
သူကတော့
သူ့ဘဝကိုသူ တစ်ကိုယ်တည်း နှင်နေမှာပဲ
အောင်ဆန်းရဲ့ဘဝမှာ
သုညဒီဂရီတပ်ထားတဲ့ ပါဝါမျက်မှန်ကလွဲလို့
ကျန်တာတွေမရှိ
အခွံမှအခွံ
သူ့ကိုပစ်သတ်ပြီး ထွက်ကျလာတဲ့
ဘရင်းဂန်းကျည်ခွံတွေလို နေမှာပေါ့။
ဖေဖော်ဝါရီ ၁၃ ပြီးမှ
ကျည်ဆန် ၁၃ တောင့်နဲ့ ဟို ဇူလိုင် ၁၉ မှာ
လက်ဆောင်ရခဲ့တာ
ဘာလိုချင်သေးလဲ
စာရေးချင်တယ် သစ်ပင်စိုက်ချင်တယ်
ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ်
အခုတော့ သူ့ရဲ့နံကြားမှာ အလွမ်းသင့်ကျည်တချို့
စိုက်လို့ စူးလို့ နူးညံ့တဲ့ နှလုံးသားထဲမှာ
နူးအိလို့…..
ကမ္ဘာထဲမှာ
ရွာကလေးတစ်ရွာ ဆောက်ပြတာလည်း သူပဲ
ရွာအပြင်ဘက်ကို မြို့တစ်မြို့
မွေးထုတ်ပေးလိုက်တာလည်း သူပဲ
ကျောက်တိုင်ကလေးတွေ လိုက်ထူတာလည်း သူပဲ
အဲဒါနဲ့…ဗိုလ်ချုပ်…
မြို့အစွန်ဘက်ထွက်
လက်ယက်တွင်းလေး တူးပေးနေတယ်
အဲဒီမှာ တိမ်ရင်းကနေ နက်…တဖြည်းဖြည်းနက်
ညတွေထက်နက်…
ရေကြည်တွေလည်းထွက်လာရော
တူးဖော်ထားတဲ့ ရေတိမ်မှာ စုံးစုံးမြုပ်ရပါရော။
သြော်…ဗိုလ်ချုပ်…ဗိုလ်ချုပ်
စကားမစပ်
ရန်ကြီးအောင်
မင်းကိုမေ့လို့မရအောင် မုန်းတယ်။
ဘာလို့များ စက်သေနတ်ကို
အရှည်ကြီးဆွဲပစ်ရတာလဲကွာ
ငါတို့တွေ အရှည်ကြီးလွမ်းနေရတယ်။
ဥသြက ခပ်ကျယ်ကျယ်တွန်ရဲခဲ့တာမဟုတ်ဘူး
အိုး…ဘရုတပ်စ်
မင်းလည်းပါသကိုး…
ကျဆုံးခါနီး ဂျူးလိယက်ဆီဇာနောက်ကျော
ဘရုတပ်စ်က
လက်ထဲကဓားဦးနဲ့ ပြေးဖက်လိုက်တဲ့အခါ…
သိလား…ဦးစော
အစောကြီးကတည်းက ခင်ဗျားဟာ
လူလာဖြစ်ရမှာမဟုတ်ဘူး
ဗိုလ်ချုပ်ကြောင့် အရာရာဟာ အလျင်စောခဲ့ပေမယ့်
ခင်ဗျားလုပ်လို့ အကုန်နောက်ကျ
မိုးတွေပိုအုံ့ခဲ့သလို မိုးတွေပိုချုပ်ခဲ့တယ်
ခင်ဗျားတို့ ကျုပ်တို့ နိုင်ငံတော်ကြီးဟာ
အဖေပြောခဲ့သလို ဖာသည်နိုင်ငံကြီးပေါ့
အဲဒီပြဲလန်နေတဲ့ ဖာနိုင်ငံတော်ကြီး
ပြန်ကျန်းမာလာအောင်
ဗိုလ်ချုပ်အဖ
သူ့အဝတ်အစားတွေ သူမချုပ်အား။
သူ့အရိုးတွေနဲ့ ရှာကြံဖာထေးပေးခဲ့တယ်…ဗျ
အဖ…
မှောင်နေတဲ့ လမ်းကြားမှာ
ကျွန်တော်တို့တွေ တော်တော်ကြာမိုက်နေခဲ့တာ
မှောင်ခိုသွင်းထားခဲ့တဲ့ သတ္တိတွေလည်းမနည်းဘူး
ဟိုမှာ အစ်မလာပြီ…
ကျွန်တော်တို့ ဒီလမ်းပေါ်မှာ
အဖသီချင်း အကျယ်ကြီးဆိုဖို့…
ကြယ်တွေစုံနေပြီ…
အဖ…ဗိုလ်ချုပ်…ကိုယ်ထင်ပြပါလှည့်…။
နေမိုးလူ