လောက်ကိုင်မှာ တိုက်ပွဲများ အရှိန်မြင့်လာလေရာ
ဖုန်ကြားရှင်တပ်၏ လက်နက်ဝယ်လိုအား
မြန်မာ့တပ်မတော်၏ လက်နက်ဖြုန်းအား
စစ်ရှောင်ပြည်သူများအတွက် အလှူပစ္စည်းဝယ်လိုအား
စသဖြင့် စစ်နှင့်နောက်ဆက်တွဲ အဝယ်စာရင်းအတွက်
အိမ်နီးချင်းကြီးက ရောင်းလက်သွက်နေသည့်တိုင်
ငြိမ်းချမ်းရေးစကားများ လှိုင်လှိုင်ပြောကာ
ဝင်ငွေလည်း သွက်၊ တစ်ဖက်က စစ်လည်း ပန်း
သည်မျှ လန်းသည့် အခြေအနေအပေါ်
ပျော်ပျော်ကြီး ရှုမြင်နေချိန်မှာ
တပ်အင်အားပြပွဲဖြစ်သည့် ဗိုလ်ရှုခံကို
သန်းခြောက်ထောင် အကုန်ခံနိုင်ခဲ့သော
တို့တပ်မတော်ကြီးက အလှူခံမဏ္ဍပ် ဖွင့်လာလေသည်
အံ့သြရပါပေ၏။
တို့တပ်မတော်ကြီးကား နိုင်ငံရေးဦးဆောင်ကဏ္ဍမှာ
မလွှဲမရှောင်သာ ပါနေရရှာသောကြောင့်
တပ်ထောက်ချုပ်ကြီးနှင့် အလွမ်းသင့်ခဲ့စဉ်က
မဟာတိုင်းရင်းသားအဖြစ် အခွင့်ထူးခံခဲ့သော
ဖုန်ကြားရှင်တပ်များအား ခုခံရာမှာ
အောက်ခြေအရာရှိတပ်သားများ ကျဆုံးခဲ့ရရှာသဖြင့်
တပ်စွမ်းရည် ပြည့်သည်ဟု ယူဆရန်ရှိသော
အရပ်ဘက်ပြောင်း၊ ဇွတ်အနားယူခံရ စသဖြင့်
တပ်ပြင်ပမှ တပ်အစား အသည်းယားနေကြသူများကိုပါ
သမင်လည်ပြန် တပ်တာဝန် ထမ်းနိုင်ရေး
အားပေးသင့်ပါကြောင်း အကြံပေးရမည်တည့်
မအံ့သြကြပါနှင့်တော့။
သမ္မတကြီး ဖွဲ့ပေးသည့် စာနယ်ဇင်းကောင်စီကြီးကလည်း
ဝှိုက်ကတ်နီးနီးပင် ယာယီဆိုပြီး ရာသက်ပန်မည့်ပုံဖြင့်
တပ်မတော်သတင်းကို ပုဂ္ဂလိကမီဒီယာများဆီ
အရောက်ပို့ပေးမည်ဟူသည့် အကြောင်းပြချက်နှင့်
တပ်ချုပ်ကြီး၏ တော်ကောက်ခံရပြီးနောက်မှာ
ရလာသမျှ သတင်းအစုစုကို သူ့လက်ထဲမှာ
တစ်ထောက်နားစခန်းအသွင် လက်ကားသိမ်းထားကာ
ကျန်သတင်းသမားများဆီသို့ ချို့ငဲ့လက်လီ ဝေလာပြီး
ကောင်စီဝင်ဂျာနယ်များမှာဖြင့် တစ်ဖက်သတ်ပွင့်လင်းမြင်သာစွာ
ဦးဦးဖျားဖျား ဝေဝေဆာဆာ ဖော်ပြခြင်းမှာ
နိဂုံးကမ္ပတ် အဆုံးသတ်လေတော့၏
အံ့သြကုန်နိုင်ရပါပေ့။
သပိတ်မှောက်ကျောင်းသားများအကြားမှာလည်း
ဖိအားသမားနှင့် ညှိရေးသမားကြား ချိန်ခွင်လျှာကို
အတိမ်းအစောင်း မခံဘဲ ကြိုးပမ်းကြခိုက်
ခေါ်ယူတွေ့ဆုံ သတိပေးခြင်းဖြင့်တစ်နည်း
သဝဏ်လွှာ၊ ကြေညာချက်အဖုံဖုံဖြင့်တစ်သွယ်
ကလီရှေးနည်း တန်ပြန်သပိတ်ဖြင့်တစ်ဖုံ
အမျိုးမျိုး ကြိုးစားကုန်ရှာသော လူကြီးများကြောင့်
ကျန်မိဘပြည်သူများလည်း ရင်ဖိနေရလေသည်
မအံ့သြကြပါတော့နှင့်။
မည်သို့ပင်ဖြစ်စေ နိုင်ငံသားအပေါင်းတို့ကား
စစ်မတိုက်တတ်ဘဲ နိုင်ငံရေးသာ လုပ်စားတတ်သော
နိုင်ငံတော်ကာကွယ်ရေးနည်းမှလည်းကောင်း၊
တော်ကောက်မခံရခင်က အသံကျယ်ခဲ့ကြသလောက်
ဝါဒဖြန့်ချိရေးတပ်၏ ကိုယ်စားလှယ်ဖြစ်နေရှာသော
စာနယ်ဇင်းယာယီကြီး၏ မီဒီယာနည်းဗျူဟာမှလည်းကောင်း၊
ဖိအားနှင့် ညှိနှိုင်းရေး ချိန်ခွင်လျှာကို ဇောက်ထိုးဖြစ်လိုသော
အရှိန်လွန် လူကြီးမင်းများ၏ ဖိအားနည်းဗျူဟာမှလည်းကောင်း
ကင်းဝေးကြပါစေသတည်း။
ပြောင်းဖူးရိုး