ကျောင်းသားသပိတ်မှာ ကြိုးကိုင်သူများ ရှိဟုဆိုပြီးနောက်
ရေအမြောက်မော်တော်ယာဉ်သုံးစီးကို အလှူခံရလိုက်လေရာ
အိမ်နီးချင်းကောင်းကျေးဇူးရှင်ကြီးကလည်း
သပိတ်ကို ဆူပူမှုဟု ဘာသာပြန်တတ်သူကြီးသာမို့
လူစုလူဝေး ဖြိုခွဲရေးယာဉ်လက်နက်အလှူဖြင့်
တို့ပြည်အစိုးရနောက်မှာ ကြိုးစဆွဲလို့ပါတည့်
အံ့သြကုန်နိုင်ပါတော့အံ့။
သပိတ်တပ်တလျှောက် ထွေ/အုပ်သမားများလည်း
လေအမြောက်ဖြင့် အော်မြည်တားဆီးပြီး
ကျောင်းသားများ နားညည်းအောင် ကြံလာသည့်တိုင်
ခြေ/ဥကို ပိုင်သော သပိတ်တပ်သားများက
အာပေါက်မတတ် ရှင်းပြကာ ခရီးဆက်ရသောဟူ၏
အံ့သြမနေကြပါနှင့်တော့။
နိုင်ငံရေးမျက်လှည့်အတတ်ပညာအရာမှာ
တစ်ဖက်ကမ်း ခတ်ရှာသော တို့လူကြီးများကား
ကျောင်းသားသပိတ်အသံ တိုးတိတ်သွားရန်အတွက်
ဝှိုက်ကတ်ပြဿနာကို အစဆွဲထုတ်လာပြန်သည်
အံ့သြကုန်နိုင်ရပါ၏။
ပြည်သူ့ဝန်ဆောင်မှုမီဒီယာကြီးက
အမျိုးသားအကျိုးစီးပွားအတွက် ပါတီစွဲမထားရေး ပြောသည့်
ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းကို ဖော်ပြသော်လည်း
မည်သည့်အခါကမျှ အတိုက်အခံများ၏အသံကို
သူ့စာမျက်နှာမှာ မဖော်ပြဖူးဘဲ
အာဏာရပါတီကြီး၏အသံကိုသာ ဖော်ပြကောင်းဆဲပါတည့်
အံ့သြရပါသည်။
ငြိမ်းချမ်းရေးဇာတ်လမ်းမှာလည်း
အခန်းဆက်အသစ်ကို ပြည်ထောင်စုနေ့မှာ
ပျော်ရွှင်စွာ ကြည့်ရတော့မလိုလိုနှင့်
အကြောင်းကြောင်းသော အကြောင်းကြောင်းများကြောင့်
တစ်ပြီးရင်း တစ်၊ ထစ်ပြီးရင်း ထစ်ခဲ့ရာမှ
အိမ်နီးချင်းကျေးဇူးရှင်မြေမှာ အခြေစိုက်သည့်
ဖုန်ကြားရှင်တပ်ကြီး ပေါ်လာသည်ထိ
ကမ္ဘေကမ္ဘာ ကြန့်ကြာနေပြန်သောဟူ၏
အံ့သြကုန်နိုင်ပါရဲ့လား။
တို့ပြည်တို့ရွာက နိုင်ငံရေးသမားအချို့ကလည်း
ရှေ့လုပ်ငန်းစဉ်ကို ယတိပြတ် မချနိုင်ရကား
သပိတ်တပ် အခြေအနေကောင်းလာသည်နှင့်
ပညာရေးတောင်းဆိုမှုလောက်ကို မတင်းတိမ်နိုင်ဘဲ
အစိုးရ ပြုတ်ကျရေးပဲ လုပ်တော့မလိုလို
သွေးလေခြောက်ခြား စကားအပိုများလည်း
အမုန်းမီးပွား တောက်လောင်စွာ ထွက်လာလေသည်
နဂိုတည်းကမှ ငိုချင်လျက်ပေမို့
လက်တို့မည့်သူ မျှော်နေသော အာဏာပိုင်များအတွက်
သဟောက်သဟဲ ကြေညာချက်များ ထွက်နိုင်ရန်
လမ်းစကြီးမှာလည်း ပေါ်သထက် ပေါ်သောဟူ၏
အံ့သြကုန်နိုင်ကြပါပေ့။
မည်သို့ပင်ဖြစ်စေ နိုင်ငံသားအပေါင်းတို့ကား
သပိတ်နှင့် ဆူပူမှု မခွဲတတ်သူများဘေးမှလည်းကောင်း၊
ကျေးဇူးရှင်နှင့် ကြိုးကိုင်သူ မကွဲပြားခြင်းဘေးမှလည်းကောင်း၊
ကင်းဝေးကြပါစေကြောင်း ဆုတောင်းအပ်သတည်း။
ပြောင်းဖူးရိုး