မိုးကြီးငြိမ်းသို့ ငြိမ်းစေသတည်း

ဓမ္မနိုင်ငံသားအဖြစ်

တရားသဖြင့် မိမိရထိုက်တဲ့

အကျိုးခံစားခွင့်မှတစ်ပါး

အလကား ဘာမှမယူလိုတဲ့

မတရား ဘာမှမရလိုတဲ့

အဓမ္မ ဘာမှမပြုလိုတဲ့ စိတ်ယဉ်ကျေးမှုဟာ

တစ်ခါက မြန်မာ့လူ့အဖွဲ့အစည်းရဲ့တန်ဖိုးပါ

ဗိုလ်ချုပ်အောင်ဆန်းဟာ ဒီလိုတန်ဖိုးရဲ့ သင်္ကေတ။

 

လွတ်လပ်ရေးဆိုတာ တောင်းယူလို့မရ

လုပ်ယူမှရမယ် တိုက်ယူမှရမယ်

အင်အားက အင်အားကိုပဲ ခန့်ညားတယ်

ဗိုလ်ချုပ်အောင်ဆန်းဟာ ဒီလိုအင်အားရဲ့အမှတ်အသား

သူဦးထိပ်ထားတာ ညီညွတ်ရေး ငြိမ်းချမ်းရေး

ညီညွတ်ရေး။

 

ဗိုလ်ချုပ်တို့ရင်ဝက စတင်စီးဆင်းခဲ့တဲ့

သွေးတွေ အခုထိ ဆက်လက်စီးဆင်းဆဲ

အမျိုးသားချင်းသတ်ဖြတ်တဲ့ ညှော်နံ့ဆိုးကြီး

ရပ်တန်းက ရပ်ပါတော့ သွေးတွေတိတ်ပါတော့

ဟင်္သာကိုးသောင်းဇာတ် ရပ်ပါတော့

ဒဏ်ရာဟောင်းတွေ ပျောက်ကင်းပြီး

မြန်မာပြည်သစ် တည်ဆောက်ဖို့အချိန်

နောက်ကျသထက် နောက်ကျလှပါပြီ

အဖိနှိပ်ခံရသူနဲ့ ဖိနှိပ်သူတို့နှစ်ဖက်လုံး

လွတ်မြောက်ငြိမ်းချမ်းဖို့ဟာ

လူတိုင်းကိုယ်စီ ကြိုးပမ်းကြဖို့ပါ။

 

ဗိုလ်ချုပ်အောင်ဆန်းဟာ အမျိုးသားသူရဲကောင်း

သူ့လိုကောင်းဖို့ သူ့နည်းကိုယူကြမှ

အမျိုးသားသစ္စာဖောက်တွေက

ဗိုလ်ချုပ်ရဲ့အသက်ကို လုပ်ကြံသတ်ဖြတ်လိုက်ကြတယ်

နောက်ချန် အမျိုးသားသစ္စာဖောက်တွေက

ဗိုလ်ချုပ်ရဲ့ အတ္ထုပ္ပတ္တိကိုပါ ထပ်မံလုပ်ကြံကြပါတယ်

ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံတွေကို

နံရံပေါ်ကနေ ဖြုတ်ချခဲ့ကြတယ်

ဗိုလ်ချုပ်အောင်ဆန်းအကြောင်းတွေကို

ကျောင်းသုံးစာအုပ်တွေထဲကနေ ထုတ်ပစ်ခဲ့ကြတယ်။

ဗိုလ်ချုပ်အောင်ဆန်းပုံတွေကို

ငွေစက္ကူတွေပေါ်က ဖယ်ပစ်ခဲ့ကြတယ်။

ဘယ်လိုပယ်ဖျက်လို့မှ မရနိုင်တာကတော့

လူထုရင်ထဲက ဗိုလ်ချုပ်အောင်ဆန်းကိုပါ။

အနီးကပ်ကာလ ဒေါ်အောင်ဆန်းစုကြည်နဲ့

သမ္မတကြီး ဦးသိန်းစိန်တို့ တွေ့ဆုံပွဲမှာမှ

ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကို အမြင့်မှာ ပြန်မြင်ရတယ်

အမုန်းရဲ့အဆုံး၊ အချစ်ရဲ့အစ၊ ငြိမ်းချမ်းရေးရဲ့မုခ်ဦး

တကယ့်အစစ်အမှန် ဖြစ်ပါစေတော့။

 

ကြီးမြတ်သူတွေဟာ

ဘာသာရေးကို မိတ်ဆွေပွားဖို့ အသုံးပြုတယ်

ဗုဒ္ဓဘာသာကို

နိုင်ငံတော်ဘာသာအဖြစ် အဆိုတင်မယ်လုပ်တော့

ဗိုလ်ချုပ်က ပျာပျာသလဲတားခဲ့တယ်

လူတွေရဲ့အကြောင်းကို စမ်းသပ်ချက်ဟာ

ကိုယ့်လူမျိုးကို ကိုယ်ဘယ်လိုသဘောထားတယ်ဆိုတာနဲ့

စမ်းစစ်ကြည့်ရင် သိနိုင်ပါတယ်

လိင်အကြမ်းဖက်မှုကို

လက်နက်သဖွယ် အသုံးပြုသတဲ့လား

အဆုံးအစမရှိတာ နှစ်ခုရှိတယ်

တစ်ခုက အနန္တစကြာဝဠာကြီး

နောက်တစ်ခုက လူတို့ရဲ့ မိုက်မဲရက်စက်မှု

ပထမတစ်ခုက

သိပ်မသေချာဘူးလို့ အိုင်းစတိုင်းက ဆိုလေတော့

နောက်တစ်ခု

လူတို့ရဲ့ မိုက်မဲရက်စက်မှုက သေချာနေပြီပေါ့

 

စစ်ရဲ့သဘောက ကြာလေ ရက်စက်ကြမ်းတမ်းလေ

ကျွန်တော်တို့ မြန်မာမြေမှာ

ပြည်တွင်းစစ်မီးကြီး နှစ် ၇၀ ချဉ်းလုပြီ

အမျိုးသားစာဆိုကြီးဇော်ဂျီရဲ့]]စစ်နဲ့လုလင်}}ကဗျာထဲမှာ

သေမင်းသခင်၊ သွေးနတ်ဝင်သည်

လုလင်မထိန်းနိုင်ခဲ့ပြီ တဲ့လေ

သွေးနတ် သွေးနတ် သွေးနတ်တဲ့

တွေးတတ်ရင် ဓမ္မစစ်ကိုမြင်ရမယ်

ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှုမှတစ်ပါး

အခြားမရှိပါ။

စဉ်းစားတွေးခေါ်အရှည်မြော်မြင်မှုမှာ

ကျင့်သားမရသေးသူတွေရဲ့

နဖူးပြောင်ချော်ချော်တွေပေါ်မှာ

ဒီမိုကရေစီဟာ တဘိုင်းဘိုင်းလဲကျနေရ

ငြိမ်းချမ်းရေးဟာ တဘိုင်းဘိုင်းလဲကျနေရ။

 

အမျိုးသားစာဆိုကြီး မင်းသုဝဏ်ရဲ့ကဗျာ

မေတ္တာသုတ်

ဒေါသဖြစ်၍

ပူခြစ်လောင်တောက်၊ ငါ့စိတ်ဖောက်သည်

မြွေဟောက် ပါးပျဉ်းနှယ်တကား။

 

စာပေနှီးနှော၊ စကားပြောက

ဒေါသပြေခဲ့ဘူး၏ရှင့်။

 

စာပေကြည့်လျက်၊ ကြံလေ့ကျက်က

အမျက်ပြေခဲ့ဘူး၏ရှင့်။

 

ဤတစ်ခါမူ

ပူသည် ဒေါသ၊ ထသည် အမျက်

ထွက်သည်စိတ်ကြမ်း၊ မနိုင်စွမ်း၍

အေးချမ်းမေတ္တာ၊ သုတ်ကိုနာသော်

ပမာတောက်ညီး၊ တောင်ထက်မီးကို

မိုးကြီးငြိမ်းသို့ ငြိမ်းသတည်း။

 

အောင်ဆန်းမျိုးဆက်ဆိုတာ

အောင်ဆန်းစိတ်ဓာတ်ရှိသူတွေကို ခေါ်တာ

ငြိမ်းချမ်းရေးချစ်သူတွေကို ခေါ်တာ

ဒီမိုကရေစီချစ်သူတွေကို ခေါ်တာ

အလင်းရောင်ဘက် ဦးလှည့်ပေါက်လာမဲ့

သစ်စေ့တွေ များသထက်များ

ပွားသထက် ပွားလာမှာ သေချာ။

 

မိုးကြီးငြိမ်းသို့ ငြိမ်းစေသတည်း။

မိုးကြီးငြိမ်းသို့ ငြိမ်းစေသတည်း။

မိုးကြီးငြိမ်းသို့ ငြိမ်းစေသတည်း။

(ဗိုလ်ချုပ်အောင်ဆန်း

အသက်ရာပြည့်အတွက် ဂါရဝဖြင့်)

 

မောင်အောင်ပွင့်

Leave a Reply

Your email address will not be published.