မြန်မာပြည်၏ အာဇာနည်မိခင်များကဲ့သို့ နိုင်ငံရေးစနစ်ဆိုးများကို ရဲဝံ့စွာ ရင်ဆိုင်အန်တုနေသည့် အန်တီစမ်း

ဆရာဖေမြင့်တို့ ဦးဆောင်ကျင်းပသည့် နိုဘယ်-မြန်မာစာပေပွဲတော်၌ အာဇာနည်မိခင်ပြဇာတ်တိုကို ကြည့်ခဲ့ရသည်။ ဆရာစံတော်လှန်ရေးကာလအတွင်း သားဖြစ်သူကို ရက်ရက်စက်စက်ကြီး နှိပ်စက်နေသည့်တိုင် ဆရာစံတို့ ပုန်းကွယ်နေသည့် အရပ်ကို ရေငုံနှုတ်ပိတ်ကာ အံကြိတ်ခံရင်း ပစ်သတ်ခံရသည့်သားအတွက် အာဇာနည်သားဟု ကြုံးဝါးလေသည့်မိခင်။
ယခု အန်တီစမ်းသည် မျက်မှောက်ဘဝထဲ၌ တကယ့်အာဇာနည်မိခင်များထဲမှတစ်ဦး။ မြန်မာ့နိုင်ငံရေး ဖြစ်ရပ်ဆိုးပေါင်း များစွာကြောင့် တိုင်းနှင့်ပြည်နယ်အနှံ့ အာဇာနည်မိခင်များ ပေါ်ထွန်းခဲ့ကြသည်ပင်။ စစ်အာဏာရှင်လက်ပါးစေ ထောက်လှမ်းရေးတို့၏ ကမ်းကုန်အောင် ရက်စက်ညှဉ်းပန်းမှုများကို သက်သေပြနေမြဲ။ အန်တီစမ်းအကြောင်းကို နိုင်ငံရေး အကျဉ်းသူများ ရေးသားသည့်စာအုပ်များ၊ ပြန်ပြောင်းပြောပြချက်များအရ ဟိုးယခင်ကပင် ကြားသိရပြီးပြီ။ သားနှစ်ယောက် လုံး ပြည်ပြေးဖြစ်၊ ကိုယ်တိုင်အကြိမ်ကြိမ် စစ်ဆေးခံရ၊ ဖမ်းဆီးခံရ၊ စီးပွားဥစ္စာများ ဆုံးရှုံး၊ သားဖြစ်သူများ အဖမ်းခံရချိန်တွင် ရက်ရက်စက်စက် နှိပ်စက်ခံရသည်ကို ကြုံခဲ့ရ၊ အိမ်ကို လာဝိုင်းခံရ၊ ငွေကြေးများ သိမ်းဆည်းခံရ၊ ကျောင်းသားလှုပ်ရှားမှု၊ ရွှေဝါရောင်တော်လှန်ရေးတို့ကြောင့် ဒုက္ခများစွာကို ခါးစည်းခံရင်း ဒီကနေ့ထိ နိုင်ငံရေးရပ်တည်ချက် မပျက်ယွင်းသေးသည့် အန်တီစမ်းနှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။
အန်တီစမ်းတို့ ညီအစ်မများသည် မွေးကတည်းက နိုင်ငံရေးအုပ်စုတွင် မွေးဖွားခဲ့ကြသူများပင်။ ဖခင်က သခင်အုပ်စုများ ကြားကလူ။ အန်တီစမ်းကို တို့ဗမာအစည်းအရုံးဌာနချုပ် (လက်ရှိ ပန်းချီ၊ ပန်းပုသင်တန်းကျောင်းဟောင်း)၊ ကိုယ့်မင်း ကိုယ့်ချင်းလမ်းတွင် မွေးဖွားခဲ့သည်။ သခင်လူမင်း၊ ဝန်ကြီးချုပ်ဟောင်း ဦးဘဂျမ်းတို့လက်တွင် ကြီးပြင်းလူလားမြောက်ရ သည်။ ဝန်ကြီးချုပ် ဦးဗဆွေ၏ သားသမီးများက အန်တီစမ်း၏ အစ်မတွေနှင့် ကျောင်းနေဖက်များ။ ငယ်စဉ်ကပင် ရင်းနှီး ကျွမ်းဝင်ခဲ့ကြသူများ။
“အဲဒီတုန်းက အန်တီက ကျောင်းနေခါစပဲ ရှိသေးတယ်။ သိပ်မမှတ်မိဘူး။ ဗိုလ်ချုပ်တို့ကျဆုံးတော့ အန်တီက မမွေးသေးဘူး။ အန်တီ့အစ်မကို သခင်လူမင်းက ခေါင်းရိတ်ပေးနေတုန်း ဖုန်းဝင်လာတော့ အဖေနဲ့ သခင်လူမင်းနဲ့ ကားနဲ့ပြေးသွားကြတာတဲ့။ အခြေအနေတွေ သွားကြည့်ကြတာ။ ဒါကြောင့် အန်တီငယ်ငယ်လေးထဲက ဗိုလ်ချုပ်တို့အကြောင်းတွေ၊ အာဇာနည်နေ့တွေ ဆိုတာ လူကြီးတွေပြောပြလို့ ခဏခဏ ကြားနေရတယ်။ စာမဖတ်ရဘဲ သိနေတယ်။
ဘဘ ဦးဘဂျမ်းက အမြဲဆုံးမပါတယ်။ ဘယ်လိုမလုပ်သင့်တဲ့အကြောင်း၊ လုပ်သင့်တဲ့အကြောင်း၊ သူတို့ ဘယ်လိုဖြတ်သန်း ကြီးပြင်းတဲ့အကြောင်းတွေ ပြောပြတယ်။ ဗိုလ်ချုပ်တို့ကျဆုံးတော့ သူလည်း အတူရှိနေတာဆိုတော့ ဘယ်လို ကျတယ်၊ သူ့လက်သန်းလေးကို ထိသွားတယ်။ သူလှိမ့်ပြီး အခန်းထဲဝင်လိုက်လို့ လွတ်သွားတယ်၊ သူ့ကို သေပြီဆိုပြီးတော့ ထားသွားတဲ့ အကြောင်းတွေ ပြောပြောပြနေကြ။
သန့်ရှင်းနဲ့တည်မြဲကွဲကြတော့ အဖေက တည်မြဲဘက်ကဆိုတော့ ဦးဗဆွေ၊ ဦးကျော်ငြိမ်းဘက်ကပေါ့။ အဖေက ဦးဗဆွေနဲ့ ခင်တယ်။ ဒီနားမှာပဲနေကြတာဆိုတော့ အမြဲတမ်းတွေ့တယ်၊ စကားပြောဖြစ်ကြတယ်။ ဦးဗဆွေသမီးတွေကလည်း အန်တီ့အစ်မနဲ့ စိန့်ဖလူးဝစ်မှာ အတူကျောင်းတက်ကြတော့ ခင်နေကြတာပေါ့။ အန်တီတို့က ဗလစကပဲ။ ဦးစိုးမင်း၊ ဒေါ်ကြည်ကြည်တို့ဆိုရင် သိနေ၊ ခင်နေကြတယ်။ ဒါကြောင့် နိုင်ငံရေးက သွေးထဲမှာပါလာပြီးသား ဖြစ်နေတာပေါ့။
၈၈ ကိုရောက်တော့ မောင်ဌေးကြွယ်တို့၊ မင်းဇေယျာတို့နဲ့ပေါ့။ အဲဒီတုန်းက သူတို့သူငယ်ချင်းတွေ မကဒ ထူထောင်ကြ မယ်ဆိုပြီး လုပ်ကြတယ်။ အန်တီ့သားအငယ် ညီညီအောင်က အဲဒီမတိုင်ခင်ကတည်းက မတ်လ ၁၈ ရက်မှာကတည်းက အဖမ်းခံခဲ့ရတယ်။ သူက ၉ တန်းကျောင်းသားပဲ ရှိသေးတယ်။ ကျောင်းသားလှုပ်ရှားမှုဝင်လုပ်ရင်း အပြင်မှာ အဖမ်းခံလိုက်ရတာ။ မောင်ဌေးကြွယ်တို့က ကျောင်းထဲမှာ နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်နေပြီ။
အန်တီ့သား အဖမ်းခံရပြီး ပြန်လွတ်လာချိန်မှာ အောက်ပိုင်းတွေ တော်တော်လေး ချိနေပြီ။ အထဲမှာ ရိုက်နှက်ညှဉ်းပန်း ခံထားရတာကိုး။ ပါသမျှ အကုန်ယူတယ်၊ သိမ်းတယ်။ ပြန်လွတ်လာတော့ ကလေးက တော်တော်လေးကို နှိပ်စက်ခံထားရပြီ”
ထိုကာလမှစ၍ အန်တီစမ်းတို့မိသားစု၏ နိုင်ငံရေးခရီးကြမ်းကြီး အစပျိုးခဲ့သည်။ စစ်အာဏာသိမ်းချိန်တွင် သားနှစ်ယောက် စလုံး တောခိုသွားကြသည်။ အန်တီစမ်းတို့အိမ်က ကိုဌေးကြွယ်၊ ကိုမင်းဇေယျာ၊ ကိုစည်သူ၊ ကိုအာနိုးနှင့် ကျောင်းသား အပေါင်းတို့ ဝင်ထွက်ကျင်လည်ရာ ဖြစ်ခဲ့သည်။ ထို့ကြောင့် စစ်အစိုးရလက်ထက်တွင် အထူးစောင့်ကြည့်ခံရသည်။ နည်းမျိုးစုံ ဖိနှိပ်ခံရသည်။ ကိုကိုအောင် အလင်းဝင်လာပြီးချိန်တွင် စစ်အစိုးရ၏ ဇာတိရုပ်က ဖုံးကွယ်မရတော့။ အကြိမ်ကြိမ်ဖမ်းသည်။ နည်းမျိုးစုံ ဒုက္ခပေးသည်။ နောက်ဆုံး စီးပွားပျက်သည်အထိ ရက်စက်ယုတ်မာခဲ့သည်။ ထောက်လှမ်းရေးဗိုလ်ချုပ်ကြီး ဦးခင်ညွန့်၏ လက်ရာများပင်။
“ကိုကိုအောင့်ကို ဖမ်းတော့ စကော့ဈေးမှာဖမ်းတာ။ ထွန်းအောင်နိုင်ပါတယ်၊ မျိုးကြီး (အောင်မျိုးတင့်)ပါတယ်။ မတ်လ ၁၃ ရက်နေ့။ ဖမ်းတဲ့အချိန်မှာ လူတွေကဝိုင်းတော့ ဆေးမှုနဲ့ဖမ်းတာလို့ ပြောတယ်။ အဲဒီမှာ မျိုးကြီးက ပြောတယ်။ ကလေး နှစ်ယောက်ကို ပြန်လွှတ်ပေးပါ၊ ကျွန်တော့်ကိုပဲခေါ်ပါ ဆိုတာ မျိုးကြီးကို ဝိုင်းရိုက်ကြတယ်။ သားက ပြောပြတာပါ။ အမေရယ် စဉ်းစားကြည့်ပါဦး၊ ကိုမျိုးကြီးကို အဲဒီမှာတင်ရိုက်ကြတာတဲ့။
အဲဒီလိုနဲ့ သူတို့ကို ခေါ်သွားတယ်။ ထောက်လှမ်းရေး-၆ က ခေါ်သွားတာ။ နှိပ်စက်ကြတာပေါ့လေ။ နည်းလမ်းပေါင်းစုံနဲ့ နှိပ်စက်ပြီးတော့ ပြန်လွှတ်ပေးလိုက်တဲ့အချိန်မှာ မြော့မြော့လေးပဲ ကျန်တော့တယ်။ အဲဒါ အန်တီတို့ သွားရွေးကြရတယ်။ ပန်းဘဲတန်းမှာပဲ သွားရွေးရတာ။ တရားရုံးလည်း မတင်ဘဲနဲ့ သက်သက်နှိပ်စက်ခဲ့ကြတာ။ သားအငယ် ညီညီအောင်က ဒီသတင်းတွေကြားတော့ ဘယ်ပြန်လာရဲပါတော့မလဲ။ စမ်းချောင်းမဝတက ကိုကိုအောင့်ကို ခဏ၊ ခဏ ခေါ်စစ်တယ်။ အဲဒီတုန်းက မဝတဥက္ကဋ္ဌက ဗိုလ်မှူးနေဝင်းပေါ့။
သားကို အဲဒီလို မကြာခဏ လာလာဖမ်းနေတော့ အန်တီစိတ်ဆင်းရဲတာပေါ့။ ကဲ၊ သားပတ်စ်ပို့စ်လျှောက်၊ နိုင်ငံခြားကို မေမေပို့မယ်။ သားအဖေကိုလည်း ဆက်သွယ်ကြည့်ပေါ့ဆိုပြီး စီစဉ်တယ်။ သားကို အဲဒီကနေစပြီး ဘန်ကောက်ကို လွှတ်လိုက်တယ်။ သားလည်း ပြန်မလာရဲတော့ဘူး။ နောက်တော့ သားတွေကိုလွမ်းလို့ အန်တီ ဘန်ကောက်ကို လိုက်သွား တယ်။ အဲဒီမှာပဲ ညီညီအောင်က ဆန္ဒပြလို့ အဖမ်းခံနေရပြန်ရော။ ၁၉၉၁ ခုနှစ်ပေါ့။
အန်တီ ပြန်ရောက်လာပြီးတဲ့နောက်ပိုင်း ထောက်လှမ်းရေးက တစ်ချိန်လုံး အိမ်မှာလာစောင့်ကြည့်နေတယ်။ ကိုကိုအောင်ရှိတုန်းက လက်ဖက်ရည်ဆိုင်ဖွင့်မယ်ဆိုပြီး စမ်းချောင်းမီးသတ်ဘေးမှာ ‘မာန်’ ဆိုတဲ့နာမည်နဲ့ လက်ဖက်ရည်ဆိုင် ဖွင့်ကြတယ်။ အဲဒီမှာ လှမျိုးနောင်တို့လည်း ဝင်ထွက်နေတာပေါ့။ လက်ဖက်ရည်ဆိုင်ဖွင့်တယ်ဆိုတာ အာဏာပိုင်တွေကို အသိပေးပြီးမှဖွင့်တာ။ လျှောက်လွှာလျှောက်ရတယ်။ မဝတကို တင်ရတယ်။ သူတို့ခွင့်ပြုမှ ဖွင့်ရတာ။ မဝတက ခွင့်ပြုတယ်။ ဆိုင်လည်းဖွင့်ပြီးရော သူတို့က လှမျိုးနောင်အိမ်ကိုလာတယ်။ အစည်းအဝေးလုပ်တယ်။ အိမ်ကို လူငယ်တွေခေါ်လာတယ်တဲ့။ အန်တီတို့လည်း လှမျိုးနောင်ကို ဘာမှမေးမြန်းနေတာမရှိဘူး။ ဟိုကတည်းက အိမ်ကို ဒီလိုပဲ ဝင်ထွက်နေကြ။ သူဘာလုပ်တယ်၊ ဘာကိုင်တယ် ဝင်မစွက်ဖက်ပါဘူး။ အဲဒီမှာ အာဏာပိုင်တွေက လှမျိုးနောင်ကို လိုချင်တယ်၊ လိုက်ရှာနေတယ်တဲ့။ ဟုတ်ပြီ၊ အန်တီတို့ ခွင့်ပြုတယ်၊ ရှာပါ။ ထောက်လှမ်းရေးတွေထဲကတစ်ယောက်က အိမ်မှာ စောင့်၊ တစ်ယောက်က ဆိုင်မှာစောင့်တယ်။ လှမျိုးနောင်လာရင် ဖမ်းချင်ဖမ်းပေါ့။ ဒါပေမဲ့ ဆိုင်ကိုတော့ မနှောင့်ယှက်ဖို့ အန်တီပြောတယ်၊ အန်တီတို့ တားတယ်။ မရပါဘူး။ လှမျိုးနောင်ကိုလည်း ဖမ်းလို့မမိ။ အန်တီတို့ဆိုင်လည်း အဖျက်ခံရတယ်။ ဆိုင်က ငှားရတာလေ။ လခတွေလည်းဆုံး၊ ပစ္စည်းတွေလည်း ဝယ်ခြမ်းထားရတာ အကုန်ဆုံး။ ဆိုင်က ရက် ၄၀ ပဲ ဖွင့်လိုက်ရတယ်။ လုပ်ထားသမျှ အကုန်ဆုံးရှုံးတာပဲ။
အဲဒီလက်ဖက်ရည်ဆိုင် ဖွင့်နေတုန်းမှာလည်း ခဏခဏ ကိုကိုအောင်ကို ထောက်လှမ်းရေးက လာခေါ်တယ်။ စစ်တယ်။ အကြိမ်ပေါင်းများစွာ နှိပ်စက်ခံရတယ်။ နောက်ဆုံး သားကြီး ကိုကိုအောင် ပြည်ပကို ပြန်ထွက်သွားရတော့တယ်။ နောက်ပိုင်းတော့ အဖမ်းခံရတာက အန်တီတို့ ညီအစ်မပေါ့”
အန်တီစမ်းသည် သားနှစ်ယောက်ကို အကြောင်းပြု၍ စစ်ထောက်လှမ်းရေး၏ အကြိမ်ကြိမ်ဖမ်းဆီးမှုကို ခံရတော့သည်။ ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်းတွေ ပုန်းရှောင်ရသည်။ မလွတ်။ ထိုဖမ်းဆီးခံရမှုတွင် ငွေသား သိန်းရာကျော် မတရား သိမ်းဆည်းခံရသည်။ ပြန်ပေးပါမည်ဆိုသော်ငြား ယနေ့ထိ ပြန်မရသေး။ မိခင်သတင်းကိုကြားရ၍ ကိုညီညီအောင် မြန်မာပြည်ကို ပြန်လာသည်။ လေဆိပ်မှာပင် ဖမ်းဆီးကာ လူမဆန်အောင် နှိပ်စက်ခံရတော့သည်။
“အန်တီ့ကို စစ်ဆေးနေရင်းနဲ့ ခုံပေါ်ကနေ လဲကျသွားတယ်။ ဗိုက်အောင့်ပြီး ခုံပေါ်ကနေ ပြုတ်ကျသွားတာ။ သူတို့ကိုလည်း မမြင်ရဘူး။ မျက်နှာကို စည်းထားရတာလေ။ တံခါးခေါက်သံကြားတာနဲ့ မျက်နှာကို စည်းရတယ်။ သူတို့ကပဲ အန်တီတို့ကို မြင်ပြီး တဝါးဝါး တဟားဟားနဲ့ ဟားတိုက်နေကြတာ။ အန်တီတို့က အကန်းတွေလို နေရတာ။ ဖြေရတာ၊ ပြောရတာတွေကို သူတို့က တဝါးဝါး၊ တဟားဟား လုပ်ကြတာ။ ရက်စက်ယုတ်မာကြတာတွေလေ။
အဲဒီလိုတွေ လုပ်ကြတာဆိုတော့ အန်တီ့သားတွေက ဘယ်ပြန်လာရဲပါ့မလဲ။ သူတို့က ပြောသေးတယ်။ အန်တီ့သားတွေကို ခေါ်ပေး။ အရှင်လတ်လတ် အရေခွံဆုတ်ပစ်မယ်တဲ့။ အန်တီလေ အဲဒါတွေ ပြန်မတွေးချင်ဘူး။ ဝမ်းနည်းတာပေါ့။ အန်တီ့သားနှစ်ယောက်ကို သူတို့ နှိပ်စက်ခဲ့ကြတာတွေ ပြန်မတွေးချင်ပါဘူး။ ပြန်တွေးမိတိုင်း ရင်ထဲမှာ ဆို့နင့်ရပါတယ်။ စိတ်မကောင်း ဖြစ်ရတယ်။ သူတို့လေးတွေ ရက်ရက်စက်စက်နှိပ်စက်ခံခဲ့ကြရတယ်။ ဒါတွေလည်း ပြန်မပြောချင်ပါဘူး သား ရယ်။ အခုက ပြောရင်းနဲ့ သတိရလာလို့ပါ။ မေ့ထားတာတွေ ပြန်ပေါ်လာတာပါ။
အန်တီစမ်းကပြောရင်း ငိုရှိုက်သည်။ မေးမြန်းသူကိုယ်တိုင် ရင်ထဲ၌ ဆို့နင့်လာသဖြင့် ခေတ္တနားလိုက်ရသည်။
အခုတလော အာဏာပြန်သိမ်းချင်သူကြီးတွေကို သိစေချင်လှသည်။ အာဏာ၏ ရက်စက်မှု၊ မိုက်မဲမှု။ ကြောက်စရာ အကန်း၊ အရိုင်းဖြစ်စဉ်များနှင့် မြန်မာ့နိုင်ငံရေးကို အမည်းစက်ပုံရိပ်များ ထပ်ဖန်တီးကြဦးမည်လော။ တော်လောက်ပြီ ထင်ပါသည်။ အာဇာနည်မိခင်တို့၏ မျက်ရည်များဆက်၍မစီးဆင်းစေသင့်တော့။ စစ် အာဏာရှင်တို့အတွက် သင်ခန်းစာများ မလုံလောက်သေးလျှင် မြေကမ္ဘာသည် စိစိညက်ညက် ကြေသွားပါလိမ့်မည်။
အန်တီစမ်းနှင့်တကွ မြန်မာပြည်အရပ်ရပ်ရှိ အာဇာနည်မိဘပေါင်းများစွာတို့ ဆက်၍ရင်ဆီးမခံသင့်တော့ပြီဖြစ်ကြောင်း ပဲ့တင်သံမှ ဆုတောင်းနေပါသည်။
ဝ၆၁

Leave a Reply

Your email address will not be published.