ထိလွယ်ရှလွယ်သောနိုင်ငံရေးစိန်ခေါ်မှုများသည့် ၂၀၁၅ ခုနှစ် နိုင်ငံတော်၏ ကံကြမ္မာ

နေ၊ လ၊ ဂြိုဟ်များ ဖြောင့်သွားတဖြာ၊ မိုးမှန်စွာနှင့် သြဇာတက်ဖြိုး၊ သီးမျိုးပေါရယ်၊ အန္တရာယ်ကင်းငြိမ်း၊ စစ်ထွက်လည်း ကင်း၊ ချင်းချင်းညီညွတ်၊ဖြောင့်မတ်တရား၊ သုံးပါးရတနာ၊ ရိုသေစွာလျက်၊ သံဃာရဟန်း၊ စောင့်မှန်အကျင့်၊ ဤဆယ်ဆင့် ကား၊ လင်းပွင့်တိုင်းပြည်သာကြောင်းတည်းဟု မာန်လည်ဆရာတော်၏ ဆိုမိန့်ချက်နှင့် ၂၀၁၅ ခု မြန်မာ့နိုင်ငံရေးအခြေအနေ ကို တိုက်ဆိုင်ကြည့်ပါက များစွာတူညီနေသည်ကို တွေ့ရှိရမည်။ နိုင်ငံတော်၏ဇာတာကို ကောင်းကင်ဂြိုဟ်၊ နက္ခတ်တို့ အမြင်အယှဉ်များအရ မြန်မာ့နိုင်ငံရေးသမိုင်းတွင် ကျန်ရစ်မည့်ဖြစ်စဉ်များစွာ ရှိနေကြောင်း သိရီပတိဇာတာကို အခြေခံ၍ တွေ့မြင်နိုင်သည်။
ထိလွယ်၊ ရှလွယ်သော အခက်အခဲများမှ လွတ်မြောက်နိုင်မည့် နှစ်စပိုင်း
၂၀၁၅ ခုနှစ်စပိုင်းမှစ၍ ကောင်းကင်ရှိ ကြာသပတေးဂြိုဟ်နှင့် ပါပအပူဂြိုဟ်များ လွှမ်းမိုးမှုများ စတင်ချိန်နှင့် အတူ အခြေခံဥပဒေပြင်ဆင်ရေး၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများကျင်းပနိုင်ရေး၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး၊ အမျိုးသားပညာရေးဥပဒေစသည့်ထိလွယ်ရှလွယ်သော အရေးကြီးသည့် စိန်ခေါ်မှုများကို နိုင်ငံတော်အစိုးရ အနေဖြင့် အမြော်အမြင်တရား၊ ဆင်ခြင်တုံတရားရှိရှိနှင့် ဖြေရှင်းနိုင်မည်ဖြစ်ပြီး အခက်အခဲများမှ လွတ်မြောက်နိုင်မည် ဖြစ်သည်။
အခြေခံဥပဒေပြင်ဆင်ရေးအတွက် ထူးခြားဖြစ်စဉ်
၂၀၁၅ ခု သြဂုတ်လဆန်းကာလပိုင်းတွင် ကောင်းကင်ရှိ ကြာသပတေးဂြိုဟ်နှင့် စနေဂြိုဟ်တို့ အထူးအမြင်ရှိသော ဖြစ်စဉ် တစ်ရပ် နိုင်ငံတော်ဇာတာတွင် ဖြစ်ပေါ်မည်။ ထိုဖြစ်စဉ်ကြောင့် ပြည်သူ့လွှတ်တော်(သို့) လွှတ်တော်တရားရုံးမှ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးတွင် ပြည်သူများ စိတ်ဝင်စားနေသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နိုင်၍ အများပြည်သူတို့ ကျေကျေနပ်နပ် လက်ခံကြိုဆိုကြလိမ့်မည်။ အခြေခံဥပဒေပြင်ဆင်ရေးကြိုးပမ်းဆောင်ရွက်ရာတွင် တစ်စိတ်တစ်ဒေသ အောင်မြင်မှုများရရှိလာနိုင်မည်။
ပြည်တွင်းငြိမ်းချမ်းရေးရလဒ်ကောင်း ပေါ်ထွက်နိုင်သော်လည်း ကြန့်ကြာဦးမည့် နှစ်လယ်ကာလ
၂၀၁၅ ခုနှစ်သည် နိုင်ငံတော် ဇာတာဂြိုဟ် အစီးအနင်း၊ အဋ္ဌဝဂ္ဂစက်များအရ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်များ တိုင်းရင်းသားအရေးကိစ္စရပ်များသည် ကြိုးစားအားထုတ်မှုများ နှောင့်နှေးကြန့်ကြာသည့်တိုင် ကောင်းကျိုးရလဒ်ကောင်း များ ထွက်ပေါ်လာနိုင်ကြောင်း ကောင်းကင်ရှိ ကောဇာစနေဂြိုဟ်သည် ကောင်းသောနေရာဌာနပေါ်မှ ကြိုတင်နိမိတ်ပြဆိုထား သည်။ သို့ရာတွင် မတ် ၁၅ ရက်မှ သြဂုတ် ၁ ရက်နေ့အတွင်း စနေဂြိုဟ် နောက်ပြန်သွားမည့်ဖြစ်စဉ်ကြောင့် ပြည်တွင်း ငြိမ်းချမ်းရေးကို နှောင့်နှေးစေသည့် ဖြစ်ရပ်များ၊ ပဋိပက္ခများ ဖြစ်ပေါ်နိုင်သည်။ နိုင်ငံတော်၏ဇာတာအရ သမိုင်းတွင်ရစ် စေမည့် ပြည်တွင်းငြိမ်းချမ်းရေးကို မတ် ၁၅ ရက် မတိုင် မီ အတိုင်းအတာတစ်ခုအထိ အောင်မြင်စွာ လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း တွေ့ရှိရသည်။
အမျိုးသားပညာရေးအတွက် တွေ့ဆုံဆွေးနွေးပွဲနှင့် ဂြိုဟ်၊ နက္ခတ်အမြင်
နိုင်ငံတော်ဇာတာ ဗြိစ္ဆာလဂ်ကို မူတည်၍ အမျိုးသားပညာရေးပြုပြင်ပြောင်းလဲရေးအတွက် ပညာရေးလေးပွင့်ဆိုင် ဆွေးနွေးပွဲများ ကျင်းပလျက်ရှိရာ နက္ခတ္တဝေဒအမြင်အရ ပြီးပြည့်စုံ သော သဘောတူညီချက်များရရန် ခဲယဉ်းနိုင်ပြီး အဆင့်ဆင့် ဆွေးနွေးမှုများ ပြုရဦးမည်။ ဖေဖော်ဝါရီမှ မတ် ၈ ရက်၊ မတ် ၂၈ ရက်မှ ဧပြီ ၁၂ ရက်အတွင်း ကောင်းကင် ကြာသပတေးဂြိုဟ်သည် ပညာရေးဂြိုဟ် ဗုဒ္ဓဟူးဂြိုဟ် အထူးမြင်ထားမှုကြောင့် အမျိုးသားပညာရေးပြုပြင်ပြောင်းလဲရေး အတွက် အအောင်မြင်နိုင်ဆုံးသော မင်္ဂလာနိမိတ်အခါရက်များဖြစ်သည်
မတ်လ၊ နေကြတ်ဖြစ်စဉ်နှင့် မြန်မာ့နိုင်ငံရေး
မတ်လ ၂၀ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၄ နာရီ ၁၇ မိနစ် (ဖမ်းလယ်)အချိန်တွင် နေကြတ်မည်။ မြန်မာနိုင်ငံမှ မတွေ့မြင်နိုင်သော်လည်း နေကြတ်ဖြစ်စဉ်ကြောင့် ကန်စန်းပိုင်ရှင် နိုင်ငံတော်ဇာတာအနေဖြင့် ဧပြီနှင့် မေလများတွင် နိုင်ငံ၏မြောက်ပိုင်းဒေသနှင့် နောက်ဖက်တံခါးတွင် ပဋိပက္ခများ ဖြစ်ပေါ်လာတတ်သည်။ တောင်သူလယ်သမားများ လယ်ယာမြေပိုင်ဆိုင်မှုပဋိပက္ခများ၊ ဆန္ဒထုတ်ဖော်မှုများ ပိုမိုဖြစ်ပေါ်လာနိုင်သည်။ ထင်ရှား၊ ကျော်ကြားသော အနုပညာ ငွေကြယ်ပွင့်တစ်ဦးဝမ်းနည်းဖွယ်ဘေးဆိုးနှင့်ကြုံတွေ့ရတတ်သည်။ ပြည်တွင်း၊ ပြည်ပ အားကစားယှဉ်ပြိုင်မှုများတွင် မြန်မာ့ အားကစားသမားများအတွက် အထူးလုံ့လစိုက်၍ ယှဉ်ပြိုင်သင့်သော ကာလဖြစ်သည်။ နေကြတ်ဖြစ်စဉ်ကြောင့် မည်သို့သော အခက်အခဲများရှိစေကာမူ နိုင်ငံတော်အစိုးရအနေဖြင့် အောင်မြင်စွာ ကျော်လွှားဖြေရှင်းနိုင်လိမ့်မည်။
နိုင်ငံ၏ကံကြမ္မာကို တာဝန်လွှဲယူမည့် ရာဇပလ္လင်ထက်က အင်္ဂါဂြိုဟ်
စက်တင်ဘာ ၁၂ ရက်နေ့မှစ၍ နိုင်ငံတော်၏ ကံကြမ္မာကို တစ်နှစ်နီးပါးကြာ အုပ်စိုးမည့် ရာဇပလ္လင်ထက်က စွမ်းအား ကြီးမားသည့် အင်္ဂါဂြိုဟ်က တာဝန်လွှဲယူမည့် အင်္ဂါအန္တရဒသာ ကာလသို့ ရောက်ရှိမည်။ ထို့ကြောင့် ၂၀၁၅ ခု စက်တင်ဘာလ မတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပညာရေးစသည့် အရေးကြီးသော စိန်ခေါ်မှု များကို တတ်စွမ်းသမျှ ပြီးပြတ်ထားရန် လိုအပ်ပါသည်။ စက်တင်ဘာ ၁၃ ရက်မှစ၍ ရာဇပလ္လင်ထက်က အင်္ဂါဂြိုဟ် တာဝန်ယူ ရမည့်ကာလတွင် မင်းအစိုးရအုပ်ချုပ်သူများ သြဇာအာဏာ အရှိန်အဝါကြီးမာလာမှုနှင့်အတူ မြန်မာ့တပ်မတော်အနေဖြင့် နိုင်ငံရေးတွင် အရေးပါသော အခန်းကဏ္ဍများမှ ပါဝင်လာနိုင်သည်။ သြဇာအာဏာအရှိန်အဝါ ကြမ္မာစက်ဝန်းသံသရာအတွင်း နိုင်ငံရေးပါတီကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ တပ်မတော်အဖွဲ့အစည်းများ ကြိုးစားအားထုတ် ဆောင်ရွက်လုပ်ကိုင် ကြတော့မည်။
နက္ခတ္တဝေဒပညာသည် အနာဂတ်ကာလတွင် ဖြစ်နိုင်ချေရှိသော ကောင်းကျိုးနှင့်ဆိုးပြစ်များကို ညွှန်ပြပေးသော သိပ္ပံပညာရပ် သာဖြစ်သည်။ နက္ခတ္တဝေဒပညာရပ်တွင် ကံကြမ္မာကိုစီရင်ဆုံးဖြတ်ရန်နှင့် ပြောင်းလဲပြုပြင်ရန် သြဇာအာဏာတစိုးတစိမျှ မရှိပါ။ နိုင်ငံသားတိုင်း ကိုယ့်ကြမ္မာကိုယ်သာ ဖန်တီးရမည်သာဖြစ်သည်။
ဆရာဝဏ္ဏ(ဝေဒ)
B.Sc (Maths), H.G.P
မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့

Leave a Reply

Your email address will not be published.