သြစတြေးလျ အိုးပင်းတင်းနစ်ပြိုင်ပွဲ ကျင်းပ တင်းနစ်အကျော်အမော် Novak Djokovicဗိုလ်စ

ဖေဖော်ဝါရီ ၂
သြစတြေးလျ အိုးပင်းတင်းနစ်ပြိုင်ပွဲ၊ အမျိုးသားတစ်ဦးချင်း နောက်ဆုံးဗိုလ်လုပွဲကို မဲလ်ဘုန်းမြို့တွင် ကျင်းပခဲ့ရာ ကမ္ဘာ့ အဆင့် (၁) ရှိ ဆာ့ဘ်လူမျိုး တင်းနစ်အကျော်အမော် Novak Djokovic က ဗြိတိသျှအဆင့်(၁) တင်းနစ်ချန်ပီယံ Andy Murray ကို သုံးနာရီ ၃၉ မိနစ်တိတိ အကြိတ်အနယ် ယှဉ်ပြိုင်ကာ ၇-၆ (၇-၅)၊ ၆-၇ (၄-၇)၊ ၆-၃၊ ၆-ဝ ဖြင့် အနိုင်ယူကာ သြစတြေးလျ အိုးပင်းချန်ပီယံဆုကို မဉ္စမအကြိမ်မြောက်အဖြစ် သိမ်းပိုက်ရယူသွားနိုင်ခဲ့ပြီဖြစ်သည်။
ယခုပွဲစဉ်သည် Djokovic u Murray ကို မဲလ်ဘုန်းဗိုလ်လုပွဲအဆင့်တွင် တတိယအကြိမ်မြောက် အနိုင်ရခြင်း ဖြစ်သည့်အပြင် Djokovic အတွက် ရှစ်ခုမြောက် Grand Slam ချန်ပီယံဆုလည်းဖြစ်သည်။
အသက် ၂၇ နှစ်အရွယ်ရှိ Andy Murray သည် Grand Slam ဗိုလ်လုပွဲပေါင်း ရှစ်ကြိမ်အထိ ယှဉ်ပြိုင်ကစားခွင့်ရရှိခဲ့သည့် အနက် နှစ်ကြိမ်သာ အနိုင်ရဗိုလ်စွဲခဲ့ပြီး ခြောက်ကြိမ်ရှုံးနိမ့်ခဲ့ရာတွင် လေးကြိမ်မှာ သြစတြေးလျ အိုးပင်းပြိုင်ပွဲများတွင် ရှုံးနိမ်ခဲ့ ရခြင်းဖြစ်သည်။
ရှုံးနိမ့်သူ Murray က အနိုင်ရသူ Novak Djokovic အား ချီးကျူးဂုဏ်ပြုလိုက်သည့်အပြင် စံချိန်ကောင်းများနှင့် ထိုက်တန်သူဖြစ်ကြောင်းလည်း ပြောကြားသွားခဲ့သည်။ Murray သည် ၂၀၁၃ ခု၊ နှစ်ကုန်ပိုင်းခန့်က နောက်ကျောခွဲစိတ် ကုသမှုခံယူခဲ့ရပြီးနောက် Grand Slam ဗိုလ်လုပွဲတစ်ရပ်သို့ ပထမဆုံး ပြန်လည်တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုနှစ်အစောပိုင်းကမူ ဝင်ဘယ်လ်ဒန် ချန်ပီယံဆုကို ရရှိခဲ့သေးသည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ထုတ်ပြန်မည့် ကမ္ဘာ့ အဆင့်များတွင် Andy Murray က နံပါတ်”လေး” နေရာသို့ ရောက်ရှိမည်ဖြစ်သည်။
Murray ထက် အသက်အားဖြင့် သီတင်းတစ်ပတ်သာငယ်သော Djokovic သည် ဒုတိယပွဲငယ်အတွင်း ခြေချင်းဝတ် ဒဏ်ရာရရှိခဲ့သည့်အပြင် လဲကျမှုကြောင့် လက်ကိုပါ ထိခိုက်ခဲ့သဖြင့် အနိုင်ရရှိရေးအတွက် ခက်ခဲပင်ပန်းစွာအားစိုက် ရုန်းကန် ခဲ့ရသည်။ Djokovic ၏ အနေအထားကို သူ၏နည်းပြဖြစ်သူ Boris Becker က စိုးရိမ်ကြီးစွာ စောင့်ကြည့်နေခဲ့ရသည်။
ပွဲအပြီးတွင် Djokovic က သူ၏ဘက်တံကို ပရိသတ်ထံသို့ ပစ်ပေးကာ အောင်ပွဲခံခဲ့သော်လည်း Murray မှာမူ သူ၏တင်းနစ်ဘက်တံကို စိတ်ပျက်လက်ပျက်ဖြင့် ရိုက်ချိုးပစ်ခဲ့သည်။
သြစတြေးလျ အိုးပင်းချန်ပီယံဆုကို ခြောက်ကြိမ်အထိ ရရှိခဲ့သည့် တစ်ဦးတည်းသောသူ သြစတြေးလျ တင်းနစ် အကျော်အမော် Roy Emerson က Djokovic ကို သြစတြေးလျအိုးပင်းချန်ပီယံဆုဖလား ချီးမြှင့်ပေးခဲ့ပြီးနောက် Djokovic က ဤနေရာတွင် ချန်ပီယံအဖြစ် ငါးကြိမ်မြောက် ရပ်တည်နိုင်ရန် ဂုဏ်ပြုခံခဲ့ရပြီဖြစ်ကြောင်း ပြောကြား သွားခဲ့သည်။
ဝ၂၇၊ BBC Sport

Leave a Reply

Your email address will not be published.