နဝတ၊ နအဖ အစိုးရများသည်နိုင်ငံရေးအစိုးရများမဟုတ်၍ နိုင်ငံရေးဆွေးနွေးပွဲများ မကျင်းပနိုင်ခဲ့သော်လည်း ယခုလက်ရှိအစိုးရသည် နိုင်ငံရေးဆွေးနွေးပွဲများဆီသို့ ရှေးရှုနေသောကြောင့် ငြိမ်းချမ်းရေးအောင်မြင်နိုင်

ရန်ကုန်၊ သြဂုတ် ၁၆
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ)နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ(နအဖ) စသည့် အစိုးရများသည် နိုင်ငံရေးအရ အာဏာရရှိခဲ့သောအစိုးရများမဟုတ်သည့်အတွက် နိုင်ငံရေးဆွေးနွေးပွဲများမပြုလုပ်ခဲ့သော်လည်း ယခုလက်ရှိအစိုးရသည် လူထုကရွေးချယ်ထားသောအစိုးရဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမည်ဟု ကြေညာထားသောကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် အောင်မြင်နိုင်သည်ဟု ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်မှ ဥက္ကဋ္ဌခွန်မြင့်ထွန်းက ရှစ်လေးလုံးငွေရတုပွဲတွင် ပြော သည်။
နဝတအစိုးရသည် (၁/၉ဝ) ကြေညာချက်ထုတ် ပြန်ခဲ့ရာ ၄င်းတွင် တပ်မတော်သည် နိုင်ငံရေးအဖွဲ့ အစည်းမဟုတ်သဖြင့် ဆူပူသောင်းကျန်းသူများနှင့် နိုင်ငံ ရေးနည်းလမ်းအရ စေ့စပ်ဆွေးနွေးခြင်းကို ပြုလုပ်ခဲ့ခြင်းမရှိပါ။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် မည့်သည့်လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့အစည်းနှင့်မျှ နိုင်ငံရေးနည်းအရ စေ့စပ်ဆွေးနွေးခြင်းပြုရန်အကြောင်းမရှိဟု ရှင်းလင်းစွာဖော်ပြထား၍ ယခုလက်ရှိအစိုးရကဲ့သို့ နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် လမ်းမမြင်နိုင်ဟု ယင်းကပြောသည်။
တိုင်းရင်းသားလက်နက်ကိုင်များသည် ခေတ်အဆက်ဆက်တွင် လက်နက်ကို အစိုးရများ၏မူဝါဒအသီးသီး နှင့်လဲလှယ်ခဲ့သော်လည်း ယခုတစ်ခေါက်တွင် လက်နက်ကို နိုင်ငံရေးအာမခံချက်ဖြင့်လဲလှယ်ရမည့်အချိန် ဟု သူ၏ထင်မြင်ချက်ကိုပြောသည်။
ထိုအကြောင်းကို သူက ”၁၉၅၈ မှာ လက်နက်နဲ့ ဒီမိုကရေစီလဲလှယ်ရေးလုပ်တယ်။ လက်နက်လဲပြီးတော့ ပအို့ဝ်ခေါင်းဆောင်တွေ ထောင်ထဲရောက်ကုန်တယ်။ ၁၉၉၂ မှာ လက်နက်နဲ့ ငြိမ်းချမ်းရေးလဲတယ်။ ဒါလည်းမအောင်မြင်ဘူး။ ဒီတစ်ခေါက် အပစ်အခတ်ရပ်စဲရေးဆွေးနွေးတဲ့အခါ လက်နက်နဲ့နိုင်ငံရေးအာမခံလဲမယ်လို့ ကျွန်တော် ပြောချင်တယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အပစ်ရပ်ရေးဘာကြောင့်ဆွေးနွေးလဲဆိုတော့ နိုင်ငံရေးဆွေးနွေးချင်လို့ပါ။ ဘာဖြစ် လို့လဲဆိုတော့နိုင်ငံရေးအာမခံချက်ရချင်လို့ပါ”ဟု တိုင်းရင်းသားတို့အလိုရှိသောအာမခံချက်ကို ရှင်းပြသည်။
နိုင်ငံရေးအာမခံချက်ဟု ဆိုရာတွင် မည်သူက မည်သူ့ကို မည်သည့်နည်းဖြင့် နိုင်ငံရေးအာမခံချက်ပေးမည်နည်းဆိုသည်မှာ တိုင်းပြည်၏အရေးကြီးသောမေးခွန်းတစ်ရပ်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းရှိစဉ်က တိုင်းရင်းသားအားလုံးယုံကြည်၍ ပုံအပ်ခဲ့သည့် ပင်လုံစာချုပ်သည် ယခုအခါ ချေဖျက်ခြင်းခံခဲ့ရကြောင်းနှင့်မိမိတို့တိုင်းရင်းသားများသည် မည်သူ့ကိုယုံကြည်ပြီး မည်သူက အာမခံမည်ကိုစဉ်းစားကြရမည်ဖြစ်ကြောင်း ခွန်မြင့်ထွန်းကပြောသည်။
နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ငြိမ်းချမ်းစွာ ဖြေရှင်းရမယ်ဟု ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၆ ရက်တွင် ရွှေတိဂုံဘုရားအနောက်ဘက်မုခ်၌ ပြောကြားခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းအပေါ် ပြည်သူ လူထုတစ်ရပ်လုံးနှင့်တိုင်းရင်းသားများအားလုံး နှစ်ခြိုက်ခဲ့သည်မှာ အထင်အရှားပင်ဖြစ်ကြောင်း သူကပြော သည်။
ယခုလက်ရှိတွင် အောင်မြင်မှုလမ်းစပေါ်ပေါက်လာရန်အခြေအနေရှိသည်နှင့်ပတ်သက်၍ ”အရင်အစိုး ရတွေလက်ထက်က တိုင်းရင်းသားတွေကို တစ်ဖွဲ့ချင်းပဲဆွေးနွေးတယ်။ တိုင်းရင်းသားတပ်ပေါင်းစုဆိုတာမျိုး မဆွေးနွေးဘူး။ အခုဆို UNFC လို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီနဲ့ နိုင်ငံရေးဆွေး နွေးဖက်အနေနဲ့ဆွေးနွေးဖို့ အစိုးရက ကမ်းလှမ်းတာတွေ ရှိတယ်။ လုပ်ငန်းသဘောအရ ညှိနှိုင်းတာတွေ ရှိတယ်။ ဒါဟာ အောင်မြင်စရာလို့ မြင်မိတယ်” ဟု တိုးတက် လာသော လက္ခဏာများကို ပြောသည်။
နိုင်ငံရေးလမ်းပြမြေပုံကို အစိုးရမှတစ်ဦးတည်း မချမှတ်သင့်ကြောင်း၊ တိုင်းရင်းသားအားလုံးနှင့် ဆွေး နွေးညှိနှိုင်းသင့်ကြောင်း၊ ၂ဝဝ၃ ခုနှစ်တွင် ချမှတ်ခဲ့သော လမ်းပြမြေပုံ ၇ ဆင့်ကိုမကြိုက်၍ လက်နက်ကိုင် တိုက်ခိုက်နိုင်သည့်အဖွဲ့များမှ တိုက်၍ ကျန်အဖွဲ့များမှ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လိုက်နာခဲ့ရ သည့်ဘဝသို့ ဆိုက်ရောက်ခဲ့ကြောင်း၊ ကချင်လွတ် မြောက်ရေးအဖွဲ့ KIO သည် လမ်းပြမြေပုံ ၇ ဆင့်အောင် မြင်ရေးကိုထောက်ခံပြီး ဆောင်ရွက်ခဲ့သော်လည်း ယနေ့အပစ်အခတ်ရပ်စဲရေး ချောမွေ့မှုမရှိသည်ကို မိမိတို့ သင်ခန်းစာယူရမည်ဖြစ်ကြောင်းစသဖြင့် နိုင်ငံရေး လမ်းပြမြေပုံချမှတ်ရာတွင် တစ်မျိုးသားလုံးဆိုင်ရာ ဘုံသဘောတူညီချက်ချမှတ်နိုင်ရန် လိုအပ်ကြောင်း ခွန်မြင့်ထွန်းက ထောက်ပြပြောဆိုသည်။
ဝ၁၁

Leave a Reply

Your email address will not be published.