လွတ်လပ်သောအသံ

တစ်ခါဆိုသူကြောင့်
အားလုံးစိတ်ဝင်စားကြတဲ့ ၂၀၁၅ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ အကြောင်းအမျိုးမျိုးနဲ့ ဆန္ဒထုတ်ဖေါ်ပွဲများက ပိုစိပ်လာပြီး အခြေအနေအရပ်ရပ်ဟာလည်း ပိုပြီးဘဝင်မကျစရာတွေ များလာပါတယ်။ တစ်ပွင့်၊ နှစ်ပွင့် ပန်းတို့သီ ဆိုသလို လေးပွင့်၊ ခြောက်ပွင့်မှသည် လေးဆယ့်ရှစ်ပွင့်အထိ ပန်းကုံးက ရှည်လျားထွေပြားနေတော့ ကြိုးဆိုတာမျိုးကလည်း ရှည်လာလေ ရှုပ်လာလေ သဘောမျိုးရှိတတ်တာမို့ အမယ်ဘုတ်ကဲ့ သူ့ချည်ခင် ဖြစ်လာနိုင်သေးတာပါ။ ပြီးတော့တစ်ခါ အသေအပျောက် စာရင်းတွေကလည်း ရှိပြန်သေးဆိုတော့ ခြောက်လုံး၊ လှန့်လုံးတွေကလည်း ကြောက်စရာကောင်းနေပြန်ရော။ ဒီလိုရှုပ်ထွေး နေတဲ့ နိုင်ငံရေးအခင်းအကျင်းနဲ့ ကြုံရပြန်တော့ ဆင်းရဲပြီးရိုးသားကြတဲ့ ကျွန်မတို့ပြည်သူတွေကလည်း မျက်စိသငယ် နားသငယ်။ ဒီထက်ဆိုးလာရင်တော့ မျက်လုံးလေး ကလယ် ကလယ်ပေါ့။ ကျွန်မကတော့ စံပတို့လင်မယားကို ပြေးပြီး မြင်ယောင်မိတယ်။
စံပနဲ့ ညိုမြတို့လင်မယား
ညိုမြဆိုတဲ့မိန်းကလေးဟာ မိဘမောင်ဖွားတွေ အမျိုးမျိုးတားနေတဲ့ကြားက သူ့ချစ်သူ စံပကို အရယူခဲ့တာပါ။ သိကြားမင်း ဖျက်တောင် မပျက်နိုင်ပါဘူးဆိုတဲ့ သစ္စာတရားနဲ့ အရက်သမားစံပကို သတ္တိရှိရှိရွေးခဲ့တာပေါ့။(ရွေးတယ်လို့သာ ပြောတာ ပါလေ၊ တစ်ခုတည်းပေးပြီး ကြိုက်တာရွေးဆိုတာကို ရွေးတယ်လို့ ပြောရမှာတောင် ခပ်ခက်ခက်မဟုတ်ပါလား) လက်ထပ်ပြီး တဲ့အခါကျတော့ ထုံးစံအတိုင်းပေါ့။
မရခင် ဖျာလိုလိပ်ကာ ထိပ်ပေါ်မှာပဲတင်ကာထား ဘဝကနေ ရသွားပြီးတော့ ဖျာလိုခင်းပြီး နင်းပြီပေါ့။ တစ်နေကုန်တစ်နေခန်း အရက်သောက်သမျှ အရက်ဖိုးကို ညိုမြက ဒိုင်ခံရှာပေးရတဲ့အပြင် မူးရူး၊ ရိုက်နှက်၊ နှိပ်စက်၊ ညှဉ်းပန်းမှုတွေကလည်း မရိုးနိုင် အောင်ပါဘဲ။
မညိုမြကလည်း သူ့ ယောကျာ်းမကောင်းကြောင်းတွေကို လူသိရှင်ကြား နတ်သံနှောလေ့ရှိတယ်။ ဘေးလူတွေက ဖြေရှင်းပေးတတ်ကြသေးတယ်။ နှစ်ပေါင်းများစွာကြာလာတော့ ဒီပြဿနာဟာ ဘေးလူဝင်လို့မရတဲ့ ပြဿနာဖြစ်သွား တာပေါ့။ ဒီကိစ္စဟာ အော်ရုံနဲ့ပြီးသွားတဲ့ ပြဿနာမဟုတ်ဘူးဆိုတာ ညိုမြမသိရှာဘူး။ သူလုပ်ရမှာက ဒီ ယောကျာ်းနဲ့ လမ်းခွဲလိုက်ရဖို့ပဲရှိတာ မဟုတ်လား။ လင်မယားလမ်းခွဲတယ်ဆိုတာ ဘေးလူဝင်ပါလို့မရပါဘူး။
ပြည်သူနဲ့ ရွေးချယ်ခွင့်
လက်ရှိအစိုးရသည် ပြည်သူတွေရွေးချယ်တင်မြှောက်ထားသော အစိုးရစစ်စစ်ဖြစ်ပါတယ်။ အဲဒါလေးကိုတော့ မေ့မသွားစေချင် ပဘူး။ ကိုယ့်ဘာသာကိုယ် (သိကြားမင်းဖျက်တောင် မပျက်နိုင်ပါဘူးဆိုပြီး ) ရွေးချယ်ပြီးကာမှ အပြစ်တင်မယ်ဆိုရင် ကိုယ့် ကိုယ်ကိုယ်ပဲ အရင်ဆုံးအပြစ်တင်သင့်ပါတယ်။ တစ်ခုတည်းပေးပြီး ကြိုက်တာရွေးဆိုလို့ ရွေးလိုက်တာပဲဖြစ်ဖြစ်၊ ကြောက်လို့ ရွေးခဲ့တာပဲဖြစ်ဖြစ်၊ မသိလို့ရွေးခဲ့တာပဲဖြစ်ဖြစ်၊ ဖျာလိုလိပ်ပြီး ထိပ်ပေါ်တင်မယ်ဆိုတာကို ယုံမိလို့ပဲဖြစ်ဖြစ် ရွေးလို့ ပြီးသွား ပါပြီ။
ကိုယ့်ဘက်က အသာစီးရနေတဲ့အချက်ကို မြင်အောင်ကြည့်တတ်ဖို့ပဲ လိုပါတယ်။ ကျွန်မတို့ပြည်သူတွေဟာ အစိုးရထက် အခွင့်အရေး ပိုများပါတယ်။ ပြည်သူကအစိုးရကိုမကြိုက်ရင် လက်မခံခွင့်ရှိပေမယ့် အစိုးရက ပြည်သူကိုမကြိုက်လို့ဆိုပြီး လက်မခံလို့မရပါဘူး။ ဒီတိုင်းပြည်ရဲ့ အစိုးရဟာ ဒီပြည်သူတွေနဲ့ပဲတွေ့ရမှာပါ။ ဒီထက်ပိုရှင်းအောင်ပြောရရင် ပြည်သူတွေက သမ္မတကို မကြိုက်ရင် ငါးနှစ်ပဲ စောင့်လိုက်ရုံပါပဲ။ သမ္မတနေရာက ဖယ်ခိုင်းလို့ရပါတယ်။ ဒါပေမဲ့ သမ္မတက ပြည်သူကို မကြိုက်လည်းဘဲ ပြည်သူတွေကို ပြည်သူ့ နေရာကနေ ဖယ်ခိုင်းလို့မရပါဘူး။ ကျွန်မတို့က ပြည်သူနေရာကနေ ဘယ်တော့မှ ဆင်းပေးမှာမဟုတ်ပါဘူး။ ကိုယ့်မှာ မွေးရာပါ အခွင့်အရေးတွေ ရှိနေပါလျက်နဲ့ အော်ရုံပဲ အော်နေမယ်ဆိုရင်တော့ ကျွန်မတို့လည်း ညိုမြတွေပဲ ဖြစ်ကုန်မှာ သေချာပါတယ်။
နှစ်ခါဆို ကိုယ့်ကြောင့်
သိပ်ကိုရိုးစင်းပါတယ်။ ပထမဆုံးအကြိမ်ခံရတာသည် ပြည်သူ့ကြောင့်လို့ စွပ်စွဲလို့ရပေမယ့် နှစ်ကြိမ်မြောက်ခံရပြီဆိုရင်တော့ ခံတဲ့သူတွေကြောင့်သာ ဖြစ်ပါတယ်။ ဖျာလိုခင်းပြီး အနင်းခံရပြီးပါပြီ။ အရက်ဖိုးလည်း ရှာပေးခဲ့ပြီးပါပြီ။ မူးလာလို့ ရိုက်ရင်လည်း ငြိမ်ခံခဲ့ပြီးပါပြီ။ ဒီအခန်းထဲက မထွက်နဲ့ဆိုရင်လည်း ဝင်နေခဲ့ပြီးပါပြီ။ ဟိုထောင့်မှာသွားပြီး ငြိမ်ငြိမ်နေ၊ ဘာမှမပြောနဲ့ဆိုရင်လည်း နှုတ်ဆိတ်ခဲ့ပြီးပါပြီ။ အဲဒါတောင် ဆက်ပေါင်းမယ်ဆိုရင်လည်း စံပမှာ လုံးဝအပြစ်မရှိပါဘူး။ နောက်တစ်ကြိမ်ထပ်ရိုက်ဖို့လို့ ရိုက်နှက်ထားတဲ့ အရှိုးရာတွေကို ဆေးလိမ်းပေးနေတာကို ကြင်နာတတ်သူကြီးလို့ အချစ်တွေ ပွားလောက်အောင် နှလုံးသားက နုနေမယ်ဆိုရင်တော့ ကံကြမ္မာဟာ ညိုမြဘက်မှာ မရှိနိုင်တော့ပါဘူး။
ထပ်မမှားကြရအောင်
သိပ်အများကြီးပြောဖို့ မလိုအပ်တော့ဘူးထင်ပါတယ်။ ၂၀၁၅ မှာ ထပ်မမှားကြရအောင်ပါ။
ငွေကြယ်စင်

Leave a Reply

Your email address will not be published. Required fields are marked *