ခေတ်သစ်သင်ပုန်းကြီး ၈၂

ဘားမားကို မြန်မာဟု ပြောင်းခေါ်ခဲ့သူများက
သမဂ္ဂကို ယူနီယံဟု အသည်းအသန် ဈေးဆစ်ခဲ့သလို
လူမျိုးစုနာမည်ကို ဈေးဆစ်သလောက်
ထိုသူတို့အား နိုင်ငံသားအခွင့်အရေးဖြစ်သည့်
ဆန္ဒမဲပေးပိုင်ခွင့်ကို လှိုက်လှဲကြည်ဖြူ ပေးသောဟူ၏
အံ့သြရပါသည်။

နေပြည်တော်မှာ တွေ့ကြမည် ချိန်းပြီးကာမှ
စည်ပင်ဧည့်ရိပ်သာ အခန်းပြည့်နေဟုဆိုကာ
ကျောင်းသားများနှင့် ပညာရေးကွန်ရက်သားများအား
ပစ်တောင်းစကာ ဖြစ်ချင်ရာဖြစ် ညစ်လိုက်ပြန်ရာ
တစ်သက်လုံးက မရခဲ့ဖူးသည့် ယုံကြည်မှုတည်ဆောက်ရေးမှာ
ဝေးနေဆဲပါတကား
မအံ့သြကြပါနှင့်။

မြန်မာ့ထုံးတမ်းအစဉ်အလာအတိုင်း စားပွဲဝိုင်းတွေ့ဆုံမှုများမှာ
ရလဒ်အတွက် ဆွေးနွေးရန် အကြောင်းအရာကို
ဦးစားပေး ငြင်းခုန်ကြရေးထက် ဆွေးနွေးမည့် လူအရေအတွက်ကိုသာ
အပေးအယူမလုပ်ဘဲ တောင့်ခံရေးအား ရှေ့တန်းတင်ကြပြန်လေရာ
ဆွေးနွေးပွဲ ရက်ရွှေ့သည်သာ အဖတ်တင်တော့၏
အံ့သြကုန်နိုင်ပါရိုးလား။

NNER ကွန်ရက်ကြီးကလည်း အဖွဲ့ဝင်တစ်ဦးအရေးအတွက်
ဒီချုပ်အပေါ်မှာ လူသိရှင်ကြား ကက်ကက်လန်ပြခြင်းဖြင့်
အတိုက်အခံများကြား စည်းလုံးမှုအားနည်းနေကြောင်း
တစ်ဖက်လူအပေါင်းကို ကြေညာမောင်းခတ်လိုက်ပြန်သည်
အံ့သြကုန်နိုင်ကြပါပေ့။

ဒေါင်းမာတာလည်း လွှတ်တော်ထဲ ရောက်စမှာ
သူကိုယ်တိုင် အဆိုပြုခဲ့ဖူးသည့် အမျိုးသားပညာရေးဥပဒေအရေးအတွက်
လူထုကပါ ရတက်မအေးချိန်တွင်
နားလည်ရခက်သည့် အဆုံးအဖြတ်များဖြင့်
လူထု၏ တုံ့ပြန်သံဆန်းများကြားမှာ ပက်လက်မျောနေရှာလေတော့၏
အံ့သြရပါသည်။

ကျောင်းသားများအကြားမှာလည်း
တစ်ခေတ်တစ်ခါက ဗ နှင့် မ ကွဲခဲ့ကြသလို
သပိတ်နည်းနာနှင့် တွေ့ဆုံရေးဗျူဟာအရေးမှာ
]ဗ}က တစ်ဖုံ ]တ} နှင့် မြေလတ်များက တစ်မျိုးဖြင့်
တစ်ကိုယ်ရည်ပုံရိပ်များအတွက် လူလုံးခွဲပြလိုကြသေးလျှင်
]သမဂ္ဂ} ညီညွတ်ရေးပန်းတိုင် ယိမ်းယိုင်မှာကို
စိုးနှောင့်ဗျာပွေ ပူပန်ရပေသည်
အံ့သြနိုင်ကြပါမည်လော။

နိုင်ငံရေးယဉ်ကျေးမှုသစ်ဟု ဆိုရမည့်
သဘောထားမတူသူများကြား တွေ့ဆုံညှိနှိုင်းရေးဆိုရာတွင်
တစ်ဖက်ဖက်၏ သဘောအတိုင်း အဖြေမထွက်နိုင်ရာ
ငါတို့က လူထုဘက်တော်သားမို့
ငါတို့ ပြောသမျှ တောင်းသမျှ အပြည့်အဝ ရရမည်ဆိုက
တွေ့ဆုံညှိနှိုင်းရေးအသွင်မှ တွေ့ဆုံအနိုင်ယူရေးအသွင်သို့
ပြောင်းသွားနိုင်ကြောင်းအား သတိထားမိကြပါလေစဟု
သဘောထား အခြေခိုင်သူများအား ပြောရမတတ်ပါတည့်
အံ့သြကုန်နိုင်ကြပါသည်။

မည်သို့ပင်ဖြစ်စေ နိုင်ငံသားအပေါင်းတို့လည်း
နိုင်ငံရေးယဉ်ကျေးမှုအသစ်ကို သဘောတရားရော
အနှစ်သာရပါ နားလည်ကျင့်သုံးနိုင်ခြင်းဖြင့်
ရန်အပေါင်း ကင်းဝေးကြပါစေသတည်း။

ပြောင်းဖူးရိုး

Leave a Reply

Your email address will not be published.