အဖြေရရေးကို ဦးတည်ပါ

ဒိုင်ယာလော့ခ်ခေါ် တွေ့ဆုံဆွေးနွေးညှိနှိုင်းရေးကို နိုင်ငံရေးအ ကျပ်အတည်းများ၏ အဖြေအဖြစ် အသုံးပြု လာသည့်အနေအထားသို့ ရောက်နေပြီဟုဆိုရပေမည်။ အမျိုးသားပညာရေးဥပဒေအရေးတွင် ပြဋ္ဌာန်းပြီး ဥပဒေကို ပြန်လည်ပြင်ဆင်နိုင်ရေးအတွက် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ကော်မတီ၏ တောင်းဆိုချက်နှင့်အညီ ဖေဖော်ဝါရီ ၁ ရက်က ကျင်းပခဲ့သည်။ သို့ရာတွင် ထိုလေးပွင့်ဆိုင် ဆွေးနွေးမှုမှာ မပြီးပြတ်သေးဘဲ ဖေဖော် ဝါရီ ၃ ရက်တွင် နေပြည်တော်၌ ထပ်မံတွေ့ဆုံဆွေးနွေးရန် ဆုံးဖြတ် ခဲ့ကြပြန်သည်။
ထိုနမူနာအရ တွေ့ဆုံဆွေးနွေးညှိနှိုင်းရေးကို နိုင်ငံရေးအကျပ် အတည်းများ၏ အဖြေအဖြစ် အသိအမှတ်ပြု လာသည့်တိုင် အဓိကကျသည့် အကျပ်အတည်း၏အဖြေ ပေါ်ထွက်သည်ထိ တွေ့ဆုံညှိနှိုင်းမှု မပြုလုပ်နိုင်ခြင်းမှာမူ အကျည်းတန်ဖြစ်ရပ်ပင် ဖြစ်နေပါသေးသည်။ တစ်နည်းအားဖြင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုကို ပြဿနာ၏ ဇစ်မြစ် အား ဖြေရှင်းနိုင်ရန် ရည်ရွယ်ချက်ဖြင့်မဟုတ်ဘဲ သပိတ်မှောက်ဆန္ဒပြမှုများ ရပ်တန့်သွားရန်၊ ပြင်ပဖိအားများမှ ယာယီသက်သာသွားရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်မည်ဆိုလျှင် မူလပြဿနာများကို မဖြေရှင်းနိုင်ရုံမက နောက်ထပ်ပြဿနာအသစ်များကိုပင် ဖြစ်ပေါ်စေ နိုင်မည်ဖြစ်ပါသည်။
တွေ့ဆုံဆွေးနွေးညှိနှိုင်းရေးဟူသည့် နိုင်ငံရေးယဉ်ကျေးမှုသစ် ကို လက်တွေ့ကျင့်သုံးရာတွင် မည်သည့်ပြဿနာ ကိုမဆို ဤနည်းလမ်းအားဖြင့်သာ ရင်ဆိုင်ခြင်းဖြင့် အဖြေထွက်မည်ဟူသည့် ယုံကြည်ချက်မှာ အခရာကျပေသည်။ ထိုသို့မဟုတ်ဘဲ သည်နည်းလမ်းကို သုံးရသည့် အကြောင်းရင်းမှာ ပြဿနာကို မဖြေရှင်းလိုသေးသော်လည်း လတ်တလောပြင်ပဖိအားများမှ သက်သာခွင့်ရရန်နှင့် ယခင်နည်းလမ်းဟောင်းဖြစ်သည့် အကြမ်းဖက်ခြင်း၊ လျစ်လျူရှုခြင်းနည်းလမ်းများကို သုံးစွဲချင်သည့်တိုင် လူထုက ဝေဖန်ပြစ်တင်မှုကို ခံရနိုင်သဖြင့် ထိုအရာကို ယာယီရှောင်လွှဲနိုင်ရန်တို့ဖြစ်ပါက တွေ့ဆုံဆွေးနွေးညှိနှိုင်းရေးဟူသည် ပြဿနာကို ဖြေရှင်းရန် ကြိုးစားမှုအရာ မရောက်တော့ဘဲ ပြဿနာကို အသွင်ပြောင်းသွားရန် အားထုတ်မှု အရာသာ ရောက်ပါလိမ့်မည်။
ထို့ပြင် တွေ့ဆုံဆွေးနွေးညှိနှိုင်းသူများကို ရွေးချယ်ရာတွင်လည်း ပြဿနာ၏ အကြောင်းရင်း၊ သဘောသဘာဝနှင့် ဖြစ်နိုင်သည့် အဖြေများကို ကောင်းစွာနားလည်တွက်ဆနိုင်သူ၊ ဆွေးနွေးဘက်များနှင့် အပေးအယူလုပ်ညှိနှိုင်းရန် ဆန္ဒရှိသူ၊ အပေးအယူများတွင် ကိုယ့်ဘက်မှ အလျှော့ပေးနိုင်ဆုံးအဆင့်နှင့် အတင်းထားနိုင်ဆုံးအဆင့်အနေ အထားများကို တိကျပြတ်သားစွာ သဘောပေါက်ထားသည်နှင့်အညီ ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိသူတို့ကို ရွေးချယ်ရရိုး ဖြစ်ပေသည်။ ထိုသို့ မဟုတ်ဘဲ စားပွဲဝိုင်းတွင် အိမ်ဖြည့်သဘော ထိုင်ပေးမည့် ရုပ်သေးရုပ်များနှင့် မူလသဘာဝအရ တွေ့ဆုံညှိနှိုင်းသည့် ယဉ်ကျေးမှုအပေါ် ယုံကြည်ချက်မရှိဘဲ ကိုယ့်ဘက်က အသာစီးရရေး အတွက် စားပွဲဝိုင်းကို စီးထားလိုသော ဇာတ်ရုပ်များကို ရွေးချယ်နေရာချထားပါကလည်း တွေ့ဆုံဆွေးနွေး ညှိနှိုင်းရေးရည်ရွယ်ချက်မှာ အထမြောက် ရန် ခက်ခဲနေပါမည်။
ထို့ပြင် လွန်စွာအရေးကြီးပြီး အထိအခိုက်မခံနိုင်သည့် အရေးကိစ္စများကို ဆွေးနွေးရာတွင် အများပြည်သူရှေ့ အထူးသဖြင့် မီဒီယာမျက်မှောက်တွင် ဆွေးနွေးခြင်းသည်လည်း ပါဝင်ဆွေးနွေးသူများ၏ စိတ်ကို အလျှော့မပေးရေးသံန္နိဌာန်မျိုး ဖြစ်စေရန် တွန်းအားပေးတတ်သဖြင့် အစစ်အမှန်ညှိနှိုင်းမှု မဖြစ်မည့်အရေးကို ပူပန်နေရတတ်သည်။ လူ့သဘောသဘာဝအရ အများရှေ့တွင် လိုက်လျောလွန်းသူအဖြစ် မြင်စေချင်သူ ရှိနိုင် သကဲ့သို့ သဘောထားပြတ်သားတင်းမာသူ သူရဲကောင်းအဖြစ် မြင်စေချင်သူလည်း ရှိနိုင်သဖြင့် မည်သူ့ရှေ့မှောက် တွင်မှ မဟုတ်ဘဲ ဆွေးနွေးဘက်အချင်းချင်းသာ ရှိနေမည်ဆိုလျှင် မည်သူ့အမြင်သဘောထားကိုမျှ ငဲ့ကွက်စရာ မလိုဘဲ ပြဿနာ၏ အဖြေကိုသာ ရည်ရွယ်သော ဆွေးနွေးမှုရလဒ်များ ပေါ်ထွက်လာနိုင်သည်ကိုလည်း သတိပြု ကြရပါမည်။
ထို့ကြောင့် နိုင်ငံရေးယဉ်ကျေးမှုသစ်ဖြင့် မိမိ၏ ပုံရိပ်ကို မြှင့်တင်ရန် ကြိုးစားသည့်အနေဖြင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ခြင်းထက် ပြဿနာ၏အဖြေကို ထိရောက်စွာ ရှာဖွေဖြေရှင်းနိုင်ရေးအတွက် အကြမ်းဖက် နည်း၊ လျစ်လျူရှုနည်း၊ ခြိမ်းခြောက်ဖိနှိပ် နည်းများထက် တွေ့ဆုံဆွေးနွေးအဖြေရှာရေးသည်သာ တစ်ခုတည်း သောနည်းလမ်းအဖြစ် ရှုမြင်သည့်စိတ်ထားဖြင့် ပြဿနာများ၏ အဖြေကို ရှာကြပါဟု အမျိုးသားပညာရေး ဥပဒေအရေးဆွေးနွေးကြသော လေးပွင့်ဆိုင်ကြသူအသီးသီးအား တိုက်တွန်းအပ်ပါသည်။
နိုင်ငံသားတို့အသံကို လွတ်လပ်စွာပဲ့တင်ထပ်စေမည်။
အယ်ဒီတာ

Leave a Reply

Your email address will not be published. Required fields are marked *