ခေတ်သစ်သင်ပုန်းကြီး ၈၁

မြန်မာ့နိုင်ငံရေးဇာတ်လမ်းစုံ၏ အစဉ်အလာအရ
ပီအာရ်အရေး ငြင်းခုန်ချိန်မှာ ခေါင်းလောင်းကြီး ရှာကြ
၄၃၆အရေး ပြင်းထန်ချိန်မှာ ကိုပါကြီး သတ်ခံရ စသည့်
ထန်းသီး ြွေကခိုက် ကျီးနင်းသည့်ဇာတ်များ ရှိရာ
ကျောင်းသားသပိတ် နယ်စုံဖြတ် စုန်ဆင်းလာချိန်
အကျဉ်းကျတပ်မတော်သားများ စစ်ထောင်ဖောက်ကြသတဲ့
အံ့သြကုန်နိုင်ကြပါပေါ့။

နိုင်ငံခြားသူများအား အဓမ္မပြုကျင့်သူများကို
သေဒဏ်နှင့် ထောင်ဒဏ်နှစ်ရှည်ချခဲ့သည့် အစဉ်အလာအား
ကချင်ဆရာမလေးနှစ်ယောက်အပေါ်
အဓမ္မပြုကျင့်သူအား ရှာဖွေဖော်ထုတ်အရေးယူမည့်ကိစ္စမှာ
မည်မျှထိရောက်စွာ ထိန်းသိမ်းမည်နည်းဟု
တို့ပြည်ကြီး၏ တရားဥပဒေ စိုးမိုးရေးအတွက်
ပူပန်စိတ်မောသူများလည်း ပေါများလာလေသည်
အံ့များလည်း သြကုန်နိုင်ကြပါပေ့။

လွှတ်တော်ထဲက ဘောင်းဘီချွတ်မင်းသားကြီးများကလည်း
ပစ်ကွင်း၊ သတ်ကွင်းနှင့် ဝေးရာမှာ ရောက်နေကာ
လက်ရှိအနေအထားကို မျက်ခြေမပြတ် မစောင့်ကြည့်နိုင်သော
အတိုက်အခံမင်းသမီး၊ မင်းသားအပေါင်းအား
လျှာအရိုး မရှိ ဇာတ်ထုတ်များ ဟောကြားနေသတဲ့
အံ့သြတော်မူရပါလေ၏။

ကျောင်းသားများက နိုင်ငံတော်အလံကို ဖြုတ်ချကာ
ဒေါင်းအလံ လွှင့်တင်ခဲ့သည့်ကိစ္စကို
တည်ဆဲဥပဒေအရိုးဖြင့် ထိုးရန်ကြံလေရာ
တောင်တက်အသင်းတစ်ခုအား
နှင်းခဲ့သည့် အလံပေါ်တွင် ခပ်တည်တည်ပင်
လက်မှတ်ထိုးခဲ့ကြသူ အကြီးအကဲ ၂ ပါး၏
တည်ဆဲဥပဒေဖောက်ဖျက်မှုအား မေးခွန်းထုတ်လာကြ၏
မအံ့သြကြပါနှင့်တော့။

တို့ပြည်ကြီး၏ နေရာလွဲမှုများကလည်း
များသထက် များ၊ ဟားသထက် ဟားစရာ ဖြစ်သမှ
ရဲကားပေါ်မှာ သင်္ကန်းတကားကားနှင့် အလံကိုင်နေပုံ
စာပေပွဲမှာ အာဏာရှင်လူထွက်များ သဝဏ်လွှာဖတ်ပုံ
စသဖြင့် လူမှန် နေရာမှား၊ လူမှား နေရာမှန်သည့်
အလွဲဇာတ်ဟန် သရုပ်သကန်များလည်း ပေါ်လာတော့သည်
အံ့သြရပါ၏။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများအရေးမှာလည်း
ပြည်ထောင်စုနေ့မှာပဲ ဖြစ်တော့မလိုလို
ပြူတစ်ပြူတစ်ခဲ့ပြီးသကာလ
တရုတ်ဂလုပ်ဘ်သတင်းစာက ဖုန်ကြားရှင်အင်တာဗျူးနှင့်
မနောမြေက စေတနာဆရာမလေးနှစ်ယောက် သေဆုံးမှုအပြီး
အန်စီစီတီကြီးကိုယ်တိုင် လူပြန်မစုနိုင်ဖြစ်နေလေသည်
အံ့သြကုန်နိုင်ပါရိုးလား။

မည်သို့ပင်ဖြစ်စေ နိုင်ငံသားအပေါင်းတို့အနေဖြင့်
ဒီမိုကရေစီဆွမ်းခံရင်း ကျည်ဆန်ငှက်သင့်ရမည့်ဘေး
လူမှား နေရာမှားများ၏ ဖိအားခံစားရမည့်ဘေး
အစရှိသော ဘေးတကာ့ဘေးအပေါင်းမှ
ကင်းဝေးချမ်းသာနိုင်ကြပါစေသတည်း။

ပြောင်းဖူးရိုး

Leave a Reply

Your email address will not be published.