မိမိလူမျိုးတိုးတက်စေချင်သော စိတ်ဆန္ဒရှိသည့်ရှမ်းလူငယ်များကို ပညာသင်ထောက်ပံ့မှုများ တစ်နိုင်တစ်ပိုင် လုပ်ဆောင်ပေးနေကြောင်းသိရ

ရန်ကုန်၊ သြဂုတ် ၁၂
ရှမ်းတိုင်းရင်းသားလူငယ်များအနေဖြင့် မိမိတို့၏ ကိုယ်ပိုင်ရှမ်းစာပေနှင့် ယဉ်ကျေးမှုများကို တန်ဖိုးထားပြီး ကိုယ့်လူမျိုး တိုးတက် အောင်လုပ်ဆောင်ပေးမည့်သူများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပညာသင်ထောက်ပံ့မှုကိုတစ်ပိုင် တစ်နိုင်လုပ်ဆောင်နေကြောင်း ရှမ်းစာပေယဉ်ကျေးမှုအသင်းနှင့် ရှမ်းသင်ရိုးညွှန်းတမ်းပုံနှိပ်ထုတ်ဝေရေးအသင်းမှ ဒုဥက္ကဋ္ဌ ဒေါ်နန်းဝိုးဆိုင်က ပဲ့တင်သံသို့ပြောသည်။
တစ်ပိုင်တစ်နိုင် ထောက်ပံ့ကြေးပေးဆောင်နေသည့်အကြောင်းနှင့်ပတ်သက်၍ ဒေါ်နန်းဝိုးဆိုင်က ”ရှမ်းလူငယ်တွေကို ကူညီဖို့ Tai Education Fund Committee ကိုဖွဲ့ ပြီး စကောလားရှစ်သဘောမျိုးဖွဲ့ခဲ့တယ်။ Fund ကလည်း နည်းတဲ့အခါ အရင်ကဆရာဝန်တွေ၊ အင်ဂျင်နီယာတွေကိုပေးတယ်။ နောက်ပိုင်းပြန်ကြည့်တဲ့အခါ ဆရာဝန်တို့၊ အင်ဂျင်နီယာတို့က တဖြည်းဖြည်းနဲ့ ပြည်ပထွက်တာများတဲ့အခါကျတော့ ဒီအပိုင်းကိုထောက်ပံ့မှုလျှော့ပြီးအခုဆိုရင် သူနာပြုတို့၊ ဆရာဆရာမတို့ကို ဦးစားပေးရွေးချယ်ခဲ့တယ်။ ဆရာဝန်တွေကိုလည်း စိစစ်ပြီးပေးနေသေးပါတယ်။ ကိုယ့်လူမျိုးကို ကူ ညီချင်တဲ့စိတ်ဓာတ်မျိုး ရှိရမယ် ဆိုတဲ့ လူငယ်တွေကို အဓိကရွေး ပြီးတော့ ပံ့ပိုးတာပေါ့။ ပံ့ပိုးတယ်ဆိုတာ အနည်းအကျဉ်းလောက်ပါ ပဲ။ အပြည့်အဝမလုပ်ပေးနိုင်သေး ဘူး”ဟု ရည်ရွယ်ချက်နှင့် ပညာသင်ထောက်ပံ့မှု ရွေးချယ်ပုံကို ပြော သည်။ ပညာသင်ဆုရွေးချယ်ရာတွင် မိဘနှစ်ဦးစလုံးသည် ရှမ်းလူမျိုးတိုင်းရင်းသားဖြစ်စေ၊ မိဘတစ်ဦးဦးသည် ရှမ်းတိုင်းရင်းသားဖြစ်စေ လျှောက်ထားလာသူများကို စိစစ်ရွေးချယ်ခြင်းဖြစ်ပြီး ၁ဝ နှစ်ကြာ ထောက်ပံ့ပေးခဲ့သည့်လူငယ်များကို ပြန်လည်စုစည်းပြီး အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကျင်းပခြင်းဖြင့်မိမိတို့၏ သဘောထားနှင့် အဆိုပါလူငယ်များ၏ အမြင်များကိုဖလှယ်ကာ မိမိလူမျိုးနှင့်ကိုယ်ပိုင်စာပေယဉ် ကျေးမှု မြှင့်တင်နိုင်ရေးတို့ကိုအရှိန် အဟုန်မြှင့်ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ဒေါ်နန်းဝိုးဆိုင်ကပြော သည်။ ပညာသင်ထောက်ပံ့မှု ရရှိနေသော မကွေးဆေးတက္ကသိုလ် တတိယနှစ်မှ ကျောင်းသူ မနန့်ခမ်းနော်က ”ကျွန်မက မူဆယ်ကပါ။ ရှမ်းပြည်မှာ ဆေးရုံမရှိတဲ့ရွာတွေ၊ အရမ်းချောင်ကျတဲ့ ရွာတွေမှာ ဆေးရုံမရှိ၊ ဆရာဝန်မရှိဘူး။ အဲဒီလိုရွာတွေမှာ သွားပြီး တာဝန်ထမ်းဆောင်ချင်တယ်။ ပညာရေးကိုလည်း ဖြန့်ဝေပေးချင်တယ်။ ပြီးတော့ မူဆယ်၊ နမ့်ခမ်းအနီးတစ်ဝိုက်က ရွာတွေမှာ တော်တော်များများက ကျောင်းမတက်ကြဘူး။ ဒီတော့ ဘဝတွေကနိမ့်ကျ တယ်။ မူးယစ်ဆေးဝါးပြဿနာတွေကလည်း ရှိနေသေးတယ်။ ဒါတွေကို တတ်နိုင်သမျှလျော့ပါးအောင်လုပ်ပေးချင်တယ်။ ပညာရေးထောက်ပံ့ကြေးက သုံးနှစ်ရတယ်။ ဒီလို ကိုယ့်လူမျိုးတွေကို မြေတောင်မြှောက်ပေးတဲ့အတွက် ကျေးဇူးတင်တယ်။ ဒီလိုအဖွဲ့အစည်းတွေအများ ကြီးရှိလာစေချင်တယ်”ဟု ၄င်း၏ ဆန္ဒကို ပြောသည်။
ရှမ်းစာပေယဉ်ကျေးမှုအသင်း အနေဖြင့်မိမိတို့၏ ကိုယ်ပိုင်စာပေ ယဉ်ကျေးမှုအပိုင်းကို မြှင့်တင်ပြီး ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ ကျန်းမာ ရေးစောင့်ရှောက်မှုကဏ္ဍ၊ လူငယ်များ ဥာဏ်ပညာဖွံ့ဖြိုးပြီး မိမိတို့ဒေသတွင် ပညာရေး၊ ကျန်းမာရေးထွန်းကားလာပြီး မိမိလူမျိုး တိုးတက်လာစေရန် လူငယ်များ လုပ်ဆောင်ကြစေရန် ရည်ရွယ်ချက်ထား၍ လုပ်ဆောင်နေသည့် အသင်းဖြစ်သည်။
ဝ၁၁

Leave a Reply

Your email address will not be published.