ခေတ်သစ်သင်ပုန်းကြီး ၈၀

လေသံထန်ပြင်းသည့် စာရေးဆရာအား
သာသနာညှိုးနွမ်းဟု ဓားရမ်းခဲ့သူများက
မျိုးချစ်စိတ် အကြောင်းပြုကာ
ကိုယ်ရုံလွှာကိုပင် အားမနာစတမ်း
ရုန့်ရင်းကြမ်းတမ်းသော ဝေါဟာရ၊ မျက်နှာပေးဖြင့်
မထော်မနမ်း ညှိုးနွမ်းစေကြပြန်လေသည်
သည်အခါမှ သာသနာ မညှိုးရလျှင်
မည်သည့်အခါမှ ညှိုးရချေလိမ့်
မအံ့သြကြပါနှင့်။ပြည်သူကို ကိုယ်လိုရာ နားလည်စေချင်သည့်
ကိုယ့်ဘာသာ နံပါတ်တစ်နေသော မီဒီယာကြီးကလည်း
အထောက်အထားကို အခြေမခံဘဲ အာဃာတကို အခြေခံကာ
တွေးထင်ယူဆချက်ကို သတင်း လုပ်လို လုပ်
သူ့နှယ် ပြည်သူကို ဝါဒဖြန့်ရန် ကြိုးကုတ်သော
ပြည်သူ့ဝန်ဆောင်မှုမီဒီယာကိုလည်း
ထိပ်ပုတ်လိုက် ခေါင်းငုံ့လိုက်ဖြင့်
ဈေးကွက်ဗျူဟာ ခင်းလို ခင်း
စာဖတ်သူများအဖို့ ဘယ်သင်းကမှ
အစွဲမကင်းပါချေတကားဟု ခံစားရုံသာ ရှိတော့၏
အံ့ကြီးပင် သြောယူရပါသည်။လက်ပံတောင်း၊ သစ်ခိုးဂိုဏ်း၊ ဗိန္ဓောတုများဖြင့်
ချစ်ကြည်ရေး ပျက်ပြားလာလေလေ
အရှေ့မြောက်ဖျားမှာ ကျည်မိုးရွာလေလေ ဖြစ်လာရာ
ပေါက်ဖော်များ နှလုံးမအေးလျှင်
ပြည်တွင်းရေးလည်း ငြိမ်းအေးခက်ခဲရပြန်သည်
အိမ်နီးချင်းများ၏ စေတနာပုံရိပ်ပါတကား
အံ့သြရပါ၏။လွှတ်တော်ကြီး ပြန်စလေသည်
ထုံးစံအတိုင်း ကြိုတင်မေးခွန်း တင်ကာ
ကြိုတင်ပြင်ဆင်ထားသော အဖြေများကို
သက်ဆိုင်ရာ ပါရာဖတ်များက ရွတ်ဖတ်ပြကြသည့်
ဥပဒေပြုရေးဇာတ်တော်မဟာကား
အဆဲမခံရရေးအတွက် ဥပဒေလေးမျိုးပေါင်းကို
သည်တစ်ကြိမ်လွှတ်တော်မှာ အပြတ်ရှင်းမတဲ့
အံ့သြဖွယ် ကုန်နိုင်ပါပေ့။ယူရေနီယံ တွေ့ပြီဟု ဆိုလာသည်
ထွက်သမျှ သယံဇာတအပေါင်းအား
နိုင်ငံသားအကျိုးအတွက် ထိရောက်စွာ မသုံးနိုင်သရွေ့
တွေ့သမျှအရာကို သာဓုမခေါ်သာဘဲ
အမျှသာ ဝေရမည့်အဖြစ်မျိုးမို့
နိုင်ငံသားများကား ဝမ်းသာရမှာလား
ဝမ်းနည်းရမှာလား မသဲကွဲကြဆဲပါတည့်
ယူရေနီယံမက်လုံးဖြင့် ယူနီယံအိပ်မက်ကို
အမှုန့်ချေလေဦးမလား စိုးရိမ်ကြဆဲပါတည့်
အံ့သြရပါသည်။အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သည့်
ဒေါင်းလုလုင်ပျို လုံမပျိုများကား
ဒေါင်းအိုကြီးများ အတောင် ပန်းချိန်မှာ
ခွပ်လက် ပြောင်မြောက်လာကြသည်မို့
အားရနိုင်ကြပါကုန်လော့။မည်သို့ပင်ဖြစ်စေ နိုင်ငံသားအပေါင်းတို့လည်း
ပြုပြင်ပြောင်းလဲရေးအမည်ခံ အကွက်ရွှေ့မှုမှ
အမြန်ကင်းလွတ်ကြပါစေသတည်း။

ပြောင်းဖူးရိုး

Leave a Reply

Your email address will not be published.