အကြောက်တရားနှင့် ပွင့်လင်းမြင်သာမှု

တိုင်းတစ်ပါးသြဇာ ခံရမည်ကို အစိုးရကမှ မဟုတ် ပြည်သူတို့က လည်း လက်မခံလိုကြပေ။ သို့ရာတွင် အစိုးရတာဝန်ရှိသူများကိုယ် တိုင်က တိုင်းတစ်ပါးတရုတ်ကို ကြောက်နေရသည်ဟု ဖွင့်ဟဖူးလေရာ ပြည်သူများမှာ မချင့်မရဲဖြစ်ခဲ့ကြဖူးလေသည်။ လတ်တလောတွင် အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ရန်ဟုဆိုကာ တိုင်း တစ်ပါးသားအချို့တို့အား ရန်သူသဖွယ် သဘောထားပြောဆိုနေကြ သော်လည်း လက်ပံတောင်းတောင်အရေး၊ ကချင်ပြည်နယ်တွင်းမှ သစ်ခိုးဂိုဏ်းအရေးနှင့် လိုင်စင်မဲ့ဆေးခန်းများအရေးတို့မှာ ပတ်သက် နေသော တိုင်းတစ်ပါးသားတရုတ်များကိုမူ အစိုးရအပါအဝင် အဆိုပါ တိုင်းတစ်ပါးလူမျိုးခြားများအား ရန်သူသဖွယ် ပြောဆိုနေသော မည် သည့်အစုအဖွဲ့များကမျှ ထိရောက်သော ကန့်ကွက်ဆန့်ကျင်မှုများ မပြုကြချေ။ ထို့ကြောင့် တိုင်းတစ်ပါးတရုတ်ကို ကြောက်သော အကြောက်တွင် အစိုးရသာမက ထိုထိုသောအစုအဖွဲ့များပါ ပါဝင်နေ သယောင်ဖြစ်နေပါသည်။ စင်စစ် နိုင်ငံသားများအဖို့ မည်သည့်တိုင်း တစ်ပါးကိုမဆို မကြောက်လိုသကဲ့သို့ ကိုယ့်အစိုးရကိုလည်း မည်သည့် တိုင်းတပါး အစိုးရနှင့်လူမျိုးကိုမဆို ကြောက်မနေစေလိုပေ။
ထိုအခါ မေးစရာ ပေါ်လာသည်မှာ ကိုယ့်အစိုးရက အဘယ့် ကြောင့် တရုတ်ကို ကြောက်နေရသနည်းဟူသည်ကို ကိုယ့်နိုင်ငံသား များအား မည်မျှပွင့်လင်းမြင်သာစွာ ချပြဖူးပါသနည်းဟူသောမေးခွန်း ပင်ဖြစ်ပါသည်။ စင်စစ် နိုင်ငံသားများအနေဖြင့် အစိုးရ၏ အကြောက် တရားနောက်ကွယ်မှ အကြောင်းရင်းစင်စစ်ကို ပွင့်လင်းမြင်သာစွာ သိခွင့်ရခဲ့ပြီး ထိုအကြောင်းရင်းမှာလည်း နိုင်ငံ့အကျိုး၊ လူထုအကျိုးကို မသွေဖည်ပါလျှင် အစိုးရ၏နောက်မှာ တစ်ခဲနက် ရပ်တည်ကြမည် ဖြစ်ကာ အကြောက်တရားကို ကူညီတွန်းလှန်ကြမည်မှာ မလွဲပါချေ။ သို့ မဟုတ်ဘဲ အကြောင်းရင်းမှာ ပုဂ္ဂလိကအကျိုးစီးပွားသာဖြစ်လျှင်မူ နိုင်ငံသားများအနေဖြင့် မည်သို့မျှ ကူညီနိုင်မည် မဟုတ်ပေ။ ထို့ ကြောင့် အစိုးရအနေဖြင့် တိုင်းတစ်ပါးကို ကြောက်သည့်အကြောက် တရားအား ဆက်လက်ထွေးပွေ့မထားလိုပါက နိုင်ငံသားများအား အကြောင်းရင်းစင်စစ်ကို ပွင့်လင်းမြင်သာမှုရှိစွာ အသိပေးနိုင်ရပါ မည်။ ခေတ်အဆက်ဆက် ကူညီထောက်ပံ့ပေးခဲ့သည့် ကျေးဇူးဟု ခပ်လွယ်လွယ်ဆိုရုံဖြင့် မလုံလောက်ပါ။ နိုင်ငံသားများအဖို့ မိမိတို့ အကျိုးအလို့ငှာ တိုင်းတစ်ပါးကို သည်းခံနေရသည်ဟု သိလျှင်လည်း သဘောတူနေနိုင်ကြမည် မဟုတ်ပေ။ ပြည့်အင်အားသည် ပြည်တွင်း မှာသာ ရှိသည်ဟုဆိုတတ်သော အစိုးရအဖို့ နိုင်ငံသားတို့ထံမှ အား ပေးထောက်ခံမှုကို လက်ကိုင်ပြု၍သာ ပြည်ပတိုင်းတစ်ပါးကို ကြောက် သည့်အကြောက်အား တွန်းလှန်ရင်ဆိုင်သင့်လှပေသည်။
လတ်တလော ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်များ၌ အနှောင့်အ ယှက်၊ အခက်အခဲများ ပေါ်ထွက်လာရာတွင် တိုင်းတစ်ပါးတရုတ်မီ ဒီယာများ၌ ဝလက်နက်ကိုင်ခေါင်းဆောင်၏ အင်တာဗျူး ဖော်ပြ ခဲ့သကဲ့သို့ ထိုနောက်ပိုင်းတွင်လည်း တိုက်ပွဲများ ပိုမိုပြင်းထန်လာ ရာ ပြည်တွင်းငြိမ်းချမ်းရေး၌ တိုင်းတစ်ပါးတရုတ်၏သြဇာ မည်မျှ နှင့် မည်ကဲ့သို့ သက်ရောက်နေသနည်းဟူသည်မှာ မေးစရာဖြစ်လာ ပြန်ပါသည်။ ထို့ပြင် လက်နက်ကိုင်တိုင်းရင်းသားအုပ်စုများနှင့် တိုင်း တစ်ပါးတရုတ်ကြား အဆက်အစပ်ကိုလည်း နိုင်ငံသားတို့အနေဖြင့် ပွင့်လင်းမြင်သာစွာ မသိနိုင်ကြသေးဆဲဖြစ်နေပါသည်။ တနည်းအား ဖြင့် ပြည်တွင်းငြိမ်းချမ်းရေးအကျပ်အတည်းတွင် တိုင်းတစ်ပါးတရုတ် ၏လက် မည်မျှစွက်ဖက်နေသနည်းဟု တွေးစရာများ ဖြစ်နေပါသည်။
သို့ဖြစ်ရာ အစိုးရအနေဖြင့် တိုင်းတစ်ပါးတရုတ်အပေါ် အကြောက် တရားအား ဝါဒဖြန့်ချိရေးဆန်သည့် သတင်းထုတ်ပြန်မှုများဖြင့် ဖုံး ကွယ်နေခြင်းထက် ပွင့်လင်းမြင်သာမှုရှိစွာ အသိပေးခြင်း၊ ပုဂ္ဂလိက မီဒီယာများ၏ လွတ်လပ်စွာ သတင်းတင်ပြခွင့်ကို ကူညီပေးခြင်းများ ဖြင့်သာ ရင်ဆိုင်သင့်ပါသည်။ နိုင်ငံသားများအနေဖြင့် ပြည်တွင်းငြိမ်း ချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းအဖြေရှာရန် ကြိုးစားနေသော မြန် မာ့တပ်မတော်နှင့် လက်နက်ကိုင်တိုင်းရင်းသားတပ်များအား မည် သည့်တိုင်းတစ်ပါးသြဇာခံအဖြစ်၊ တိုင်းတစ်ပါးကို ကြောက်နေရသည့် အဖြစ်ဖြင့် မမြင်မတွေ့လိုကြပါ။ လိုအပ်ပါက မိမိတို့၏ အစိုးရ၊ တပ်မတော်များနောက်တွင် နိုင်ငံသားများက ကျောချင်းကပ်အား ပေးထောက်ခံရန်လည်း ဝန်လေးကြမည် မဟုတ်ပါ။ သို့ရာတွင် ရှေး ယခင်ခေတ်အဆက်ဆက်က ဆက်နွှယ်ပတ်သက်မှုများ၊ သဘောတူညီ ချက်များ၊ ကျေးဇူးခံကျေးဇူးစားအနေအထားများနှင့် ပတ်သက်၍ ယခုထက် ပွင့်လင်းမြင်သာစွာ သိရှိခွင့်ရမှသာလျှင် ထိုသို့ကျောချင်း ကပ်အားပေးထောက်ခံနိုင်မည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
နိုင်ငံသားတို့အသံကို လွတ်လပ်စွာ ပဲ့တင်ထပ်စေမည်။

အယ်ဒီတာ

Leave a Reply

Your email address will not be published.