မြစ်ဆုံစီမံကိန်းကို ပြည်သူများကလက်ခံမည်မဟုတ် ဧရာဝတီကိုကာကွယ်သောအစိုးရသာအလိုရှိ

ဧရာဝတီမြစ်ဆုံစီမံကိန်းကိုပြည်သူများက မည်သည့်အခါမျှလက်ခံမည်မဟုတ်သဖြင့် မည်သည့်အစိုးရတက်လာတက်လာ ဧရာဝတီကို ကာကွယ်မပေးနိုင်သောအစိုးရဆိုလျှင် လုံးဝမထောက်ခံဘဲ အတက်လည်းမခံနိုင်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ ဧရာဝတီထာဝရရှင်သန်ရေးလှုပ်ရှားသူ ပန်းချီဆရာမြင့်မောင်ကျော်က ပဲ့တင်သံဂျာနယ် သို့ ပြောသည်။
”သမ္မတကြီး ဦးသိန်းစိန်ကတော့ သူ့လက်ထက်မှာ မြစ်ဆုံကိုရပ်ထားပါမယ်ပြောတယ်။ နောက်အစိုးရ သစ်လက်ထက်မှာတော့ သူတာဝန်မယူဘူး။ တရုတ်တွေကို အားနာလို့ပြောတာလည်းဖြစ်ချင်ဖြစ်မှာပေါ့။ ပြည်သူကတော့ မြစ်ဆုံလုပ်မယ့် ကိစ္စကိုဘယ်တော့မှ ကြိုက်မှာမဟုတ်ဘူး။ ကျွန်တော်တို့ကလည်း ဘယ်အစိုးရဘဲ တက်လာလာ ဧရာဝတီကိုကာကွယ်မပေးနိုင်တဲ့အစိုးရကို လုံးဝမထောက်ခံဘူး။ ရိုးရိုးလေးပဲ။ ဧရာဝတီကိုကာကွယ်မပေးတဲ့အစိုးရကိုလည်း အတက် မခံဘူး”ဟု ဆရာမြင့်မောင်ကျော်က ဧရာဝတီမြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ ပွင့်လင်းစွာပြောဆိုခဲ့သည်။
ဧရာဝတီမြစ်ဆုံစီမံကိန်းနှင့်ပတ်သက်သော ၄င်း၏ အမြင်ကိုမေးမြန်းခဲ့ရာ ”ဈေးသည်နဲ့ဈေးဝယ်လိုပါပဲ။ အရင်တုန်းကမြစ်ဆုံမှာ ဆည်တည်ဆောက်ဖို့ကို ပွင့်လင်းမြင်သာစွာနဲ့ တိုင်းပြည်နဲ့တိုင်ပင်ပြီးလက်ခံခဲ့တာမဟုတ်ဘူး။ အာဏာရှင်အစိုးရလက်ထက်က ဘယ်သူ့မှမပြောပဲ သူလုပ်ချင်ရာသူလုပ်လို့ရတဲ့ အာဏာရှင်စနစ်နဲ့ အရောင်းအဝယ်သဘောတူခဲ့တာ ဥပမာပေးရရင်မိသားစုအတွင်းမှာ အစ်ကိုတစ်ယောက်က ဆိုးသွမ်းပြီး အိမ်ဂရန်ကိုပေါင်လိုက်တယ်။ အဲဒါကို သိတဲ့ကျန်တဲ့မိသားစုတွေက အိမ်ဂရန်ပြန်ရရေးအတွက် ကြိုးစားကြရမှာပဲ။ အိမ်ကိုတော့ မပေးလိုက်နိုင်ဘူး။အပေါင်ခံတဲ့သူကလည်း ပြန်လိုချင်တယ်လေ။ သူတို့ဘက်က ငွေတွေကျွံခဲ့ပါတယ်ဆိုရင်လည်း ကျွန်တော် တို့ကတော့ ပြန်လုယူရမှာပဲ။ ဒါကတော့ အနီးစပ်ဆုံး ဥပမာပါပဲ”ဟု ရှင်းပြခဲ့သည်။
အနုပညာသမားတစ်ယောက်အနေဖြင့် ဧရာဝတီနှင့် ပတ်သက်၍ ၂ဝ၁ဝ ခုနှစ်မှစပြီး ဧရာဝတီကာကွယ် စောင့်ရှောက်ခြင်းများကို တစ်စိုက်မတ်မတ်လုပ်ဆောင် ခဲ့ကြောင်း၊ ယခု ၂ဝ၁၃ ခုနှစ်တွင် ဧရာဝတီအတွက် ရေအရင်းအမြစ်က ပညာရှင်များ၊ ဘူမိဗေဒပညာရှင် များ၊ ဓာတုဗေဒပညာရှင်များအားလုံး ဝိုင်းဝန်းသုတေသနလုပ်၍ တွေ့ရှိချက်များထဲတွင် ဧရာဝတီကို ကာ ကွယ်ကြရန်၊ ဧရာဝတီကိုယခုထက်ပို၍ တယုတယ ပြုစုကြရန်၊ ဧရာဝတီကိုသန့်ရှင်းကြရန် စောင့်ရှောက် ကြရန် အထောက်အထားများထွက်လာပြီဖြစ်ကြောင်း ၄င်းကဆိုသည်။
သဘာဝပတ်ဝန်းကျင်နှင့်အနုပညာဆက်နွှယ်မှု အား အနုပညာသမားတစ်ယောက်အနေဖြင့် ၄င်း၏ ခံစားချက်များကို မေးမြန်းကြည့်ရာ ”ဧရာဝတီဆိုတာရော ကိုယ့်သဘာဝပတ်ဝန်းကျင်ဆိုတာရော အနုပညာတွေဘဲလို့ ပြောလို့ရတယ်။ လူနဲ့သတ္တဝါအားလုံး ဒီ Nature ထဲကပဲ မွေးဖွားလာတာ၊ Nature ဟာ တကယ်တမ်းကျတော့ ကိုယ့်အိမ် တံစက်မြိတ်အပြင်ဘက်က အရာဆိုပေမဲ့ ကိုယ့်အိမ်တံစက်မြိတ်အပြင်ဘက်မှာ ထပ်ကာထားတဲ့ ကိုယ့်ရဲ့ကမ္ဘာပဲ၊ ကိုယ့်ကမ္ဘာထဲမှာ ရှိတဲ့အရာတွေအားလုံးချစ်တတ်တာက အနုပညာသမား တွေရဲ့သဘာဝပါပဲ။ ငယ်ငယ်ကတည်းက သစ်ပင်လေး တွေ၊ ပန်းပင်လေးတွေတွေ့ရင် လူတိုင်းလိုလိုချစ်တတ်ကြတယ်။ ကျွန်တော်လို့ ပန်းချီဆရာတစ်ယောက်ဟာ သစ်ပင်လေးတွေ၊ ပန်းပင်လေးတွေသဘာဝပတ် ဝန်းကျင်ကိုကြည့်ပြီး ပန်းချီရေးပြီး ပန်းချီဆရာရယ်လို့ စဖြစ်လာတယ်။ အနုပညာနဲ့ သဘာဝပတ်ဝန်းကျင်မစိမ်းဘူး။ ဒီတော့သဘာဝပတ်ဝန်းကျင် ပြောင်းလဲပျက်စီးလာပြီဆိုတဲ့အခါကျတော့ အနုပညာသမားတစ်ယောက်၊ အထူးသဖြင့်ပန်းချီဆရာတစ်ယောက် ဖြစ်တဲ့ ကျွန်တော်ဘယ်လိုမှ မခံစားနိုင်ဘူး။ လွန်ခဲ့တဲ့ ငါးနှစ်ကျော်ကစပြီး ဧရာဝတီရေကျတာကို ကြည့်ပြီး ဝမ်းနည်းခဲ့ရတယ်။ ဧရာဝတီရေစီးရေလာမကောင်း တာကိုကြည့်ပြီးလိုက်ရှာ၊ ဓာတ်ပုံတွေရိုက်ရင်းနဲ့ ၂ဝ၁၁ ခုနှစ်ကျတော့ ဘာနဲ့တူသလဲဆိုတော့ ကိုယ့်လူမမာခြေ ထောက်အထိသွေးလျှောက်ရဲ့လားလို့ စမ်းကြည့်နေ တုန်းမှာပဲ တစ်ယောက်ကငယ်ထိပ်ကို မသေသေ အောင်ထုလိုက်သလိုမျိုး မြစ်ဆုံကိစ္စမှာ ခံစားလိုက်ရ တယ်။ မြစ်ကြီးနားကနေ ဗန်းမော်ကိုကားစီးပြီးတော့ ဗန်းမော်ကနေ ပခုက္ကူ၊ ပြည်ထိအောင်သင်္ဘောတစ် ဝက်စီး၊ သင်္ဘာသုံးစင်းပြောင်းပြီး ဗန်းမော်ကနေ မန္တလေးအထိ ရွှေကိန္ဒရီသင်္ဘောစီးတယ်။ မန္တလေး ကနေ ပခုက္ကူထိအောင် အညာဆန်သင်္ဘောစီးရ တယ်။ ပခုက္ကူကနေ ပြည်ထိအောင် ပြည်ကတော်စီးရ တယ်။ ငါးရက်လုံးစုန်ဆန်ပြီး ဓာတ်ပုံရိုက်နေရင်း ဧရာဝတီမြစ်ဆုံမှာ မြစ်ဆုံဆည်ဆောက်နေတာကို သွားတွေ့လိုက်ရတယ်။ စောစောကပြောသလို လူမမာခြေထောက်သွေးလျှောက်ရဲ့လားလို့ စမ်းနေရတဲ့ အချိန် ထိပ်ကနေ မသေမချင်းတူနဲ့ထုနေတဲ့လူတွေ ကိုတွေ့နေရတယ်။ အဲဒီမှာတင် ဧရာဝတီကိုထိပ်ကနေ ပိတ်ပြီး ဆည်ဆောက်တဲ့ဟာကိုအပြင်းအထန်ကန့်ကွက် ရှုတ်ချခဲ့တယ်”ဟု ဖွင့်ဆိုပြခဲ့သည်။
ပန်းချီဆရာတစ်ဦးဖြစ်သည့် ဆရာမြင့်မောင် ကျော်က ဧရာဝတီနှင့်ပတ်သက်၍ မိမိတတ်ကျွမ်း သည့် အနုပညာဖြင့်အားဖြည့်ကာ ရှေ့ဆက်လုပ်ဆောင် နေမှုများကို ”ဧရာဝတီထာဝရရှင်သန်ရေးဆိုတဲ့ အတိုင်း ဧရာဝတီနဲ့ပတ်သက်ပြီး ထာဝရလုပ်နေမှာ ပါပဲ။ လတ်တလော ဟိုတစ်နှစ်က ဧရာဝတီထာဝရ ရှင်သန်ရေးဆိုပြီး စင်္ကာပူဟောပြောပွဲမှာတုန်းက စင်္ကာပူအတွက် ကမန်းကတန်းပြင်ဆင်သွားတဲ့ ရေတစ်စက်ရဲ့သံသရာ ဆိုတဲ့စာအုပ်ကလေးကို လင်းလွန်းခင်စာပေကနေ နောက်ထပ်တွေ့ရှိတဲ့ အချက် အလက်တွေ ထပ်ပေါင်းပြီးတော့ ပြန်ထွက်ဖို့ရှိပါ တယ်။ ဧရာဝတီနဲ့ပတ်သက်ပြီး တိုက်ပွဲဝင်တဲ့ အနေနဲ့ ရေးထားတာဖြစ်ပါတယ်။ နောက်ထပ်ဧရာဝတီနဲ့ ပတ်သက်ပြီးတွေ့ရှိတဲ့ အချက်အလက်အထောက် အထားတွေ ကိုးကားပြီးပြပွဲတွေ၊ အင်ဖော်မေးရှင်းတွေ၊ အင်ဖိုဂရဖ်တွေရေးဖို့ အစီအစဉ်ရှိပါတယ်။ နောက်ထပ် တွေ့ရှိချက်အသစ်တွေက ဧရာဝတီကို နောက်ထပ် ဆောင်ရွက်ဖို့လိုတယ်ဆိုတဲ့အချက်တွေရှိတယ်။ ငနုသန်းလေးတွေက အာဆင်းနစ် ပျော်ဝင်နေတဲ့ရေကို သောက်နေရတဲ့အတွက် အခုမစားရဲတော့ဘူး။ အဲဒီ ငါးမျိုးတွေဟာ ရေရှည်မှာမျိုးပြန့်ပွားဖို့အတွက်လည်း သိပ်မလွယ်ဘူး”ဟုရှင်းပြခဲ့သည်။
ဆရာမြင့်မောင်ကျော်သည် ဧရာဝတီအား လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်ကတည်းက ဓာတ်ပုံရိုက်မှတ်တမ်းတင်ခဲ့ပြီး ယခုနှစ် သြဂုတ် ၁၈ ရက်နေ့မှ စတင်ကာ ဧရာဝတီမြစ်အထက်ပိုင်းသို့သွားရောက်ပြီး မှတ်တမ်းဓာတ်ပုံများကို ရိုက်ကူးလျက်ရှိရာ၊ မကွေးတိုင်းအတွင်းရှိ ရှေးဟောင်းမြန်မာ့ယဉ်ကျေးမှုလက်ရာ များကို ဓာတ်ပုံမှတ်တမ်းတင်လျက်ရှိသည်။
ဝ၁၇

Leave a Reply

Your email address will not be published.