ခေတ်သစ်သင်ပုန်းကြီး ၇၉

ထိပ်သီးဒူးတိုက်ဆွေးနွေးပွဲများ မျှော်နေချိန်တွင်
၄၈ ပါးဆိုင် အစည်းအဝေး ကောက်လုပ်ရာ
ထိပ်သီးစင်စစ်အချို့က ရေရောနွားနို့မှန်း သိပြီး
အောင့်သီးအောင့်သက် ဖြစ်ကြသလောက်
ထိပ်သီးများနှင့် ကြမ်းတပြေး ဆွေးနွေးခွင့်ကို
ခေတ်အဆက်ဆက် မျှော်ခဲ့ရသူများက
ပျားရည်လျက်ရသလို ကျေနပ်အားရဖြစ်ကြသဖြင့်
မီဒီယာအချို့ပင် မျက်စိလည်သွားပြီး
နိုင်ငံရေးဆွေးနွေးပွဲ လုပ်သော်လည်း
အဖြေမထွက်ဟု ရေးကြပြီး နောက်တစ်နေ့မှာပင်
လွှတ်တော်အုပ်ကြီးကလည်း တိုင်းရင်းသားများနှင့်
…ပါးမြိုင်ထကို ကျင်းပပြီးသကာလ
ထိပ်သီးဆွေးနွေးပွဲ အနှစ်သာရကို
သဝေထိုးသွားအောင် မွှေလာလေတော့၏
အံ့သြမနေကြပါနှင့်တော့။သမ္မတမင်းကား ဗြုန်းစားကြီးပင်
ကချင် မြေနင်းကစားထွက်ဖြစ်သည်မှာ
လောင်ချာအတိတ်ကို မျက်စိမှိတ်မေ့စေလိုသဖြင့်လော
မီဒီယာမျက်နှာစာမှာ စာနာသူကြီးအဖြစ် ပါလိုသဖြင့်လောဟု
စောကြောတွေးချင့်စရာပါတည့်
စစ်ရှောင်ကမ့်ပ်တကာတွင်
ဖြစ်သလိုနေရရှာသော ကချင်သွေးချင်းများအတွက်မူ
ပုဝါမကူ အစာမလှူခဲ့လေသဖြင့်
ကချင်ဝတ်စုံ ရုံကာမျှနှင့်
သွေးချင်းနီးလှချည့်ဟု လှည့်စားရန် ကြံရဲလှလေ၏
အံ့သြမနေကြပါနှင့်တော့။ရန်ပုံငွေဖျော်ဖြေပွဲနှင့် လေလံပွဲများလည်း
ရိုးရုံမက အီလာသည့်သကာလ
ဆွယ်တာတစ်ထည် သိန်းငါးရာကျော်ဈေးမှသည်
ယွန်းဆွမ်းအုပ်တစ်အုပ်ကို သိန်း ၂၆၀ သာဖြစ်လာရာ
လူထုထောက်ခံမှုအရာမှာပါ လျော့မလာစေရေး
ခွပ်ဒေါင်းများ တွေးချင့်နိုင်ပါအံ့ဟု
မေးချင်စရာ ဖြစ်ရပါလေသည်
အံ့သြမိပါ၏။တိုင်းတစ်ပါးလူမျိုးခြားသစ်ခိုးဂိုဏ်းက
တပ်ရင်းတစ်ရင်းစာ လူအင်အားနှင့်
စီမံကိန်းတစ်ခုစာ ကိရိယာပစ္စည်းအင်အားများ
စနစ်တကျ များပြားလွန်းလှရကား
လက်ပံတောင်းလယ်သမားများကို
ဆန္ဒပြမှုဖြင့် ဖြိုခွဲစဉ်ကလို အကြမ်းမဖက်ရဲဘဲ
အင်အားချင်း မယှဉ်သာသဖြင့်ဆိုကာ
လက်ဖျားနှင့်ပင် မထိရက်ခဲ့လေရော့သလား
အံ့သြကုန်နိုင်ရပါပေ့။ပါရီက သရော်စာသတင်းစာလည်း
အကြမ်းဖက်များလက်ချက်ဖြင့်
စောင်ရေ သုံးသန်းထိ တက်သွားရကား
လူကြမ်း ကောင်းမှ မင်းသမီး ဆုရသည့်
ဖော်မြူလာဟောင်းမှာ အလုပ်ဖြစ်ဆဲပေမို့
မြန်မာ့နိုင်ငံရေးဇာတ်ခုံအတွက်
လူကြမ်းများ မခေါင်းပါးပါစေနှင့်ဦးဟု
မျှော်ရမတတ်ပါတည့်
အံ့သြတော်မူကြကုန်လော့။မည်သို့ပင်ဖြစ်စေ နိုင်ငံသားအပေါင်းတို့ကား
ရေရော၊ မျက်လှည့်ဆွေးနွေးပွဲများဖြင့်
ရွေးကောက်ပွဲမရောက်မချင်း နေလှန်းခံထားရခြင်းဘေးမှ
ကင်းဝေးနိုင်ကြပါစေသတည်း။

ပြောင်းဖူးရိုး

Leave a Reply

Your email address will not be published.