‘ထာဒို’ချင်းတိုင်းရင်းသားများ နှစ်ပေါင်း ၆ဝ ကြာ ပစ်ပယ်ခံခဲ့ရ

မြန်မာနိုင်ငံတိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးတွင် ပါဝင်သော ”ထာဒို”တိုင်းရင်းသားတို့၏ဘဝသရုပ်ကို ပဲ့တင်သံ၏ တိုင်းရင်းသားအသံကဏ္ဍမှ တင်ဆက်လိုက်ပါသည်။
”ထာဒို”တိုင်းရင်းသားတစ်ဦးဖြစ်သူ ဂိုဇလာလ်က”ဟိုန်ဇံကျေးရွာသည် ယခုမြို့ကြီးဖြစ်နေတဲ့တီးတိန်မြို့နဲ့အတူတူ မူလတန်းခွဲကိုတစ်နှစ်အတွင်း အတူတူရခဲ့တာ။ ဒါပေမဲ့ ဟိုန်ဇံမူလတန်းခွဲက ယခုအချိန်ထိမူလတန်းအဆင့်ထိပဲ ရှိနေသေးတယ်။ ဒါကြောင့် တန်းတူအခွင့်အရေးရခြင်းဆိုတာအလွန်ကွာနေတယ်။ မြန်မာနိုင်ငံမှာရှိတဲ့တိုင်း ရင်းသားမျိုးနွယ်စုတွေထဲမှာ ကျွန်တော်တို့ထာဒိုမျိုးနွယ်စုတွေဟာ လူနေမှုဘဝ၊ ဖွံ့ဖြိုးတိုးတက်မှုဘဝ အနိမ့်ကျဆုံးဖြစ်နေတယ်။ ကျွန်တော်တို့ထိုင်ကိုင်ဒေသမှာ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး တို့ဟာ ယခုအချိန်ထိအခက်အခဲပေါင်းများစွာနဲ့ရင်ဆိုင်နေရတယ်။ ဒါကြောင့်ထိုင်ကိုင်ဒေသကိုဖြစ်ဖြစ်၊ ကျွန်တော်တို့လူမျိုး တွေကို မြို့နယ်တစ်မြို့နယ်အဆင့်သတ်မှတ်ပေးစေချင်တယ်”ဟု ထာဒိုတိုင်းရင်းသားတို့၏အခက်အခဲကိုပြောသည်။ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်၍ ”အိန္ဒိယနိုင်ငံမဏိပူရပြည်နယ်က၊ ကသည်းသူပုန်တွေကို ချင်း ပြည်နယ်မြောက်ပိုင်းနယ်စပ်ဒေသဖြစ်တဲ့ ကဘော်ချိုင့်ဝှမ်း၊ တမူးဒေသမှာ လွန်ခဲ့တဲ့ ၁၃ နှစ်က ဒေသဆိုင်ရာ အာဏာပိုင်များကနေထိုင်ခွင့်ပြုခဲ့တယ်။ အခုဆိုရင်သူတို့က တမူးနယ်၊ ကဘော်ဒေသတွေမှာ မြေယာတွေဝယ်ယူထားပြီး ခိုင်ခံ့တဲ့လူနေအိမ်တွေ၊ စခန်းတွေဆောက်ပြီး ဒေသခံတွေနဲ့ ထိမ်းမြားလက်ထပ်တာတွေပါရှိနေတယ်။ ပြီးတော့ သူတို့တွေက လက်နက်တွေ ရောင်းဝယ်တယ်။ မူးယစ်ဆေးဝါးတွေရောင်းပြီး ချမ်းသာနေကြတယ်။ တစ်ခါတလေ သူတို့အချင်းချင်း ပြဿနာဖြစ်လို့ လူနေအိမ်နဲ့ရပ်ကွက်ကို သေနတ်နဲ့ပစ်တဲ့အခါ ကျွန်တော်တို့တွေရဲ့လုံခြုံမှုက မအေးချမ်းကြဘူး။ အထူးသဖြင့် တွန်းဇံမြို့မြောက်ပိုင်း မြန်မာ-အိန္ဒိယနယ်နိ မိတ်တစ်လျှောက်မှာ မိုင်းဗုံးတွေထောင်ထားလို့ ပြည်သူတွေအသက် ဆုံးရှုံးနေရတယ်။ ဒီကိစ္စတွေကို သက်ဆိုင်ရာနဲ့စစ်ဘက်အာဏာပိုင်တွေကိုတိုင်ကြားပေမဲ့လည်း ဘာမှအကြောင်းမထူးဘူး”ဟု လက်ရှိရင် ဆိုင်နေရသော ပြဿနာများကိုပြောသည်။ မူးယစ်ဆေးဝါးအန္တရာယ်သည် အဆုံးစွန်ထိရောက်ရှိနေကြောင်းကို ဂိုဇလာလ်က ”ကျန်ခဲ့တဲ့ ၂ဝဝ၅ ခုနှစ်မှာ ကသည်းသူပုန်တွေက တွန်းဇံမြောက်ပိုင်းနေတဲ့ ကျွန်တော်တို့ ထာဒိုချင်းတွေကို ဘိန်းစိုက်ဖို့ငွေချေးပြီး ဘိန်းတွေစိုက ခိုင်းတယ်။ ဘိန်းခင်းတွေကလည်း ကျွန်တော်တို့ဒေသမှာ တစ်နှစ်ပြီးတစ်နှစ်တိုးပြီးစိုက်လာကြတယ်။ ဘိန်းစိုက်ပြီဆိုမှတော့ဘိန်းစားတဲ့သူ၊ ဘိန်းစွဲတဲ့သူများလာတာပေါ့။ တချို့ဆိုရင် စိုက်ခင်းထဲပါသွားတဲ့ နို့စို့ကလေးကစပြီး မိဘတွေအထိစွဲပြီး အခြေအနေဆိုးလာတယ်”ဟု ဘိန်းသုံးစွဲမှု ပြဿနာကိုပြောသည်။ လမ်းပန်းဆက်သွယ်ရေးအခြေအနေဆိုးရွားသည်ကို ”ကျွန်တော်တို့ ထာဒိုချင်းတွေက တွန်းဇံမြို့အရှေ့မြောက်ပိုင်း ထိုင်ကိုင်ဒေသရယ် စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကဘော်ချိုင့်ဝှမ်းဒေသတွေမှာနေတာများတယ်။ အရှေ့မြောက်ပိုင်းဒေသနဲ့တွန်းဇံမြို့ကို တောင်တန်းတွေခြားထားပြီးလူသွားလမ်းတစ်ခုပဲ ရှိတယ်။ ချောင်းဖြတ်လမ်းတွေမှာ သွားလာနိုင်တဲ့ ကြိုးတံတားလည်းမယ်မယ်ရရမရှိဘူး။ ကျွန်တော်တို့ဒေသကကဘော်ချိုင့်ဝှမ်းမှာရှိတဲ့ အိန္ဒိယ-မြန်မာလမ်းမကြီးနဲ့ ၁၈ မိုင်ကနေ မိုင် ၅ဝလောက်ဝေးတယ်။ သို့သော်ဒီနေ့ထိခြေလျင်သွားနေရတုန်းပဲ။ လွန်ခဲ့တဲ့ ၃ နှစ်က အိန္ဒိယ-မြန်မာ လမ်းမကြီးကနေ ၅၆ မိုင်ရှည်တဲ့ မဟာဗျူဟာ လမ်းမဖောက်တော့ ဒီလမ်းမှာရှိတဲ့ရွာ ၅ ရွာမှာတော့ မော်တော်ဆိုင်ကယ်သွားလို့ရတယ်။ ကျန်တဲ့ရွာပေါင်း ၂၂ ရွာကတော့ ကိုယ့်အားကိုယ်ကိုးပြီး လူသွားလမ်း ဖောက်ထားတာပဲရှိတယ်။ မြေပြန့်စစ်ကိုင်းတိုင်းနဲ့အလွန်နီးသော်လည်း စစ်ကိုင်းတိုင်းမှာစီမံကိန်းတွေရှိလာတဲ့အခါ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့က သူတို့နဲ့မသက်ဆိုင်ဘူးလို့ ပြောတယ်”ဟု ထာဒိုချင်းတို့၏ခံစားချက်ကိုပြောသည်။ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များချမှတ်သင့်ကြောင်းကို ”နှစ်ပေါင်း ၆ဝ လုံး အစစ အရာရာပစ်ပယ်ခံရပြီး လူ့အခွင့်အရေးဆုံးရှုံးနေရတယ်။ ယခုနှစ်များအတွင်း လမ်းပန်းဆက်သွယ်ရေးအတွက် ထောက်ပံ့ကူညီမဲ့အကြောင်း သိရသော်လည်း အခုအချိန်ထိ ဘာအရိပ်အယောင်မှမတွေ့ရသေးဘူး။ အဲတော့ ဒီလိုချန်လှပ်ခံထားရမှုမျိုးမဖြစ်အောင် ဖွံ့ဖြိုးလုပ်ငန်းတွေကိုတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို ပိုမိုလုပ်ကိုင်ခွင့်ပေးရင် ပိုကောင်းလာ မယ်လို့ထင်တယ်”ဟု ဂိုဇလာလ်က ပဲ့တင်သံသို့ပြောသည်။
ဝ၁၁

Leave a Reply

Your email address will not be published. Required fields are marked *