ခေတ်သစ်သင်ပုန်းကြီး ၇၈

ခေတ်သစ်သင်ပုန်းကြီး ၇၈

တိုင်းပြည်အင်အား ရှိကြောင်း တပ်အင်အားကို ပြရာမှာ
မတ်လ တစ်ခါဖြင့် မတင်းတိမ်ရကား
နှစ်ဦးမှာ ဒေါ်လာ ၆ ဘီလျံတန် ဗိုလ်ရှုခံဖြင့်
တပ်မတော်အင်အားကို ပြလာပြန်သော်လည်း
ကျည်သင့်နိုင်ငံသားများအရေးကိုကား
လျစ်လျူရှုနိုင်အားဆဲပါတည့်
အံ့သြမိပါသည်။ငြိမ်းချမ်းရေးညစာစားပွဲကြီးကလည်း
ဘယ်နှသိန်းတန်မှန်း မမှန်းနိုင်
ဗိုလ်ရှုခံအတွက် နှာခေါင်းသွေးလျှံသည်ထိ
ချီတက်ရန် တာဝန်ရှိသော နိုင်ငံ့ဝန်ထမ်းများအတွက်
စားစရိတ်စုစုပေါင်းကလည်း
ဘယ်နှသိန်းမှန်း မသိနိုင်
ဗိုလ်ရှုခံစစ်ရေးပြအတွက် စစ်ယာဉ်လက်နက်တန်ဖိုးလည်း
ဘယ်နှသန်းတန်မှန်း မမှန်းရဲ
တီဗီက အားပေးရသည့် နိုင်ငံသားများခမျာကား
အို အမိနိုင်ငံတော်သမ္မတကြီးနှင့်
အဖတပ်မတော်ကြီးပါလားဟု မြင်ရသည့်ခဏ၌
ရှေ့ရှေ့က ကိုပါကြီး၊ ဒေါ်ခင်ဝင်းနမူနာများအရ
တို့ဘဝများ အိုးစားကွဲအောင် ကြံဆောင်နိုင်စွမ်းကို
တခမ်းတနားကြီး သက်သေပြနေပါတကားဟု
သွေးကြောများ ဖြောင်းဖြောင်းထအောင်
ကြောက်စိတ်များ ထောင်းလမောင်းထလျှက်
နှစ်ထောင်တန်တစ်နေ့တာဝင်ငွေမှ တစ်နပ်စာ စားပြီး
ဖိနှိပ်ခံသတ္တိကို ကြံဖန်မွေးကြလေသည်
အံ့သြရပါ၏။လယ်သမားများ အားကိုးလောက်စရာ
ပြည်နယ်ဝန်ကြီးတစ်ပါးလည်း
ငွေကိုပင် စီမံပေးမည်ဟု
စေတနာရေစီးကမ်းပြိုစွာ ကမ်းလှမ်းမှု ပြုလာလေသည်
မြေရောင်းပြီး မွဲမှာ မပူရစေရန် ဝန်ထမ်းတစ်ဦးအား
တစ်လ ခြောက်သောင်း (တစ်နေ့ နှစ်ထောင်)ပေးမည့်
စက်ရုံစီမံကိန်းဝန်ထမ်းလုပ်သင့်ဟုလည်း ဆိုရဲပြန်လေသည်
အံ့သြမနေကြပါနှင့်တော့။မြန်မာ့သယံဇာတခမျာများလည်း
နှစ်ဘက်သော လက်နက်ကိုင်များကြောင့်
တရားဝင်တစ်မျိုး ခိုးထုတ်တစ်လီ
မရိုးမအီရအောင် ပြောင်တလင်းခါလုပေါ့
အံ့သြကုန်နိုင်ရပါပေ့။နိုင်ငံသားများလည်း မယုံကြည်နိုင်စာရင်းထဲ
ရေသန့်ကိုပါ ထည့်သွင်းနေရသည့်သကာလ
ကိုယ့်ဒူးကိုသာ ကိုယ် လှန်ထောင်းပြီး
သူများ ကျူးသမျှ အပြစ်များကို ကိုယ်ခံနိုင်ရန်
ကြိုးပမ်းနေကြသောဟူ၏
မအံ့သြကြပါနှင့်။တပ်ချုပ်ကြီးလည်း ၂၀၁၅ နီးလာမှ
မီဒီယာစတား ဖြစ်လာခဲ့ရာ
ချိန်သားကိုက်ဝါဒဖြန့်ချိရေးဂုရုကြီးဟုပင်
ပြည်သူ့ဝန်ဆောင်မှုမီဒီယာကြီးကို
သားရေကမ္ပည်း တင်သင့်လေသည်
အံ့သြရပါ၏။မည်သို့ပင်ဖြစ်စေ နိုင်ငံသားအပေါင်းတို့ကား
၂၀၁၅ ထဲ ဝင်လာသည့်နေ့မှ အစပြု၍
ဘာသာပေါင်းစုံဘုရားများအား နေ့စဉ်တçရသောဘဝမှ
ကင်းဝေးနိုင်ကြပါစေသတည်း။
ပြောင်းဖူးရိုး

Leave a Reply

Your email address will not be published.