ငြမ်း

စစ်တုရင်ခုံပေါ်က အရုပ်တစ်ရုပ်လို
ငါ့ကိုယ်ငါ ကိုင်ရွေ့ကြည့်တယ်
လျှပ်စစ်စီးကြောင်းတွေ
ငါ့လက်ဖျံပေါ်က သွေးကြောများထဲ
ဖြတ်ခနဲ လှုပ်ရှားသွား
နယ်ရုပ်ကလေးတစ်ရုပ် လဲကျနေ
ဘုရင်တစ်ကောင် မကျဖို့အတွက်နဲ့
အားလုံးသေနေရတာက တရားလား ဓမ္မလား
သေခြင်းတရား တီထွင်ခဲ့သူကို
ငါ လက်ညှိုးငေါက်ငေါက်ထိုးပြီး ဆဲလိုက်ချင်ပါတယ်
ဘာလို့ သေစေခဲ့တာလဲ
စစ်ကြောင့် သေသွားတဲ့ ငါ့သစ်တစ်ပင်
စစ်ကြောင့် ပြိုလဲသွားတဲ့ ငါ့စေတီတစ်ဆူ
စစ်ကြောင့် အက်ကွဲသွားတဲ့ ငါ့မဟာမြေပထဝီဝင်
ပြန်ချုပ်လုပ်ဖို့ မဖြစ်နိုင်တဲ့ ကာလဒေသအပေါက်အပြဲ
စာသင်ကျောင်း ဘုရားရှိခိုးကျောင်းဆီက
ဝတ်ပြုခေါင်းလောင်းထိုးသံလား
ကျောင်းတက်ခေါင်းလောင်းထိုးသံလား
စစ်ပြေးဖို့ အချက်ပေးတဲ့ခေါင်းလောင်းသံလား
ကလေးတွေစိတ်ထဲမှာ ဝေခွဲရခက်နေပြီ
သူတို့နားစည်လေးတွေဟာ
ဗုံးသံအမြောက်သံကြောင့် ကွဲပြဲနေခဲ့တာကိုး
စစ် ဆိုတဲ့အရာဟာ
ရင်ဘတ်ချင်း ပြေးတိုက်ရင်း
နှလုံးသားချင်း ရိုက်ခွဲနေကြတာ
ကမ္ဘာကို တစ်ခြမ်းစီ ခြမ်းလိုခြမ်း
လေးစိတ်တွေ စိတ်လိုစိတ်
သုံးပိုင်းတွေ ပိုင်းလိုပိုင်း
ကမ္ဘာကျော်အရိုင်းအစိုင်းတွေ စိတ်ကြိုက်လုပ်ခဲ့တာ
ဒီနေ့… ရေတွေ ပြန်ရပြီ မီးတွေ ပြန်လာပြီ
ကမ္ဘာ့ကမ္ဘာစစ်ကြီး ပြီးပြီ
ရေပိုက်ခေါင်းကို လှည့်ဖွင့်လိုက်တော့
အဲဒီထဲက
အသားစတွေ အတောင့်လိုက် တစ်ဖတ်ပြီးတစ်ဖတ်ကျ
မီးခလုပ်တွေ လိုက်ဖွင့်လိုက်တော့
အဆုပ်လိုက် ပွင့်ထွက်လာတဲ့ မီးခိုးလုံးတွေ
ရုပ်မြင်သံကြားရဲ့
တိုက်ရိုက်ထုတ်လွှင့်နေတဲ့ အစီအစဉ်မှာ
ငါ့နောက်ဖေးလမ်းကြားထဲက သူခိုးတစ်ကောင်ကို
လူတွေ ရိုက်သတ်လိုက်တယ်ဆိုတဲ့သတင်း
ငါ့အိမ်ရှေ့ လမ်းမပေါ်က
တင့်ကားတွေ ဖြတ်မောင်းသွားတဲ့သတင်း
တစ်ယောက်ချင်းစီရဲ့ ငြိမ်းချမ်းရေးက
အလေးမပြည့်တာ ခက်တယ်
ငါတို့…ငြိမ်းချမ်းရေးကို အဆစ်မတောင်းခဲ့ဘူး
ငါ့အမေ နေပြန်ကောင်းဖို့ ငါ့ကို
ငြိမ်းချမ်းရေး အနည်းအကျဉ်းရောင်းချပါ
ငြိမ်းချမ်းရေးကို ငါတို့အသက်နဲ့ ငြမ်းဆင်ထားတယ်

နေမိုးလူ

Leave a Reply

Your email address will not be published.