ခေတ်သစ်သင်ပုန်းကြီး ၇၇

အကယ်ဒမီပေးပွဲကြီးကလည်း ကိန်းကြီးခန်းကြီးနိုင်လှရာ
ပြန်/ဝန်က သရုပ်ဆောင်များကို
စံပြဖြစ်စေလိုဟု ဆိုလေ၏၊
ပြည်သူ့ဝန်ဆောင်မှုပြန်/ဝန်ဌာနကြီးလည်း စံပြအနေဖြင့်
ငါ ပြောသမျှ မှန်ကာ
အတိုက်အခံ လုပ်သမျှ အမှားဖြစ်အောင်
ဆယ်စုနှစ်များစွာ ကြိုးကုတ်အားထုတ်ခဲ့ရာတွင်
ယနေ့သတင်းသမားများမှာ
ထိုစံနှုန်းကို တုပပါလျှင်ပင်
သမ္ဘာရင့်ဝါဒဖြန့်အပုပ်ချစံပြဌာနကြီး၏
ခြေရာကို မီအံ့မထင်ပေ၊
ထို့တူ ချိတ်ပုဆိုး-ထမီကိုယ်စီဖြင့်
စပန်းနစ်ရှ်ဘဲလေး စံပြတင်ဆက်မှုကလည်း
အကယ်ဒမီစင်မြင့်ထက်မှာ ကိုးရိုးကားယားပေါ်လာပြန်လေသည်
အံ့သြကုန်နိုင်ကြပါပေ့။

ပြည်သူ့ဝန်ဆောင်မှုမီဒီယာကြီးကား
ပစ္စုပ္ပန်ကို ထင်ဟပ်ရာမှာ
အာဏာရပါတီကြီးသတင်းကို လွှတ်တော်ဥက္ကဋ္ဌသတင်းအဖြစ်
ဇွတ်အတင်းပုံပြောင်းကာ
အစိုးရသတင်းစာမျက်နှာဖုံးမှာ တင်ထားပြီး
ပြည်သူ့ဘဏ္ဍာနှင့် အာဏာရဒကာကို ဖားသော်လည်း
၁၉၈၈ ခုနှစ်တွင် သူ့ကျွန်ဘဝရောက်ခဲ့ရသည်ဟု
အမ်အာရ်တီဗီမှာ စစ်ချီရုပ်ပုံကား နောက်ခံဖြင့်
ခပ်တည်တည် ကြေညာခဲ့သည်ထိ
အတိတ်ကို ရေရာသဲကွဲစွာ မတတ်သိချေ၏
ထို့တူ အနာဂတ်ကို တွေးပူပြီးသကာလ
အကယ်ဒမီ စန္ဒယားဆရာ၏ ရင်တွင်းဖြစ်စကားများကို
နောက်တစ်ကျော့ပြန်အပြမှာ
ဖြတ်တောက်ကာ ထားခဲ့လေသည်
အံ့သြရပါ၏။

ငွေကြေးရှင်အများစုက အာဏာပဲဝက်အတွက်
လောဘတက်လေသော စည်ပင်ရွေးကောက်ပွဲကလည်း
သောသောညံအောင် သောက်သောက်လဲ
အားနည်းခဲ့၊ ဘက်လိုက်ခဲ့၊ မှားယွင်းခဲ့လေရာ
၂၀၁၅ အတွက် တွေးပူမှုများလည်း
ဒီရေမြင့်သထက် မြင့်တက်လာခဲ့ပေသည်
လယ်ကြီးရှင်အများစု၏ မြေယာတစ်ကွက်အတွက်
သောကဖက်သော လက်ပံတောင်းစီမံကိန်း ကန့်ကွက်ပွဲကလည်း
အင်အားသုံး ဖြေရှင်းနည်းကိုသာ
အပြန်အလှန် သုံးနေကြဆဲပါတည့်
၂၀၁၅ အလွန်အတွက် တွေးပူစရာပါကလား
မအံ့သြကြပါနှင့်။

မြစ်ဆုံနှင့် လက်ပံတောင်းလို စီမံကိန်းများကျ
လူသိပင် မခံလိုက်ဘဲ လက်မှတ်ထိုးခဲ့သော
သမ္မတရုံးက ခေတ်မီမီÓဏ်ကြီးပုံကား
နိုင်ငံ့ဝန်ထမ်း လစာတိုးရေးကို စစ်တမ်းကောက်သတဲ့
ကျပ်သန်းခြောက်ထောင်ကုန်သော ဗိုလ်ရှုခံကို
လွှတ်တော်ကလည်း အတည်ပြုပေးခဲ့ပြန်ရာ
နိုင်ငံသားများခမျာ ကံကွက်ကြားရှာရုံမက
အသိပေးခံရရာမှာလည်း ကွက်တိကွက်ကြားဖြစ်ပြီး
ဓားစာခံဖြစ်ရမည့်အရေးကျမှ ဆန္ဒထုတ်ဖော်ခွင့်ရမလိုတည့်
မအံ့သြကြပါလင့်။

မည်သို့ပင်ဖြစ်စေ နိုင်ငံသားအပေါင်းတို့ကား
လိုတစ်မျိုး မလိုတစ်မျိုး အမျိုးမျိုးနိုင်လှသော
ဝါဒဖြန့်ထိပ်ခေါင် အစိုးရမင်းများ၏
မရိုးနိုင်သော လှည့်ဖြားနှိပ်စက်ခံရခြင်းဘေးမှ
အခါခပ်သိမ်း ကင်းဝေးနိုင်ကြပါစေသတည်း။

ပြောင်းဖူးရိုး

Leave a Reply

Your email address will not be published.