မိုးနှင့်မြေ

ဇူလိုင်လ(၂၇)ရက်နေ့ထုတ် သတင်းစာတစ်စောင်တွင် နိုင်ငံတော်၏ရငွေသုံးငွေအစီရင်ခံစာကိုဖတ်ကြည့်တော့ ကျွန်တော့်မှာအတော်ကလေးတုန်လှုပ်သွားမိတယ်။ နိုင်ငံတော်တစ်ဝန်းလုံးမှရသောဝင်ငွေအားလုံးအနက် ၁.၅၉၇ ထရီလျံအထိပိုမိုသုံးစွဲကြောင်းသိရသည့်အတွက်စိတ်ဝင်စားသွား မိသည်။ ပွင့်လင်းမြင်သာမှုနည်းပါးသေးသည့်ကျွန်တော်တို့ ခေတ်ထဲတွင် အခြေအနေအရပ်ရပ်မှအားနည်းချက်အမျိုးမျိုးလည်းရှိနေနိုင်ပါသေးသည်။
မည်သို့ပင်ဖြစ်စေ၊ ကျွန်တော်တို့ကတော့ ရှေ့ကိုတတ်နိုင်သရွေ့ ချီတက်နေရလိမ့်မည်ဖြစ်ပါသည်။ ရှေ့ကိုသွားနေသူတွေ၊ ခေတ်နောက်ပြန်ဆွဲနေသူတွေ၊ ရှေ့နောက်မဟုတ်ဘဲဘေးတိုက်အနေအထားနှင့် လိမ်ဖယ်ဖယ်လိုက်နေကြသူတွေ၊ ခေတ်ကြီကိုတော့ အပြစ်ဆိုပြီးကိုယ့်ကိုယ်ကိုတော့အကောင်းထားနေကြသူတွေမှာ မသွေမလွဲရှိနေနိုင်ပါသည်။ ရှိလည်းရှိနေ ပါသည်။ သို့သော် မိမိထမင်းတစ်လုတ်အတွက်အသက်ကိုတောင်မငဲ့ကွက်နိုင်ဘဲ ကြုံရာကျပန်း လုပ်ကိုင်စားသောက်နေရသူတွေလည်းတကယ့်ကိုဒုနှင့်ဒေးပင်။
ထိုအထဲတွင်ကျွန်တော်ကိုယ်တိုင် ကြုံခဲ့ရဖူးသော လူတချို့ကိုရုတ်တရက် သတိရလိုက်မိသည်။ ကျွန်တော်က ကျူရှင်ဆရာတစ်ယောက်ဖြစ်သောကြောင့် တစ်နေရာမှတစ်နေရာသို့အချိန်ကိုက်ပြေးလွှားနေရသူဖြစ် သည်။ တစ်နေ့တွင် ကျွန်တော်သည် ကျူရှင်တစ်ခုသို့စာသင်ရန်ထွက်လာခဲ့မိသည်။ ထိုသို့အသွားတွင်မှတ်တိုင်အားဖြင့် ခုနစ်တိုင်သာကွာဝေး ပါသည်။ သို့သော်ကျွန်တော်စီးလေ့ရှိသည့်ကားတိုင်းက မှတ်တိုင်သုံးတိုင် အလွန်လေးတိုင်မြောက်တွင်ရှိသော CNGဆိုင်ကို ဝတ္တရားမပျက်ဝင်လေ့ရှိသည်။ ထို့ကြောင့်စာသင်ချိန်ကတော့စနစ်တကျနောက်ကျစမြဲဖြစ်သည်။
ထိုသို့ CNGဝင်ထည့်လျှင် ကိုရွှေစပယ်ယာတို့က ”၅ မိနစ်ပဲထည့်မှာနော်။ ခရီးသည်များခဏအောက်ဆင်းပေးပြီး ဟိုဘက်အပေါက်က စောင့်ကြပါ”ဟု ခပ်မာမာပြောလေ့ရှိသည်။ ထိုအခါ ခရီးသည်အများစုက ”စကားနည်းရန်စဲ”သဘောထားကာ၊ ဘာကိုမှထွေထွေထူးထူး ပြန်ပြောမနေကြဘဲ ကားပေါ်မှခပ်လွယ်လွယ်ဆင်းပေးပြီး တစ်ဖက်ပေါက်မှ စောင့်နေကြရလေ့ရှိပါသည်။ ကျွန်တော်အပါအဝင်မျက်နှာတွေကတော့ နည်းနည်းမှမသာယာကြ။ တချို့ခရီးသည်တွေကတော့ တိုးတိုးတိတ်တိတ်ကျိန်ဆဲကာ မေတ္တာပို့သနေကြသူတွေလည်းရှိသည်။
ထိုသို့ CNG ဖြည့်ပြီးထွက်လာမည့်ကားကိုစောင့်ရင်း စိတ်ဝင်စားစရာမြင်ကွင်းတစ်ခုကိုတွေ့မြင်လိုက်ရသည်။ လမ်းဘေးတွင် လူနှစ်ယောက်က ဆောင့်ကြောင့်အနေအထားနှင့် မျက်နှာချင်းဆိုင်းထိုင်နေကြ သည်။ ၄င်းတို့နှစ်ဦးကြားတွင် A4 စက္ကူအရွယ်လောက် ရှိမည်ထင်ရသော စက္ကူလေးတစ်ချပ်ကိုချခင်းထားသည်။ ထိုစက္ကူချပ်ကလေးပေါ်တွင် ဘယ်ညာနှစ်ဖက်ခွဲကာ စတစ်ကာအနီရောင်နှင့် အပြာရောင်ကိုတစ်ခြမ်းစီကပ်ထားသည်။ အနီဘက်အခြမ်းတွင် တစ်ထောင်တန်ငွေစက္ကူအချို့ရှိနေပြီး တစ်ဖက်လူ၏လက်ထဲတွင်ခပ်ရွယ်ရွယ်စတီးလ်ခွက်ကလေးနှစ်လုံးရှိနေသည်။ ထိုစတီးလ်ခွက်ကလေးတွေ၏အတွင်းဘက်တွင်လည်းစတစ်ကာအနီနှင့်အပြာကိုကပ်ထားသည်။
အခြေအနေကိုကြည့်ရသည်မှာ ထိုလူနှစ်ယောက် လောင်းကစားလုပ်နေကြခြင်းဖြစ်သည်ကိုတွေးကြည့်စရာမလိုတော့ပါ။ အနားတွင်လည်း ကျွန်တော့်နည်းတူကားစောင့်နေသည့် ခရီးသည်အချို့ရောက်လာခဲ့ပြီး လူဆယ်ယောက်ခန့်ဖြစ်လာခဲ့ပြီ။ ထိုအချိန်တွင် ဒိုင်လုပ်သူက ”ကဲ လက်ရှောင်၊ လက်ရှောင်” ဆိုကာစတီးလ်ခွက်ကလေးနှစ်လုံးကို ဇောက်ထိုးအနေအထားအတိုင်း ဘယ်ညာကိုင်ရင်းလက်နှစ်ဖက်ကိုကြည့်သူ မျက်စိနောက်အောင်လှည့်နေသည်။ ထို့နောက် သူ့ရှေ့ရှိ ကားချပ်လေးပေါ်သို့ ခွက်ကလေးတစ်လုံးကိုမှောက်ချလိုက်သည်။ ကျန်တစ်ခွက်ကိုသူ့ ပုဆိုးအတွင်းသို့ ထိုးထည့်လိုက်သည်။ ထိုအခါကျွန်တော်အနားရှိ ခရီးသည်အချို့က ”အနီငါးထောင်” ”အပြာတစ်သောင်း” ”အနီသုံး သောင်း” စသည်ဖြင့် အားကြိုးမာန်တက်ကစားနေကြသည်။ ထိုကစားနည်းကို ကျွန်တော်တစ်ခါမှမမြင်ဖူး။ ဒိုင်လုပ်သူ မှောက်လိုက်သော ခွက်ကလေး၏အောက်ခြေရှိ အနီရောင်လေးကို အတိုင်းသားတွေ့မြင်လိုက်ရသဖြင့် ”ဒီလူတော့ကုန်တော့မှာပဲ” ဟုတွေးလိုက်မိသည်။ အမှန်တကယ်လည်း အနီရောင်ဖြစ်နေသောကြောင့် ဒိုင်လုပ်သူများ နှစ်သောင်းခွဲတိတိရှုံးသွားခဲ့သည်။ နောက်တစ်ပွဲတွင်လည်း ဒိုင်ရှုံးသလို အပြာထိုးသူသာရှုံး ပြန်သည်။ နောက်တစ်ကြိမ်တွင်လည်းအနီရောင်သာကျပြန်သည်။ သူမှောက်လိုက်သည်ကို ကျွန်တော်ထပ်မံတွေ့လိုက်ရပြန်သည်။
ထို့နောက် ရှုံး၍ထလာသူက ကျွန်တော့်အနားတွင်ရပ်ကာ တောက်တခတ်ခတ်၊ အံတကြိတ်ကြိတ် ဖြစ်နေသည်။ ထို့နောက် ကျွန်တော့်ကိုရည်ရွယ်ကာ ”ကျွန်တော် နည်းနည်းလောသွားလို့ဗျာ။ ခင်ဗျားနေရာက ကြည့်လိုက်တော့ အတိုင်းသားမြင်နေရတယ်နော်။ ပိုက်ဆံမရှိတော့တာနာတယ်ဗျာ” ဆိုကာ တစ်ဦးတည်းပြောဆိုနေလေသည်။
ဝိုင်းထဲတွင်တော့အသံတွေပို၍ထွက်လာနေပြီ၊ ငါးမိနစ်ထဲသာ ထည့်မှာဆိုသောကားကတော့ CNG ဆိုင်ထဲက ထွက်မလာသေး။ ထိုအချိန်တွင် ဒိုင်လုပ်သူက ”ကဲ လာပြီနော်။” ဆိုကာခွက်ကိုမှောက်လိုက်ပြန်သည်။
ကျွန်တော်သေသေချာချာမြင်လိုက်ရသည်က အပြာရောင်စစ်စစ်။ ထိုအခြေအနေကိုခုနလူကလည်း မြင်လိုက်ပုံရသည်။
ကျွန်တော့်မျက်နှာကိုလည်းကွက်ကြည့်ကွက်ကြည့်လုပ်နေသည်။ ပြီးနောက်ကျွန်တော့်ကို လေသံတိုးတိုးဖြင့် ”ဟေ့လူ ခုန၊ အုပ်လိုက်တာ မြင်တယ်မဟုတ်လား။ အပြာနော်။ ပိုက်ဆံမရှိတော့တာနာတယ်ဗျာ” ထိုအချိန်တွင် ဒိုင်လုပ်သူ၏ စွာကျယ်ကျယ်အသံကပတ်ဝန်းကျင်ကို လှုပ်နှိုး လိုက်သည်။ ”အလျော်အစားပဲနော်။ ထိုး ထိုး ကြိုက်သလောက် ထိုး လျော်မယ်”
ထိုအခါ ကျွန်တော့်အနားရှိ လူကဒိုင်ဖြစ်သူအား ”ဟေ့ ဟေ့၊ ခဏနေဦး။ ဒီအစ်ကိုကြီးနှစ်သောင်းထိုးတယ်” ကျွန်တော့်ကို လက်ညှိုးပြီး ဆိုလာသောကြောင့် ရင်ထဲထိတ်ခနဲဖြစ်သွားသည်။ ကျွန်တော်ဘာမှမတုံ့ ပြန် နိုင်မီမှာပင် ဒိုင်ကဖွင့်လိုက်သောကြောင့် ပိုက်ဆံပုံများကြားတွင် ခွက်ကလေး၏အတွင်းပိုင်းမှ အပြာရောင်ကလေးကိုထင်းခနဲတွေ့လိုက် ရသဖြင့်ကျွန်တော်ပျော်သလိုလို ဖြစ်သွားလိုက်သေးသည်။ ဒိုင်ဖြစ်သူကကျွန်တော့်ကို ငွေနှစ်သောင်းလှမ်းပေးနေသည်။ ထိုအခါအနားရှိလူကလည်း ”ဟေ့လူယူလိုက်လေ ခင်ဗျားနိုင်တာလေယူလိုက်လေဗျာ” ဆိုကာ တိုက်တွန်းနေသည်။
ထိုအချိန်တွင်ကျွန်တော့်နားထထဲသို့ ဆရာဦးအောင်သင်း၏ စကားတစ်ခွန်းက ဒိုင်းခနဲဝင်ဆောင့်သည်။ ”မောင်ရင် ဘယ်အခွင့်အရေးကို ဖြစ်ဖြစ်၊ ကိုယ့်ရပိုင်ခွင့်မဟုတ်ရင်၊ ယူကိုမယူချင်နဲ့၊ မှတ်ထား”တဲ့ ကျွန်တော့်မျက်နှာရှေ့တွင်ရောက်ရှိနေသော ငွေနှစ်သောင်းအတွက် ကျွန်တော့်ခေါင်းကိုတွင်တွင်ခါလိုက်မိသည်။ အနားရှိလူက ကျွန်တော့ကို အမနာပပြောဆိုကာ အနားမှထွက်သွားသည်။ သူ၏မှတ်ချက်စကားက ”အရူးလားမသိပါဘူးကွာ၊ ပိုက်ဆံနှစ်သောင်းအလကားရတဲ့ကိစ္စကိုမယူဘူး” တဲ့။
ကျွန်တော်လည်းခုနလူကိုခွန်းတုံ့ပြန်မနေတော့။ ခပ်လှမ်းလှမ်းရှိစုံတွဲတစ်တွဲနားသို့ရောက်သွားသည်ကိုတွေ့ရသည်။ သိပ်မကြမီမှာပင် ထိုသူ၏ အသံကိုနောက်တစ်ကြိမ်ကြားလိုက်ရသည်။
”အနီ။ ဒီညီလေး၊ နှစ်သောင်းထိုးတယ်”
ငွေနှစ်သောင်းရသွားသောကြောင့် ကောင်လေးရောကောင်မလေးပါ အပြုံးတွေ ဝင်းလက်တောက်ပသွားကြသည်။ အထူးသဖြင့် ကောင်မလေး၏ မျက်ဝန်းတွေမှာတဖိတ်ဖိတ်လက်နေသလိုကိုထင်ရသည်။ ဟိုလူကတော့”ဘယ်လိုလဲ” ဆိုသည့်သဘောနှင့် ကျွန်တော့်ကို လှမ်းကြည့်နေသည်ကို တွေ့လိုက်ရသည်။
CNG ဆိုင်ထဲမှကားကိုလှမ်းကြည့်လိုက်တော့ ပြီးလုပြီးခင်ဖြစ်နေပြီ ဟုထင်ရသည်။ ထိုအချိန်တွင် ”ဒီညီလေး အပြာ၊ ငါးသောင်းထိုးတယ်”ဟု ကြားလိုက်ရပြန်သည်။ ကျွန်တော်ငဲ့ကြည့်လိုက်တော့ ဒိုင်ကမှောက် ထားသောခွက်ကလေးကိုခပ်ဖြည်းဖြည်းလှန်လိုက်သည်။ အနီ။ သွားပြီ။ ကောင်လေးတို့စုံတွဲသုံးသောင်းရှုံးသွားပြီကို ကျွန်တော်အလိုလိုသိလိုက်ရပြီ။
သေချာသည်က ကျွန်တော်တို့ပတ်ဝန်းကျင်တွင်သည်လိုလူမျိုးတွေကို မကြာခဏတွေ့ဖူးသည်။ သို့သော်သူတို့ချမ်းသာမလာကြ။ အခန့်မသင့်လျှင် အကြောင်းသိသူတစ်ဦးဦးက ပြဿနာရှာလျှင်ဖြစ်ဖြစ်၊ ရဲဖမ်း၍ဖြစ်ဖြစ် ထိုသူတွေဒုက္ခရောက်သွားနိုင်သည်။ သို့သော် ”မရိုးမသားရှာဖွေစားကြ သူချင်းအတူတူ၊ ဒီလူတွေကတော့ အန္တရာယ်များလိုက်တာ”ဟု ကျွန်တော် တွေးနေမိပါသည်။ အလိမ်ခံလိုက်ရသောစုံတွဲကောင်လေးနှင့် ကောင်မလေးကတော့ မျက်စိမျက်နှာအပျက်ပျက်အယွင်းယွင်းနှင့် တော်တော့်ကို စိတ်မသက်မသာဖြစ်နေကြပုံရသည်။ ကျွန်တော်ကိုယ်တိုင်လည်း သက်ပြင်းကို ချရင်းအဝေးကိုမျှော်ကြည့်လိုက်ရသည်။
ကျွန်တော့်အတွေးထဲသို့ငယ်စဉ်ကဖတ်ဖူးခဲ့သော
”သူခိုးဖမ်းပါ လမ်းကြားမှာလား ပန်ကာအောက်မှာထိုင်နေသည်” ဟူသောကဗျာစာသားတချို့ကိုသတိရနေမိတော့သည်။
မောင်နှင်းပန်း

Leave a Reply

Your email address will not be published.