အနာကြီးရောဂါသည် ကူညီစောင့်ရှောက်ရေးအသင်း(မက်သဒစ်အသင်းတော်-အထက်မြန်မာပြည်)

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ရေနံ့သာအနာကြီးရောဂါ အထူးကုဆေးရုံသည် မြန်မာနိုင်ငံရှိ အနာကြီးဆေးရုံနှစ်ခုအနက်တစ်ခု ဖြစ်သည်။ ရောဂါမပြတ်သေးသူများအဖို့ဆေးရုံတွင် တက်ရောက်ဆေး ကုသမှုခံယူကြရကာ ဆေးသောက်ပြီးရောဂါပျောက်ကင်းသွားသော်လည်း ရောဂါအရှိန်ကြောင့် ကိုယ်ခန္ဓာခြေလက်အင်္ဂါတို့ ပုံပန်းပျက်ယွင်းသွားသူများအဖို့ သူတို့၏ မူလလူမှုဝန်းကျင်တွင်ပြန်လည်နေထိုင်ရန် ကာယကံရှင်က မဝံ့ရဲသည်ဖြစ်စေ၊ ဝန်းကျင်ရှိလူများ၏မလိုလားမှုများကြောင့်ဖြစ်စေ အဆင်မပြေတော့ဘဲ ဆေးရုံအနီးရှိ နံ့သာမြိုင်စခန်းဟု အမည်ရသော အနာကြီးရောဂါသည်ဟောင်းများနှင့်မိသားစုများ၊ ရောဂါသည်တို့၏မိသားစုများနေထိုင်ရာ ကမ္ဘာငယ်တစ်ခုသို့ ရောက်ရှိလာရတော့သည်။
ယင်းသို့ ရောက်ရှိလာသော ပုံပျက်ကျန်ခဲ့သည့် အနာကြီးရောဂါသည်ဟောင်းများနှင့် ယင်းတို့၏ မိသားစုများအဖို့ မိသားစုဝမ်းစာရေးအတွက် ထူးထူးထွေထွေ မစဉ်းစားနိုင်တော့ဘဲ တောင်းရမ်းစားသောက်ခြင်းအမှုကိုသာ လွယ်လွယ်ပြုတတ်ကြလေ့ရှိသည်။ ထို့ကြောင့် ယင်းမိသားစုများ၏ ဘဝပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် လုပ်ဆောင်နေသည့် အဖွဲ့အစည်းတစ်ခုကို အုတ်တစ်ချပ်သဲတစ်ပွင့်ကဏ္ဍမှ တင်ပြလိုပါသည်။
မက်သဒစ်အသင်းတော် (အထက်မြန်မာပြည်)မှ ဦးစီးသည့် ”အနာ ကြီးရောဂါသည် ကူညီစောင့်ရှောက်ရေးအသင်း”သည် ရေနံ့သာ အနာကြီးရောဂါအထူးကုဆေးရုံနှင့်နံ့သာမြိုင်စခန်းရှိ အနာကြီးရောဂါသည်များ၊ အနာကြီးရောဂါသည်ဟောင်းများ၊ ယင်းတို့၏မိသားစုများအရေးကို တတ်စွမ်းသရွေ့ လုပ်ဆောင်ပေးနေသောအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ၁၈၉၂ခုနှစ်တွင် ခရစ်ယာန်သာသနာအနေဖြင့် စတင်ခဲ့ပြီး ၂ဝဝဝ ခုနှစ်တွင် အသင်းနာမည်သပ်သပ်ဖြင့်ဖွဲ့စည်းကာ အနာကြီးရောဂါသည်များနှင့်ရောဂါသည်ဟောင်းများ ဘဝပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုကဏ္ဍကြီးလေးရပ်ခွဲ၍ ဆောင်ရွက်လျက်ရှိသည်။ ကျန်းမာရေး၊ပညာရေး၊ ဖွံ့ဖြိုးရေး၊ ဘာသာရေးစသည့် အပိုင်းကြီးများဖြစ်ပြီးဘာသာရေးမှအပကျန်ကဏ္ဍကြီးသုံးရပ်တွင်ဘာသာကိုးကွယ်ယုံကြည်မှု မခွဲခြားဘဲ ထောက်ပံ့ပေးလျက်ရှိသည်ကိုတွေ့ရသည်။ နံ့သာမြိုင်စခန်းတွင် ဗုဒ္ဓဘာသာဝင်၊ အစ္စလာမ်ဘာသာဝင်နှင့် ခရစ်ယာန်ဘာသာဝင်ရောဂါသည်၊ ရောဂါသည်ဟောင်းများနေထိုင်နေကြသည်။ အသင်းအနေဖြင့်ယင်းတို့အားလုံးအတွက် ကျန်းမာရေးဆိုင်ရာကိစ္စများတွင် အဆင်ပြေချောမွေ့စေရေးဆောင်ရွက်မှုများကို အထက်မြန်မာပြည်မက်သဒစ်အသင်းတော်၊ ဂိုဏ်းချုပ်ဆရာတော်ကြီး ဦးဇော်ဝင်းအောင်ကယခုကဲ့သို့ ပြောပြသည်။
”ကျန်းမာရေးကိစ္စတွေအတွက်ဆိုရင် ဥပမာ နံ့သာမြိုင်စခန်းမှာ ဖွင့်လှစ်ပေးထားတဲ့အနာဆေးတင်ခန်းလိုမျိုးပေါ့၊ နံ့သာမြိုင်စခန်းနဲ့ရေနံ့သာအနာကြီးဆေးရုံနဲ့က နည်းနည်းခရီးလှမ်းတဲ့အခါကျတော့သူတို့ တွေ ဆေးတင်စရာရှိတာမျိုး၊ ရုတ်တရက်ထိခိုက်ရှနာဖြစ်တာမျိုးတွေကျရင်ဆေးရုံကို ဆိုင်ကယ်ကယ်ရီနဲ့လာရတယ်။ ဆိုင်ကယ်ကယ်ရီခကလည်း တစ်ခေါက်ဆိုရင်အနည်းဆုံးတစ်ထောင်လောက်ရှိမယ်။ ရောဂါသည်ဟောင်းတွေ ပုံပျက်သွားတဲ့လူတွေဆိုရင်တစ်ကိုယ်တည်း သွားလာဖို့ခက်ခဲတာတွေ၊ ထိခိုက်ရှနာတဲ့အခါအဖော်ပါမှသွားရအဆင်ပြေတာမျိုးတွေရှိတော့ တစ်ခါသွားရရင် နှစ်ထောင်လောက်ကုန်တော့ဝင်ငွေပုံမှန်မရှိတဲ့ သူတို့အတွက်အဆင်မပြေဘူး။ ဒီတော့ နံ့သာမြိုင်စခန်းမှာ အနာဆေးတင်ခန်း ဖွင့်ပေးထားတယ်။ အဲဒီမှာ ဆေးဆက်သောက်ဖို့လိုသေးတဲ့သူတွေ၊ ဆေးတင်ဖို့လိုသေးတဲ့သူတွေတင်မကဘူး၊ ထိခိုက်ရှနာသမားတွေကိုပါကုသပေးနေတယ်။ အခုဆို ဖွင့်ထားတာရှစ်နှစ်ကျော်ပြီ။”
ပညာရေးအပိုင်းထောက်ပံ့ဆောင်ရွက်ပေးမှုများလည်း အကောင်အထည်ဖော်လျက်ရှိရာ ယင်းလုပ်ငန်းများနှင့်ပတ်သတ်ပြီး ဂိုဏ်းချုပ် ဆရာတော်ဦးဇော်ဝင်းအောင်ကပြောရာတွင် ”ပညာရေးပိုင်းမှာဆိုရင်တော့ သူတို့သားသမီးလေးတွေရဲ့ ပညာရေးစရိတ်တွေ၊ ကျောင်းဝတ်စုံ၊ စာရေးကိရိယာအစရှိသဖြင့်ပေါ့၊ နောက်ဆုရကျောင်းသားကျောင်းသူလေးတွေလည်း ပေါ်ထွက်လာတဲ့အခါကျတော့ ပညာရည်ချွန်ဆုပေးပွဲလေးတွေလည်း လုပ်ပေးတာပေါ့၊ နံ့သာမြိုင်မှာဖွင့်ထားတဲ့ ကျောင်းမှာလည်းလုပ်၊ အစိုးရကျောင်းတွေမှာလည်းသွားလုပ်ပေးပေါ့၊ ဒါမျိုးလေးတွေနဲ့သူတို့ သားသမီးတွေပညာရေးနဲ့ မကင်းကွာအောင်ဆောင်ရွက်ပေးပါတယ်။ အခုဆိုရင် ရွာကနေဘွဲ့ရကလေးအယောက်(၄ဝ)ထွက်ပေါ်ခဲ့ပါပြီ။”
အသင်း၏ရည်ရွယ်ချက်မှာ တောင်းစားသူပပျောက်ရေးဖြစ်သည်။ အနာကြီးရောဂါသည်အများစုသည် မြို့ကြီးများ၏ လမ်းမများပေါ်တွင် တောင်းရမ်းစားသောက်ခြင်းအမှုကိုသာ လွယ်လွယ်ပြုတတ်ကြသည်။ ယခုအချိန်ထိတိုင် လမ်းများပေါ်ထွက်ကာ တောင်းရမ်းသည်များရှိနေသေးကြောင်းလည်း ဦးဇော်ဝင်းအောင်က ယခုကဲ့သို့ဆိုသည်။
”လစ်ရင်လစ်သလို လမ်းပေါ်ရောက်ရောက်သွားတတ်တဲ့သူတွေလည်း ခုထိရှိသေးတယ်။ ကျွန်တော်တို့နဲ့တွေ့ရင်တော့ ကျွန်တော်တို့ကပြန်ပြန်လွှတ်ရတာပေါ့။ များသောအားဖြင့်တော့ ကျွန်တော်တို့က တစ်အိမ်ထောင်ဘယ်လောက်ရယ်လို့ သိပ်မပေးဖြစ်ဘူး။ ဘာလို့လဲဆိုတော့ သူတို့ကိုယ်သူတို့ အားကိုးချင်စိတ်ပျောက်ပြီးသူများဆီကတောင်းဖို့ ဖြန့်ခံထားတဲ့လက်တွေချည်းဖြစ်သွားမှာစိုးလို့။ ကျွန်တော်တို့အခု သူတို့ကို ကူပံ့ပေးနေတဲ့လုပ်ငန်းတွေက သူတို့လက်တွေကို အလုပ်လုပ်တဲ့လက်တွေ ဖြစ်အောင်ကြိုးစားလုပ်ကြည့်နေကြရတာ။ ဘယ်လိုမှအဆင်မပြေတဲ့ မိသားစုတွေကတော့ တစ်အိမ်ထောင် သုံးထောင်တန်သည်၊ ငါးထောင်တန်သည် ပေးရတာမျိုးလေးတွေလည်းရှိတာပေါ့။ သို့သော်ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကအလုပ်လုပ်တဲ့လက်တွေဖြစ်အောင် ကိုယ့်ဘဝကို ကိုယ်ထူကိုယ်ထချင်အောင်ဆောင်ရွက်ပေးနေတာပဲ။”
ယင်းအသင်း၏ Director ဖြစ်သူသိက္ခာတော်ရဆရာတော် ဦးမျိုးမင်းထွေးကလည်း ရင်းနှီးလုပ်ကိုင်စားသောက်ရန် ချေးငွေများထုတ်ပေးခြင်းတို့နှင့် စပ်လျဉ်းပြီးယခုကဲ့သို့ဆိုသည်။
”အများဆုံးတစ်သိန်းခွဲအထိပဲ ထုတ်ပေးပြီးရတဲ့အကျိုးအမြတ်ကနေသုံးရာခိုင်နှုန်းပြန်ကောက်ပါတယ်။ တစ်ရာခိုင်နှုန်းက သူတို့အတွက် စုပေးထားတယ်။ နောက်တစ်ရာခိုင်နှုန်းကသူတို့ကျေးရွာ(စခန်း)ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေပေါ့။ နောက်ထပ် တစ်ရာခိုင်နှုန်းကဆရာတို့ ရုံးလုပ်ငန်းတွေလည်ပတ်ဖို့အတွက်ပါ။”
ထို့အပြင်စိုက်ပျိုးရေးနှင့်ဆက်စပ်သည့်သင်တန်း၊ မွေးမြူရေးနှင့်ပတ်သက်သောသင်တန်းများပေးကြောင်းသိရသည်။
အဆိုပါအနာကြီးရောဂါသည်ကူညီစောင့်ရှောက်ရေးအသင်း (မက်သဒစ်အသင်းတော်-အထက်မြန်မာပြည်)နှင့် ဆက်သွယ်လိုပါက သိက္ခာတော်ရဆရာဦးမျိုးမင်းထွေး၊ ဖုန်း – ဝ၉ ၄၄၄ဝ ၇၅၄၁ သို့ ဆက်သွယ်နိုင်ကြောင်း သိရှိရပါသည်။
ဝ၃၃

Leave a Reply

Your email address will not be published.