မြန်မာစာကို မြန်မာသံနှင့် အသံထွက်ပြီးဖတ်နိုင်သည့်ဆော့ဖ်ဝဲလ်တစ်ခုလိုချင်

မွေးရာပါ မျက်စိအလင်းမရရှိဘဲ သာမန်ဆင်းရဲသားမိသားစုဘဝမှ ပညာတတ်ကျောင်းဆရာတစ်ဦး အဖြစ်သို့ရောက်ရှိလာခဲ့သည့် ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ ကျောင်းဆရာတစ်ဦးဖြစ်သူ ကိုဇော်ထွေးဦးက မျက်မမြင်ဘဝတွင် သူအခံစားရဆုံးအချက်မှာ စာဖတ်ရန်လိုအပ်သော အချိန်တိုင်း အလွယ်တကူစာဖတ်ခွင့်မရှိခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် မြန်မာစာကို မြန်မာသံနှင့်အသံထွက်ပြီးဖတ်နိုင်သည့် ဆော့ဖ်ဝဲလ်တစ်ခုရလာပြီဆိုပါက ၄င်းခံစားချက်များ ပျောက်သွားမည်ထင်ကြောင်း ပဲ့တင်သံဂျာနယ်သို့ ပြောပြခဲ့သည်။
”ကျွန်တော်က စာသိပ်ကြိုက်တယ်၊ စာအရမ်းဖတ်ချင်တယ်၊ ကိုယ်ဖတ်ချင်တဲ့စာလုံးကို အလွယ်တကူ ဖတ်ခွင့်မရခဲ့ဘူး၊ ဒီစာအုပ်ကောင်းပါတယ်၊ ဒီစာအုပ်ကို ဖတ်ပါလို့ပေးရင်လည်း ကျွန်တော်ဖတ်လို့မရဘူး၊ အဲဒီလိုအချိန်မျိုးတွေမှာ ကျွန်တော် ခံစားရတယ်။ သွားတာ၊ လာတာ ကျွန်တော် ဖြစ်သလို သွားလာလို့ရတယ်၊ သို့သော် ကိုယ်သိချင်တဲ့အချိန်မှာ ကိုယ်လိုချင်တဲ့အချိန်မှာ စာအုပ်မဖတ်နိုင်တာကို ကျွန်တော် ဖီးလ်အဖြစ်ဆုံးလို့ ပြောရမယ်၊ အဲဒီအတွက် အင်္ဂလိပ်စာဆိုရင် ကွန်ပျူတာပေါ်မှာ ဆော့ဖ်ဝဲလ်နဲ့ အသံထွက်ပြီးဖတ်နိုင်တယ်၊ မြန်မာစာကို မဖတ်နိုင်သေးဘူး၊ မြန်မာသံကို အသံထွက်ပြီးဖတ်နိုင်တဲ့ဆော့ဖ်ဝဲလ် တစ်ခုရလာတဲ့အခါမှာ ကျွန်တော်ရဲ့ခံစားချက်တွေပျောက်သွားမယ်လို့ထင်ပါတယ်”ဟု ကိုဇော်ထွေးဦးက ပြောသည်။
မျက်မမြင်များအတွက် သီးသန့်ပြုလုပ်ထားသော မြန်မာသံထွက်ဆော့ဖ်ဝဲလ်နှင့်ပတ်သက်၍ ၄င်း၏ထင်မြင်ယူဆချက်များကို ”အခု ဒီဆော့ဖ်ဝဲလ်ကိုပရိုဂရမ်မာတွေကြိုးစားပြီး လုပ်နေတယ်လို့ပြောတာပဲ၊ ဘာအခက်အခဲရှိလို့မလုပ်နိုင်သေးတာလဲလို့ ပြောရရင်အသိပညာပေးမှု နည်းနေသေးလို့ လို့ပဲပြောရမှာပေါ့၊ နောက်ကျနေတာက ကျွန်တော်တို့နိုင်ငံမှာ အစစအရာရာဖြစ်နေ တယ်၊ နိုင်ငံရေးနဲ့အုပ်ချုပ်ရေးပုံစံအရ ဥပဒေတောင် မရှိသေးဘူးလေ၊ ဥပဒေရှိလာရင် နားမကြားအတွက်ဘာလိုတယ်၊ မျက်မမြင်အတွက် ဘာလိုတယ်၊ ကိုယ်အင်္ဂါမသန်စွမ်းသူတွေအတွက်ဘာလိုတယ်၊ ဥဏ်ရည်နိမ့်ကလေးတွေအတွက် ဘာ လိုတယ်ဆိုတာကို ဥပဒေက သတ်မှတ်ပြီးတော့ နိုင်ငံတော်စီမံချက် အနေနဲ့လုပ်လာခဲ့မယ်ဆိုရင် ဖြစ်ပြီလေ၊ ကျွန်တော်တို့ရဲ့အိမ်နီးနားချင်းနိုင်ငံတွေကို ကြည့်လိုက်ရင်ထိုင်းတို့၊ ဗီယက်နမ်တို့မှာသူတို့ဆီက မျက်မမြင်တွေဟာ သူတို့ဘာ သာနဲ့ ကိုယ်ပိုင်ဆော့ဝဲလ်တွေ သုံးလို့ရနေပြီ၊ ကျွန်တော်တို့ဆီမှာ အဲဒီဥပဒေမရှိတဲ့အတွက် ဆော့ဝဲလ်လည်းမရှိဘူး၊ ကျွန်တော်တို့ရဲ့အဓိက လိုအပ်ချက်တွေ မပြည့်စုံသေးဘူးလို့ပဲ ပြောရမယ်၊ အဲဒါ ဥပဒေတွေရှိလာတဲ့အခါမှာကျွန်တော်တို့ မသန် စွမ်းတွေဘဝကလည်း တဖြည်းဖြည်းနဲ့အောင်မြင်လာမယ်၊ ပြည့်စုံလာလိမ့်မယ်လို့ ထင်တယ်”ဟု ၄င်းက သုံးသပ်ပြခဲ့သည်။
မျက်မမြင်တစ်ဦး ပညာသင်ယူရာ၌ အခက်အခဲများရှိခဲ့ပုံအား ”စာသင်တဲ့အချိန်မှာဆရာတွေရဲ့လက်ချာကိုအတန်းထဲမှာ ကျွန်တော်က ရီကော်ဒါနဲ့ဖမ်းလိုက်တယ်၊ နောက်ဆရာတွေပေးတဲ့စာကျက်နည်း လမ်းညွှန်မှတ်စုတွေကို လိုအပ်ရင် volunteer ခေါ်ရင်ခေါ်တယ်၊ နောက်ကျွန်တော့်အတန်းဖော်သူငယ်ချင်းတွေကို လိုအပ်ရင် ထပ်ဖတ်ခိုင်းပြီးတော့ ရီကော့ထပ်လုပ်တယ်၊ အင်္ဂလိပ်စာဆိုရင် ဆရာကို ဂိုက်ငှားပြီး အိမ်မှာ ခေါ်သင်တာတို့လုပ်တယ်၊ ရီကော့လုပ်ထားတယ်၊ အမြဲ တမ်းရီကော့ ရီကော့လုပ်ပြီးတော့လုပ်တယ်။ သူတို့ကတစ်ခါသင်ပြီးသွားရင် ကျွန်တော်တို့က ရီကော့ ရီကော့ပြန်လုပ်လိုက်ရင် အဆင်ပြေတယ်၊ စာမေးပွဲဖြေတဲ့အခါလည်းပါးစပ်ကပဲပြောရုံပဲ၊ဘေးနားက ကျွန်တော်ပြောသမျှကို လိုက်ရေးပေးရုံပဲ၊ အခက်အခဲကတော့ သူများထက်စာရင်ရှိပေမဲ့ ကျွန်တော်ကတော့ အဆင်ပြေပါတယ်”ဟု ယင်းက ပြောပြခဲ့သည်။
မျက်မမြင်တစ်ဦးဖြစ်ရသည့်အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအားဘယ်လိုကြိုးစားခဲ့ရသလဲဆိုသည့် မေးမြန်းချက်အား ”စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ကျွန်တော် ရပ်တည်နေတာကလွယ်လွယ်ကူကူမဟုတ်ဘူး၊ ကျွန်တော်တို့အနေနဲ့ ပိုပြီးကြိုးစားဖို့ လိုတယ်”ဆိုတယ်ဆိုတဲ့ စိတ်ရယ်၊ ”မျက်စိမှမမြင်တာကွာ၊ သူတို့ကိုအလျှော့ပေးလိုက်ပါ၊ အမှတ်နည်း လည်းနည်းပါစေပေါ့၊ ကျမှာပေါ့မျက်စိမှမမြင်တာ”ဆိုတဲ့ အပြောမျိုးကြီးကို မခံနိုင်ပါဘူး၊ မျက်စိမြင်တဲ့သူတွေ ဒုနဲ့ဒေးကျနေကြတဲ့ အချိန်မှာ ကျွန်တော်တို့ကျမှ မျက်မမြင်လို့ ကျပါစေဆိုတာကြီးကိုအပြောမခံနိုင်ဘူး၊ အဲဒီအသိ အဲဒီ ခွန်အားတွေနဲ့ ကျွန်တော်ကြိုးစားခဲ့တယ်၊ ကြိုးစားခဲ့တဲ့အတွက် ထိုက်သင့်တဲ့ဝင်ငွေနဲ့ထိုက်သင့်တဲ့ နေရာတစ်ခုကို မျက်မမြင်ပညာတတ်တစ်ဦးအနေနဲ့ပိုင်ဆိုင်ခဲ့ပါတယ်” ဟု ၄င်းက ဆိုသည်။
ကိုဇော်ထွေးဦးသည် မွေးရာပါမျက်မမြင်တစ်ဦးဖြစ်ပြီး မွေးချင်းလေးဦးတွင် တတိယမြောက်ဖြစ်ကာ အခြားမောင်နှမသားချင်းများမှာ ပုံမှန်လူကောင်းများဖြစ်သည်။ ၄င်းသည် ကြည့်မြင်တိုင် မျက်မမြင်ကျောင်းကို ၁၉၈၆ ခုနှစ် ဆယ်နှစ်သားအရွယ်တွင်ရောက်ရှိပြီး သူငယ်တန်းကျောင်းသားအဖြစ် ကျောင်းစနေခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ၂ဝဝဝ ခုနှစ်တွင် ကြည့်မြင်တိုင်မျက်မမြင်ကျောင်းတွင်လုပ်အား ပေးဝင်ရောက်လုပ်ကိုင်ခဲ့ကာ ၂ဝဝ၁ ခုနှစ်တွင် ကြည့်မြင်တိုင်မျက်မမြင်ကျောင်းတွင် ကျောင်းဆရာတစ်ဦး ဖြစ်လာခဲ့သည်။ ၄င်းသည် ၂ဝဝ၄ ခုနှစ်တွင် အရှေ့ပိုင်းတက္ကသိုလ် တာဝတွင် မြန်မာစာအဝေးသင်ဘွဲ့ ကို ရရှိခဲ့ကာ ၂ဝဝ၅ တွင် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ”ခေါင်းဆောင်မှု မြှင့်တင်မှုသင်တန်း”သို့ စကောလားရှစ်ဖြင့် တက်ရောက်ခွင့်ရခဲ့ပြီး ၂ဝဝ၆ တွင် ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းတွင် ဂျပန်အကြောပြင်အနှိပ် ပညာအားလေးလတက်ရောက်ခွင့်ရခဲ့ သည်။ လက်ရှိတွင် ကျောင်းဆရာ အဖြစ်လုပ်ကိုင်ရင်း အကြောပြင်သင်တန်းတွင် ကျောင်းသားဟောင်းအဖွဲ့အနေဖြင့် အကြောပြင်ဆရာအဖြစ် Volunteer အဖြစ်ဆောင်ရွက်ကာ လမ်းမတော်ဂျပန်အကြောပြင်ခန်းတွင် အချိန်ပိုင်းအလုပ်ဝင်ရောက်လုပ် ကိုင်နေခဲ့သည်။
ဝ၁၇

Leave a Reply

Your email address will not be published.