ဖက်ဒရယ်ပြည်ထောင်စုဆိုသည်ကို အောက်ခြေပြည်သူများ နားမလည်နိုင်သေး တီဗွီ၊ ရေဒီယိုတို့က ဖက်ဒရယ်ကိစ္စပြောကြားခြင်းမရှိ၍ ပုဂ္ဂလိကမီဒီယာများကို အားထားနေရ

ရန်ကုန်၊ သြဂုတ် ၁၃
ဖက်ဒရယ်အရေးနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများနှင့်နိုင်ငံရေး လေ့လာသူအများကြားတွင် ခွဲထွက်ရေးမဟုတ် ပေါင်းစည်းရေးသာ ဖြစ်သည်ဟုလက်ခံလာသော်လည်း အောက်ခြေပြည်သူလူထုအကြားအထိ ရှင်းလင်းတင်ပြရန်မှာ အကန့် အသတ်များရှိနေသည်ဟု ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ဆောင်ရွက်နေသောတိုင်းရင်းသား ခေါင်းဆောင်တစ်ဦးက ပြောသည်။
”နိုင်ငံရေးလောကမှာတော့တော်တော်လေးရှင်းသွားပြီဗျ။ ဖက်ဒရယ်ဆိုတာခွဲထွက်ရေးမဟုတ်ဘူး။ ပူးပေါင်းရေးဖြစ်တယ် ဆိုတာလေ။ ဦးရွှေမန်းကအစပြောနေပြီလေ။ နိုင်ငံရေးမှာသိပ်ပြီးတော့ မကွဲပြားတော့ဘူး။ ခက်နေတာက တချို့ပြည်သူလူထုထဲမှာရှိတဲ့ တချို့တွေကနားမလည်သေး ဘူး။ အဲဒီအပိုင်းမှာတော့တော်တော်လေးခက်တယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှအထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကပြောသည်။
၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီး နေဝင်းဦးဆောင်၍ စစ်တပ်ကအာဏာသိမ်းပြီးနောက်တွင် ၁၉၄၇ အခြေခံဥပဒေအရ ပြဋ္ဌာန်းထား သော ဖက်ဒရယ်အရေးသည် ခွဲထွက်ရေးမူသာဖြစ်သည်ဟု အစိုးရအဆက်ဆက်တောက်လျှောက် ဝါဒဖြန့်ပြောဆိုသုံးစွဲလာခဲ့ပြီး လက်ရှိ ဦးသိန်းစိန်အစိုးရလက်ထက်တွင်မှ ဖက်ဒရယ်အရေးကို ပွင့်လင်းစွာ ဆွေးနွေးပြောဆိုလာခြင်းဖြစ်သည်။
လောလောဆယ်တွင် ဖက်ဒရယ်အရေးနှင့်ပတ်သက်သော ဆွေးနွေးပွဲများကျင်းပလာပြီး သတင်းစာ၊ ဂျာနယ်များနှင့်စာအုပ်စာတမ်းများတွင် ရေးသားဖော်ပြသည်များ ရှိလာသော်လည်း၊ အောက်ခြေပြည်သူလူထုသို့ချပြရန်မှာ ပုဂ္ဂလိက မီဒီယာများကိုသာအားကိုးနေရသည်ဟု ဦးစိုင်းညွန့်လွင်ကပြောသည်။
”လောလောဆယ်တော့ မီဒီယာကိုပဲအားကိုးနေရတယ်။ အခုကျွန်တော်တို့ကြည့်နေတာလေ အစိုးရပိုင်းကကိုင်ထားတ TV တွေ၊ ရေဒီယိုတွေက ဒါကိုလုံးဝမပြောဘူးဗျ။ ကျွန်တော်တို့တွေဝင်လို့လည်း မရဘူး”ဟု ယင်းကပြောသည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် ဖက်ဒရယ်အရေးနှင့်ပတ်သက်၍ ”လူထုကိုရှင်းပြဖို့ထက်စာရင် နိုင်ငံရေးလောက က နိုင်ငံရေးပါတီတွေကို ရှင်းပြဖို့ ပိုပြီးကြိုးစားတယ်။ ဒါကို လက်မခံတဲ့ပါတီတချို့ရှိတယ်။ အဲဒီပါတီ တွေနဲ့လည်းဆွေးနွေးဖို့ ကျွန်တော်တို့ကြိုးစားနေတယ်”ဟု ဦးစိုင်းညွန့်လွင်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှပြန်ကြားရေးဌာနယာယီတာဝန်ခံမုံရွာအောင်ရှင်က ”ကျွန်တော်တို့အဖွဲ့ချုပ်ရဲ့ မူဝါဒ သဘောထားထဲမှာတိုင်းရင်းသားလူမျိုးစုနဲ့ပတ်သက်တဲ့သဘောထားအပြည့်အစုံပါပါတယ်။ အဲဒီထဲမှာစစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရမယ်။ စစ်မှန်တဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးရမယ်။ နောက်ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရမယ်။အဲဒါတွေပါပြီးသားပါ”ဟုပြောသည်။
ဖက်ဒရယ်၏မူလအနှစ်သာရကိုပြည်သူများအကြားတွင် ပိုမိုနားလည်သဘောပေါက်လာစေရေးတွင် (NLD) ပါတီမှာလည်း တာဝန် ရှိသည်ဟု မုံရွာအောင်ရှင်က ယခုလို ဆက်လက်ပြောဆိုသည်။
”ဖက်ဒရယ်ဆိုတဲ့ စကားလုံး ကို ကျွန်တော်တို့က တွင်တွင် ကျယ်ကျယ်သုံးလာကြပြီ။ သို့သော် ကျွန်တော်တို့မှာ ထပ်ပြီးတော့ အား ထုတ်မှုတစ်ခုလိုတယ်။ အဲဒါက အောက်ခြေလူတန်းစား (Grassroot) ကသေသေချာချာနားလည် အောင်ကတော့ ထပ်ပြီးရှင်းပြရမှာပဲ။ လော လောဆယ်ကတော့ မြို့ပြမှာရှိတဲ့ လူတွေကိုနားလည်အောင်လုပ်နေကြရတယ်။ အဲဒီသဘောတော့ ရှိတယ်လို့ထင်ပါတယ်။ အောက်ခြေလူတန်းစားကနားလည်အောင် အချိန်တော်တော်ကြာကြာထပ်ပြီး တော့ ကြိုးစားကြရလိမ့်ဦးမယ်။ ဒီဟာနဲ့ပတ်သက်ပြီးတော့ လူမျိုးစုပါတီတွေမှာတာဝန်ရှိသလို NLD မှာလည်း ရှင်းပြလင်းပြဖို့ တာဝန် ရှိတယ်”
NLD ပါတီအနေဖြင့် ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်သည့် ရှင်းလင်းပွဲများပြုလုပ်ရာတွင်ဖက်ဒရယ်အရေးကို ထည့်သွင်းရှင်းလင်းနိုင်မည်ဟုယူဆကြောင်းလည်း မုံရွာအောင်ရှင်ကသုံးသပ်ပြောဆိုသည်။
ယခုလ ၆ ရက်နေ့က ”တိုင်း ရင်းသားလူမျိုးများအခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်း”နှင့်စပ်လျဉ်း၍ ပဏာမတွေ့ဆုံရှင်းလင်းခြင်းနှင့် ဖက်ဒရယ်အကြောင်း စာတမ်းဖတ်ပွဲအခမ်းအနားကို နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ သဘင်ဆောင်ခန်းမတွင် ကျင်းပခဲ့ပြီး ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင် မြင့်၊ ပြည်ထောင်စုတရားသူကြီးချုပ်ဦးထွန်းထွန်းဦး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးဥက္ကဋ္ဌ ဦးမြသိန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ယင်းဆွေးနွေးပွဲတွင် ဖက်ဒရယ်စနစ်ကို တည်ဆောက်ရာတွင် ၂ဝဝ၈ ဖွဲ့စည်းပုံကို လုံးဝပြောင်းလဲခြင်းထက် လိုအပ်သည်များကို ပြင်ဆင်ပြောင်းလဲသည့်နည်းကိုအသုံးပြုရန်နှင့် အများပြည်သူများနှင့်ကိုက်ညီပြီး မြန်မာနိုင်ငံအတွက် အကျိုးရှိစေမည့်ဖက်ဒရယ်စနစ်ကိုထူထောင်ရန် သူရဦးရွှေမန်းက ဆွေးနွေးခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းကလည်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA ၊ တိုင်းရင်း သားနိုင်ငံရေးပါတီ ၄ ပါတီမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူငယ်၊ အမျိုးသမီးနှင့်လူမှုအဖွဲ့အစည်းများ စုပေါင်း၍ တိုင်းရင်းသားညီလာခံတစ်ရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်ကျင်းပခဲ့သည်။
ယင်းညီလာခံကအမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော အမျိုးသားပြည်နယ်၊ အမျိုးသားများပြည်နယ်များနှင့် စုပေါင်း၍ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရန်၊ ပြည်ထောင်စုတပ်မတော်တစ်ရပ်ဖွဲ့စည်းရန်နှင့် ၂ဝဝ၈ ဖွဲ့စည်းပုံကို လက်မခံကြောင်းနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ်ရေးဆွဲရန်တို့ကိုဆုံးဖြတ်ခဲ့သည်။
ယင်းညီလာခံမှချမှတ်သောမူသည် ၈ ပြည်နယ်ပါဝင်သော ဖက်ဒရယ်ပြည်ထောင်စုကို မဆိုလိုကြောင်း UNFC ၏အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြော သည်။
”၈ ပြည်နယ်ရယ်လို့ မသုံးပါဘူး။ ဒီထက်ပိုဖို့များပါတယ်။ ရည်ရွယ်ထားတာကတော့ လူမျိုးတစ်မျိုးဆိုရင်တော့ ပြည်နယ်တစ်ခုပေါ့။ ဒါပေမဲ့ တနင်္သာရီတိုင်းလို၊ ဧရာဝတီတိုင်းလို၊ စစ်ကိုင်းတိုင်းမြောက်ပိုင်းဒေသတွေမှာ လူမျိုးစုက တစ်ခုတည်းမဟုတ်ဘူးပေါ့။ လူမျိုးစုက ရောနှောနေတဲ့ဒေသတွေကို သက်ဆိုင်ရာလူမျိုးများ ပြည်နယ်ပေါ့။ အဲလိုပုံစံမျိုးနဲ့ ဖွဲ့စည်းသွားဖို့။ နောက်တစ်ခြားသင့်တော်တဲ့ လူမျိုးစုတွေကလည်း ပြည်နယ်ရထိုက်တဲ့ လူမျိုးအသစ်တွေလည်းပေါ်ချင် ပေါ်လာမှာပေါ့။ ပြည်နယ်ပေါ်မှာအခြေခံပြီးဖွဲ့စည်းဖို့ပဲ။ ၈ ပြည်နယ်ရယ်လို့တော့ အသေပြောမထားဘူး”
ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရာမှာတော့ ပြည်နယ်အလိုက်၊ လူမျိုးအလိုက်ကိုယ်စားပြုပါဝင်ဖွဲ့ စည်းဖို့ရည်ရွယ်ကြောင်း နိုင်ဟံသာက ဆက်လက်ပြောသည်။
UNFC တွင်မပါဝင်သော ရှမ်း ပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းအနေဖြင့် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းရေးနှင့်ပြည်ထောင်စုတပ်မတော်ဖွဲ့စည်း ရေးကိုမူအားဖြင့် လက်ခံထားသော်လည်း အသေးစိတ်ညှိနှိုင်းဆောင် ရွက်ရန်လိုအပ်နေသေးကြောင်း အဖွဲ့၏ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းလောင်ဝ်ဆိုင်က ပြောသည်။
၂ဝ၁ဝ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် တိုင်းရင်းသားပါတီ ၁၅ ပါတီနှင့်စုပေါင်းဖွဲ့စည်းထားသော ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်းကလည်း ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့်ပတ်သက်၍ ဇူလိုင်လအတွင်းက အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကျင်းပခဲ့သည်။ မကြာမီကရန်ကုန်မြို့တွင် ကျင်းပပြီးစီးခဲ့သော ရှစ်လေးလုံး ငွေရတုအခမ်းအနားတွင် ပြည်တွင်းပြည်ပမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး မြန်မာပြည်အနာဂတ်နိုင်ငံရေးကို ဆွေးနွေးပွဲများ ကျင်းပရာတွင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို လုပ်ငန်းစဉ် တစ်ရပ်အဖြစ် ဆောင်ရွက်ရန်ဆုံး ဖြတ်ထားသည်။
လောလောဆယ်တွင် တိုင်းရင်းသား နိုင်ငံရေးအင်အားစုများ၊ ဒီမိုကရေစီပါတီများ၊ ဒီမိုကရေစီအင်အားစုများနှင့် အာဏာရပါတီတို့အကြားတွင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို အလေးထားပြောဆိုဆွေးနွေးလာနေသော်လည်း မည်ကဲ့သို့သော ဖက်ဒရယ်စနစ်ကိုကျင့်သုံးကြမည်ကို တိတိကျကျ ချပြဆွေးနွေးသည့်အခြေအနေမရောက်ရှိသေးပေ။
မြန်မာနိုင်ငံလွတ်လပ်ရေးမရယူမီရေးဆွဲခဲ့သော ၁၉၄၇ အခြေခံဥပဒေသည် မူအရဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရန် ရည်ရွယ်ခဲ့သော်လည်း လက်တွေ့တွင်တစ်ပြည်ထောင်စနစ်ကို အခြေခံထားကြောင်း တိုင်းရင်းသားနိုင်ငံရေးသမားများက ဝေဖန်သုံးသပ်ခဲ့သည်။ ယင်းဖွဲ့စည်းပုံတွင် ပြည်ထောင်စုအတွင်း ၁ဝ နှစ် ယှဉ်တွဲနေထိုင်ပြီးနောက် ခွဲထွက်လိုကခွဲထွက် ပိုင်ခွင့်ကိုခွင့်ပြုထားသည်။ ယင်းအချက်ကိုမူတည်၍ ဖက်ဒရယ်သည် ခွဲထွက်ရေးဖြစ်သည်ဟု ပြောဆိုမှုများလည်းရှိခဲ့ပြီး လက်ရှိအစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရာတွင် ပြည်ထောင်စုအတွင်း အမြဲအတူတကွ ပူးပေါင်းနေထိုင်ရေးဆိုသော အချက်ကို နံပါတ်(၁)အနေဖြင့်ထည့်သွင်းထားသည်။
ဝ၂၈

Leave a Reply

Your email address will not be published.