ငြိမ်းချမ်းရေးရရန်အတွက် နှစ်ဖက်စလုံး ရိုးသားရန်လိုပြီး ငြိမ်းချမ်းရေးမှ ညီညွတ်ရေးသီချင်းများဆီသို့ ဆက်လက်ရေးသားရန်ဆန္ဒရှိ

ငြိမ်းချမ်းရေးဆိုသည်မှာ လွယ်မယောင်နှင့်ခက်၊ တိမ်မယောင်နှင့် နက်သည့်အတွက်အရေးအကြီးဆုံးမှာ နှစ်ဖက်စလုံးရိုးသားရန်လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေးသီချင်းများ ရေးသားရာမှ ညီညွတ်ရေးသီချင်းများဆီသို့ ဆက်လက်ရေးသားရန်ဆန္ဒရှိနေကြောင်း’ငြိမ်းချမ်းပါစေ’ သီချင်းကို မပွင့်လင်းသည့်ကာလ၌ တက်နေအမည်ဖြင့် ရေးစပ်သီဆိုခဲ့သူ တေးရေးဆရာကိုတိုးလွင်(ဥတ္တရအလင်း)က ပဲ့တင်သံဂျာနယ်သို့ ပြောခဲ့သည်။
”ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ပြောရရင်တစ်ဖက်နဲ့တစ်ဖက်ရိုးသားဖို့လိုတယ်၊ ငြိမ်းချမ်းရေးရဖို့လုပ်ခဲ့တာ အခု ကျွန်တော်တို့ခေတ်မှမဟုတ်ဘူး၊ ဟိုးအရင်ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့ ခေတ်ကတည်းက ငြိမ်းချမ်းရေးအတွက် လုပ်နေခဲ့တာ၊ ဆရာကြီးဒဂုန်တာရာဆိုရင်လည်း ငြိမ်းချမ်းရေးပြယုဂ်တစ်ခုလို့ ပြောလို့ရတယ်၊ အခုဆို အသက်တောင် ၉ဝ ကျော်နေပြီ၊ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို မတွေ့ရသေးဘူး၊ ငြိမ်းချမ်းသွားပြီဆိုရင် တရားဥပဒေစိုးမိုးရေးဆိုတာ သူ့အလိုလိုပေါ်လာလိမ့်မယ်၊ မငြိမ်းချမ်းသ၍ကတော့ တစ်ယောက်တစ်ပေါက်စီ ပြောနေကြဦးမှာပဲ၊ လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့နက်တဲ့အရာမျိုးပါပဲ။ ကျွန်တော်က နိုင်ငံရေးသမားမဟုတ်ပါဘူး၊ တရားမှုနဲ့ မတရားမှုမှာတရား မှုဘက်ကပါချင်တဲ့အတွက် ငြိမ်းချမ်းရေးသီချင်းတွေ ရေးဖြစ်တာပါ၊ ကျွန်တော်က အနုပညာသမားတစ်ယောက်ပါပဲ၊ တစ်ချိန်ချိန်မှာ ငြိမ်းချမ်းရေးတွေရသွားပြီးတော့ အားလုံးအဆင်ပြေသွားပြီဆိုရင် ကျွန်တော်တို့ ကိုယ့်အနုပညာအလုပ်ကိုပဲ ဆက်လုပ်သွားမှာပါ၊ ဒါပေမဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ကိုယ့်ကိုလှိုက်လှိုက်လှဲလှဲ သီချင်းတွေရေးဖို့၊ ဆိုဖို့တောင်းဆိုလာရင်တော့ ငွေကြေးတွေဘာတွေ မကြည့်ဘဲလုပ်ပေးဖြစ်မှာပါ” ဟု ကိုတိုးလွင်က ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် သူ့အမြင်ကို ပြောပြခဲ့သည်။
ယင်းရေးသားခဲ့သော”ငြိမ်းချမ်းပါစေ” သီချင်းနှင့်ပတ်သက်၍ ”ငြိမ်းချမ်းရေးသီချင်းတွေ ရေးထားတာရှိပေမယ့် အချို့သီချင်းတွေကျတော့ မဆိုဖြစ်တာတွေရှိတယ်၊ အဲဒီထဲမှာမှ လူသိအများဆုံး သီချင်းလေးကတော့’ငြိမ်းချမ်းပါစေ’ပေါ့၊ ပြည်တွင်းစစ်တွေ မငြိမ်းချမ်းသေးတဲ့အတွက် တောထဲ၊ တောင်ထဲမှာ ပြေးလွှားပုန်းအောင်းနေရတဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကလေးလေးတွေ အကြောင်းပုံတွေ၊ စာတွေကိုမြင်ရ၊ တွေ့ရ၊ ဖတ်ရတဲ့အတွက် ဒီသီချင်းလေးကို ရေးဖြစ်သွားခဲ့တာပါ။ သီချင်းလေးအထိုက်အလျောက် အောင်မြင်သွားတယ်ဆိုတာ လူတွေကငြိမ်းချမ်းရေးကို စိတ် ဝင်စားလာပြီး တစိုက်မတ်မတ်လုပ်လာတဲ့အချိန်နဲ့ ကိုက်ညီသွားလို့လည်းပါပါတယ်။ မပွင့်လင်းသေးတဲ့ အချိန်မှာ သီဆိုရတဲ့အတွက် တက်နေဆိုတဲ့အမည်နဲ့ ဆိုခဲ့တာပါ။ သီချင်းအဓိပ္ပါယ်ကလည်း ရိုးရှင်းပါတယ်၊ ‘အချင်းချင်းကွယ်စစ်မဖြစ်ကြနဲ့…ရှေးရှေးတုန်းက ထက်ပိုချစ်ကြပါ… ဒါတို့မြေ၊ ဒါတို့ပြည်၊ တိုင်းရင်းသားတို့ အကုန်အစင်ပိုင်တဲ့မြေ…တန်းတူညီမျှ လူ့အခွင့်အရေးတွေ ညီတူညီမျှစေ… တောင်ပေါ်မြေပြန့် မခွဲခြားဘဲ ကရင်၊ ကယား၊ ကရင်၊ ချင်းနဲ့ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း ရှေးရှေးကထက် ပိုချစ်ကြလေ… ပြည်တွင်းစစ်ရဲ့မီးကြောင့် တို့ညီအစ်ကိုမောင်နှမ အော် ဟစ်ပြေးလွှား သေကျေပျက်စီးနေ… ကလေးလေးတွေ အတွက် အဖိုးအဖွားတွေ ငြိမ်းငြိမ်းချမ်းချမ်းငြိမ်းချမ်းကြပါစေ…’ဆိုတဲ့ စာသားအဓိပ္ပါယ်လေးတွေပါတဲCountry Song လေးတစ်ပုဒ်ပါ၊ ရေးတာရော၊ ဆိုတာရော ကျွန်တော်ပါပဲ၊ ဒီသီချင်းလေးကိုပရိသတ်တော်တော်များများ လက်ခံသွားကြတဲ့အတွက် ကျွန်တော်က အောင်မြင်တယ်လို့ မခံစားမိပါဘူး၊ ဒီသီချင်းလေးကို မငြိမ်းချမ်းတဲ့ နှစ်ဖက်စလုံးကြားသိပြီး အတွေးလေးတွေ နည်းနည်းလောက်ပြောင်းသွားခဲ့ရင်ကို ကျွန်တော်ကျေနပ်ပါတယ်။ အစကတည်းက နာမည်ကြီးဖို့၊ ပေါ်ပြူလာဖြစ်ဖို့ရေးခဲ့တဲ့ သီချင်းမှမဟုတ်တာ။ မငြိမ်းချမ်းသ၍ကတော့ ကျွန်တော်ဆိုနေရဦးမှာပေါ့” ဟု ရှင်းပြခဲ့သည်။
ငြိမ်းချမ်းရေးသီချင်HIV ဝေဒနာရှင်များအတွက်လည်း သီချင်းများရေးစပ်ပေးခဲ့ပြီး ”မွန် မြတ်သောစိတ်ရဲ့အလှတရား” သီချင်းသည် HIV ဝေဒနာရှင်များအတွက် ရေးစပ်ခဲ့သော သီချင်းများထဲတွင် အကြိုက်ဆုံးသီချင်းတစ်ပုဒ်ဖြစ်ကြောင်း။ ကျောင်းသားတစ်ဦး၏ စိတ်ခံစားမှုများပြင်းပြစေခဲ့သော ”ဒေါင်း အလံ” ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်၍ ”အာဇာ နည်မျိုးသေရိုးမရှိ” စသော သီချင်းများကိုလည်း ရေးစပ်ခဲ့ကြောင်းသိရသည်။ ”ဒေါင်းအလံ” နှင့် ”အာဇာနည် မျိုးသေရိုးမရှိ” သီချင်းများနှင့်ပတ်သက်၍ ၄င်း၏ ခံစားချက်များကို ”စက်တင်ဘာမှာ ကျွန်တော်ကိုယ်တိုင်ပါဝင်ခဲ့လို့ ဒေါင်းအလံကိုရေးဖြစ်ခဲ့တာပါ။ ပန်းဆိုးတန်းခုံးတံတားပေါ်ကနေ ကျောင်းသားတွေ ဒေါင်းအလံကိုကိုင်ပြီး ဆင်းလာကြတယ်။ ဆူးလေဘုရားဘက်ကို ချီတက်လာတဲ့အချိန်မှာ ကျွန်တော်လည်း အရင်က ကျောင်းသားတစ်ယောက် ဖြစ်ခဲ့တဲ့အတွက် ဒီလိုအချိန်မှာ ဒီလိုအင်အားစုကြီး ပါဝင်လာရမယ်ဆိုတဲ့စိတ်နဲ့ အဲဒီသီချင်းကို ခံစားပြီးရေးခဲ့တာပါ။ ဒေါင်းအလံသီချင်းလေးကို ကျွန်တော့်စိတ်ခံစားမှုနဲ့ ကျွန်တော်ရေးခဲ့ပြီး အွန်လိုင်းပေါ်တင်ခဲ့တယ်၊ နောက်တော့ ဒီမိုကရက်တစ် မြန်မာ့အသံကနေယူပြီးတော့ လွှင့်ဖြစ်ခဲ့တယ်။ ဒေါင်းအလံတွေများ လာတာကိုမြင်ပြီး ကျွန်တော်တို့ ကျောင်းသားမျိုးဆက်တွေ ဘယ်လောက်များလာတယ်ဆိုတာ ခံစားမိတယ်။ ‘၈၈ ရဲ့မျိုးဆက်များ၊ ၈၈ ရဲ့ရဲဘော်များ၊ ၈၈ ရဲ့ဒေါင်းအလံများ လေမှာတလူလူလွှင့်တက်ခဲ့ပြီ၊ ဒါအမှန်တရား၊ အတူလက်တွဲတော်လှန်ရမှာ ဒါအမှန်တရားပါ’ ဆိုတာလေးကိုရေးခဲ့တယ်၊ ၇ July အတွက် နောင်တော်ညီတော်များကို ဂုဏ်ပြုတဲ့အနေနဲ့တင်ထားတာပါ’အာဇာနည်မျိုး သေရိုးမရှိ’ နဲ့ပတ်သက်ပြီးပြောရရင် ကျွန်တော်နောက်ပိုင်း အမေ့အိမ်စာသင်ကျောင်းလေးတွေမှာသွားဆိုဖို့ အကြောင်းဖန်လာတယ်၊ အဲဒီ ကျောင်းလေးတွေမှာ သီချင်းသွားဆိုတဲ့အခါမှာ ကျွန်တော်ကလေးတွေကို ဘာဆိုပြရင် ကောင်းမလဲလို့ စဉ်းစားတဲ့အခါ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို ကလေးတွေကို ဆိုပြရင်ကောင်းမယ်၊ အမှန်တရားကို ဖော်ဆောင်တဲ့အနေနဲ့ အာဇာနည်မျိုးသေရိုးမရှိဆိုတဲ့ စာသားလေးက ကလေးတွေအတွက် ပိုပြီးသိသင့်တယ် လေ၊ ဒီသီချင်းလေးကို လွန်ခဲ့တဲ့သုံးလေးနှစ်က ရေးဖြစ်ခဲ့တာပါ” ဟု တေးရေးကိုတိုးလွင်(ဥတ္တရအလင်း)က ပြောပြသည်။ လက်ရှိတွင် တိုးလွင်(ဥတ္တရအလင်း)ရေးစပ်သီဆိုခဲ့ပြီး လွှင့်ခွင့်မရခဲ့သော သီချင်းများဖြစ်သည့် ”ပြိုင်တူ တွန်းလျှင်ရွေ့နိုင်ပါသည်” ၊ ”ငြိမ်းချမ်းပါ စေ”၊ ”နေလိုလလိုအမေ”၊”လရောင်အောက်မှာက ကြမယ်”၊ ”ဒေါင်းအလံ”၊ ”အာဇာနည်မျိုး သေရိုးမ ရှိ” အပါအဝင်သီချင်းများကို တစ်စုတစ်စုတည်း အခွေထုတ်ရန်စီစဉ်နေပြီး ကလေးသီချင်းခွေများထုတ်ရန်လည်း ရည်ရွယ်ထားကြောင်းသိရသည်။
ဝ၁၇

Leave a Reply

Your email address will not be published.