သဘာဝသယံဇာတတွင်းထွက်များ အသုံးဆိုင်ရာ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့ (EITI)သို့ အဖွဲ့ဝင်လျှောက်ထားမည်

ရန်ကုန်၊ သြဂုတ် ၁ဝ
သဘာဝတွင်းထွက် သယံဇာတများ အသုံးဆိုင်ရာပွင့်လင်းမြင်သာမှုဖော်ဆောင်ရေးအတွက် အစိုးရပိုင်း၊ ပုဂ္ဂလိကပိုင်းနှင့် civil society များမှ ပူးပေါင်းပါဝင်ပေးရန် အထူးလိုအပ်ကြောင်းနှင့် အဖွဲ့ဝင်အဖြစ်လျှောက်ထားရေးကို လာမည့် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာတွင် လျှောက်ထားမည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။ EITI (Extractive Industries Transparency Initiative)အဖွဲ့သို့ အဖွဲ့ဝင်လျှောက်ထားရေးတွင် ဦးဆောင် ကော်မတီဥက္ကဋ္ဌအဖြစ် သမ္မတရုံးဝန်ကြီးဦးစိုးသိမ်းနှင့် အတွင်းရေးမှူးအဖြစ် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်တို့ပါဝင်သော သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီး(၆)ဦးတို့ ပါဝင်ကြောင်း၊ ၎င်းကပြောသည်။
”ဒီအဖွဲ့ကို နိုင်ငံတကာမှာ ၂ဝဝ၂ခုနှစ်က ဗြိတိန်ဝန်ကြီးချုပ် တိုနီဘလဲကစလုပ်ခဲ့တာပါ။ နိုင်ငံတွေမှာ သဘာဝသယံဇာတတွေထွက် ပေမယ့်ဘယ်သူတွေသုံးစွဲနေလဲဆိုတော့ သက်ဆိုင်ရာ အစိုးရသုံးစွဲပါတယ်။ သူ့ပြည်သူတွေကတော့မသုံးရဘူး။ ဆင်းရဲမြဲဆင်းရဲပေါ့ဗျာ။ အဲဒါကိုစီးပွားရေးပညာရှင်တွေက Resources curse သဘာဝတရားရဲ့ ကျိန်စာလို့ သတ်မှတ်တယ်။ အဲ့ဒါကို ရှောင်လွဲချင်တဲ့စိတ်နဲ့စတင်ဖွဲ့စည်းတာဖြစ်ပါတယ်။ ကျွန်တော်တို့ဆီ မှာ ဒီအဖွဲ့ဖွဲ့ဖို့ တာဝန်ယူရတဲ့အပိုင်းက အင်မတန်အရေးကြီးပါတယ်။ အာဖရိကနိုင်ငံတွေဆိုရင် တွင်းထွက်တွေထွက်တယ်။ စိန်တွေထွက်တယ်။ ပိုင်တယ်။ အဲ့ဒါတွေနဲ့ အစိုးရက လက်နက်ဝယ်တယ်။ ပြည်သူတွေကို ဒီလက်နက်တွေနဲ့ ပြန်ဖိနှိပ်တယ်။ အာဏာရှင်အစိုးရတွေက သယံဇာတတွေကို ရောင်းစားတယ်။ ဥပမာဗျာ တစ်ရာနဲ့ရောင်းစားတယ်။ အဲ့ဒီငွေတစ်ရာ ဘယ်မှာလဲဆိုတော့ မေးလို့မရတော့ မသိတော့ဘူး။ သူတို့ပိုင်ငွေကို ကိုယ်ပိုင်အပ်တဲ့ ပုဂ္ဂလိကဘဏ်တွေမှာအပ်တယ်။ ပြည်သူတွေက မခံစားရဘဲ လက်တစ်ဆုပ်စာ လူတစ်စုက ခံစားရတယ်။ အဲဒါ အာဏာရှင်အစိုးရတွေပါ။ ဒီမိုကရက် အစိုးရတွေမပါပါဘူး။ သဘာဝသယံဇာတဆိုတာ အမြဲထွက်နေတာမဟုတ်ဘူး။ အချိန်တန်ရင် ကုန်သွားတာပဲ။ အဲဒါကို ထိန်းချုပ်ဖို့ ကျွန်တော်တို့စလုပ်နေတာပါဟု” ဘဏ္ဍာရေးဒုတိယဝန်ကြီးက ရှင်းလင်းပြောကြားသည်။
”ဒါနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ နှစ်(၂ဝ)လောက်က ကျွန်တော် ဘာသာပြန်ဆိုရေးသားဖူးတယ်။ နိဗ္ဗာန်ဘုံပျောက်ဆုံးခြင်းတဲ့။ တကယ့်အဖြစ်အပျက်ပါ။ သြစတြေးလျမှာရှိတဲ့ ကျွန်းတစ်ကျွန်းမှာနေတဲ့ ကျွန်းသားတွေအင်မတန် ဆင်းရဲပါတယ်။ တစ်နေ့ nitride(နိုက်ထရိုက်ဒ်)တွေ ထွက်လာတော့ တိုင်းပြည်က ချမ်းသာသွားတယ်။ နိုက်ထရိုက်ဒ်တွေ ရောင်းစားပြီး သူ့ပြည်သူတွေကို အိမ်တစ်အိမ်ကား ၂ စီး၊ ၃စီး။ အလုပ်လုပ်စရာမလိုဘူး။ နိုင်ငံခြားပညာတော်သင်ခွင့်ပြုတယ်။ အလုပ်သမား တောင် နိုင်ငံခြားသားပဲခိုင်းတယ်။အလုပ်လုပ်စရာမလိုတော့ လူတွေ ကစားလိုက်သောက်လိုက်နဲ့ ဝဝကြီးတွေဖြစ်လာပြီး ဉာဏ်တွေလည်း ထိုင်းလာတယ်။ သူတို့က သုံးရင်း သုံးရင်း nitride တွေရှားလာတယ်။ နောက်ဆုံး မြို့တော်ခန်းမအောက် မှာပဲ ရှိတယ်ဆိုတော့ မြို့တော်ခန်းမကြီးကို ဖြိုးပြီးရှာတယ်။ နောက်ဆုံး အမွဲဆုံးဖြစ်သွားပြီး တိုင်းပြည်က ပြာပုံကျသွားတယ်။ ဒါတောင် အစိုးရအလွဲသုံးတာမဟုတ်ဘူး။ သူ့ပြည်သူအတွက်သုံးစွဲတာ။ ဘုန်းတာမပါဘူး။ ဒီလိုမျိုးမဖြစ်ရအောင် ကာကွယ်ဖို့ သဘာဝသယံဇာတကရတဲ့ ဝင်ငွေဟာ ဘယ်လောက်ရှိတယ်ဆိုတာကို အစိုးရပိုင်းကို ပြခိုင်းတဲ့သဘောပဲ။ ပစ္စည်းတွေကို စာရင်းစစ်တဲ့သဘောပါ။ ကိုယ့်အိတ်ထဲထည့်လို့မရတော့ဘူးပေါ့။ ခိုးလို့မရတော့ဘူး။ အလွဲသုံးလို့ မရတော့ဘူး။ လိုအပ်ရင် နိုင်ငံတကာစာရင်းစစ်တွေခေါ်စစ်မယ်။ တူးဖော်တဲ့ ပုဂ္ဂိုလ်တွေချည်းထုတ်ယူလို့မရအောင် အစိုးရပိုင်းချည်း ထုတ်ယူလို့ မရအောင်၊ အစိုးရပိုင်းကရော ပုဂ္ဂလိကပိုင်းကရော civil society ပိုင်းက ပါအောင်ဖွဲ့ပါမယ်” ဟု ဒုတိယဝန်ကြီးက ပြောသည်။
မြန်မာနိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းသွားတာဖြစ်သည့်အတွက် ယခုကဲ့သို့ ဖော်ဆောင်ရန်လိုအပ်ပါကြောင်း နောင်လာနောက်သားမျိုးဆက်တွေအတွက် မိမိတို့မှ မဖြစ်ဖြစ်အောင် အားစိုက်လုပ်ကြဖို့အတွက် အစိုးရပိုင်းကနည်းနည်း ဆိုရင် လူမှုအဖွဲ့အစည်းများက အားထည့်ပြီး လုပ်ဖို့လိုပါကြောင်း၊ privite Sector များက ပိုအားထည့်စေချင် ကြောင်း၊ ပါတီတစ်ဖွဲ့တည်းအတွက် ပါတီအဖွဲ့အကျိုးအတွက်မဟုတ် ကြောင်း၊ အစိုးရအကျိုးလည်းမဟုတ်ကြောင်း၊ ဘယ်အစိုးရနှင့်မှ မဆိုင်ကြောင်း၊ ပြည်သူ၊ ပြည်သားများအတွက်သာ လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ဒါဟာ အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်ပါကြောင်း၊ လာဘ်ပေးလာဘ်ယူမှုကိစ္စလည်း ကာကွယ်ရာရောက်ပါကြောင်း၊ ဦးဆောင်တာဝန်ယူပြီးလုပ်ဆောင်သင့်ကြောင်း၊ ဒီမိုကရေစီ အားကောင်းဖို့ဖြစ်ပါကြောင်း၊ ဒီလို ဖော်ဆောင်ဖို့အားပေးသော လူကြီးများကိုလည်း ကျေးဇူးတင်ပါကြောင်း၊ ဂုဏ်ပြုချီးကျူးရမည် ဖြစ်ပါကြောင်း၊ ဒီလိုမဖြစ်လာပါကလည်း အစိုးရပိုင်းက မလုပ်ဖြစ်လေ ပိုကောင်းသလိုတောင် ဖြစ်နိုင်ပါကြောင်း၊ ဒီအတွက် နိုင်ငံခြားရင်နှီးမြှုပ်နှံမှုများပါ ရောက်လာနိုင်ပါကြောင်း ပြောသည်။
”တစ်ချက်ခုတ်လျှင် အချက်ပေါင်းများစွာပြတ်နိုင်ပါတယ်။ ဒီအဖွဲ့ ရဲ့လုပ်ငန်းကော်မတီဥက္ကဋ္ဌကတော့ ကျွန်တော်ပါ၊ အတွင်းရေးမှူးက သမ္မတရဲ့စီးပွားရေးနဲ့ လူမှုရေးအဖွဲ့ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာဇော်ဦးက တာဝန်ယူပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေက အဖွဲ့ဝင် ၁ဝ ဌာနအဖြစ်ပါဝင်လာမှာ ဖြစ်ပါတယ်”ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။
သက်ဆိုင်ရာအဖွဲ့ဝင် ၁ဝ ဦးအား အဖွဲ့ဝင်များဖြစ်သော သတ္တုတွင်းဝန်ကြီးဌာန၊ ရေအားလျှပ်စစ်၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရသုံးမှန်းခြေ၊ နိုင်ငံခြားစီးပွားဆက်ဆံရေး၊ ဥပဒေများ စိစစ်ရေးဦးစီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စသဖြင့်ပါဝင်သည်။
ဝ၃၈

Leave a Reply

Your email address will not be published.