ဟတ်ချိုးဆိတ်ဖွား၊ နှာစေးချောင်းဆိုးခေတ်နှင့်ကျွန်တော်တို့ တကယ်ပြောင်းလဲလာပါရဲ့လား

ဆယ်တန်းတွင် အတူတူစာကျက်၊ အတူတူကျောင်းတက်ခဲ့ရသော သူငယ်ချင်းတစ်စုနှင့် လွန်ခဲ့သောရက်က ပြန်တွေ့ ပြန်ဆုံ ကြသည်။ ယခင်ဆုံနေကြက ကျွန်တော်တို့ပြောဖြစ်ကြသော စကားများမှာ ကိုးတန်း၊ဆယ်တန်းအချိန်က မည်သို့ဆိုးခဲ့ ကြောင်း၊ မည်သို့ဖြတ်သန်းခဲ့ကြောင်း အသီးသီး အလီလီ အောက်မေ့ဖွယ်များကိုသာ ပြောဖြစ်ခဲ့ကြသည်။ ယခုတစ်ချိန် လက်ဖက်ရည်ဆိုင်တွင် တွေ့ဖြစ်တော့ ထိုသို့သောစကားများကို မပြောဖြစ်ပါ။ ကျွန်တော်တို့သူငယ်ချင်းတစ်စု ငြိမ်သက် တိတ်ဆိတ်စွာ ထိုင်နေကြရာမှ ဂျာနယ်တချို့မှ သတင်းများ၊ ပုဂ္ဂလိကသတင်းစာတချို့မှ သတင်းများကို ဆက်မိစပ်ရာ ပြောဖြစ်ကြသည်။ ကျွန်တော် အတော်ပင်ဝမ်းသာမိပါသည်။ ကျွန်တော့်သူငယ်ချင်းများ၊ ကျွန်တော်တို့အရွယ်လူငယ်များ မိမိ နိုင်ငံ၏သတင်း၊ မိမိနိုင်ငံ၏အခြေအနေအရပ်ရပ်ကို စိတ်ဝင်စားလာခြင်းကြောင့်ပင်။
ထိုသူငယ်ချင်းများထဲမှ စာအတော်အသင့်ဖတ်သော ဉာဏ်ဝင်းထွန်းက ကျွန်တော့်ကို ဦးတည်၍ အားလုံးကိုမေးလိုက်သော စကားတစ်ခွန်းကြောင့် ကျွန်တော်တို့အားလုံး ခဏခေတ္တ ငေးကြောင်သွားပါသည်။
ငါတို့ တကယ်ရော ပြောင်းလဲလာကြလား
သူ့စကားမှာ အဆုံးမရှိ၊ အစမရှိဖြစ်သောကြောင့် ဘာကို ဆိုလိုမှန်း ချက်ချင်းမသိကြ။ နောက်တစ်နည်း ပြောလာသောစကား ကြောင့်သာ ကျွန်တော်တို့အားလုံး သဘောပေါက်မိသည်။
ငါပြောတာကကွာ အခု ဂျာနယ်တွေ သတင်းစာတွေထဲမှာ ဖတ်ဖတ်နေရတာပဲ။ ဒီမိုကရေစီဖော်ဆောင် နေတဲ့လမ်းကြောင်းပေါ် ရောက်နေပြီ။ ပြုပြင်ပြောင်းလဲမှုတွေကို အစိုးရက အင်တိုက်အားတိုက်လုပ်နေကြတယ်။ အဲဒီလို စသဖြင့်ပေါ့ကွာ။ ငါတို့ တကယ်ရော ပြောင်းလဲလာကြရဲ့လား ကျွန်တော် ဘာမှ ပြန်မဖြေမိ။ လက်ဖက်ရည်ဝိုင်းမှာ ကျွန်တော်တို့အားလုံးပေါင်း ငါး ယောက်ဖြစ်သည်။ ထိုအထဲမှ ပြည့်ဖြိုးလင်းက ခေါင်းခါပြီး ရုတ်တရက်ဝင်ပြောသည်။
ဘာမှတော့မထူးဘူး ထင်တာပဲ။ လက်ရှိ လုပ်နေတဲ့အပြောင်းအလဲတွေ ဘာတွေဆိုတာက ဟန်ပြဖြစ်သလိုပြောပြီး ပြောသလို တွေမှ ဖြစ်မလာဘဲ။ အခုကြည့် လူမျိုးရေး၊ ဘာသာရေးဆန်ဆန် အဓိကရုဏ်းတွေ ထိထိရောက်ရောက် ဘာများလုပ်နိုင်လို့လဲ။ နိုင်ငံရေးလှည့်ကွက်အနေနဲ့ လူတွေကို လမ်းကြောင်းပြောင်း၊ အာရုံလွှဲတဲ့အကျင့်မျိုးတွေက ဘယ်နှစ်ခုနှစ်က ပုံစံတွေလဲ အရှင်း သားကို။ တရားဥပဒေစိုးမိုးရေး ဘာညာဆိုပြီး ဘာဖြစ်လာသလဲ
ကျွန်တော်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြသည်။ ပြည့်ဖြိုးလင်းပြောသည်ကို ထောက်ခံဟန်။ ကျွန်တော်တို့ထဲ တွင် ယနေ့ ထူးထူးခြားခြား တိတ်ဆိတ်နေသည်မှာ ကြည်ကို ဆိုသည့် သူငယ်ချင်းဖြစ်သည်။ သူက ယခင်ပြောနေကျ သီချင်း အကြောင်း၊ ရုပ်ရှင်အကြောင်းတွေဆို အားရပါးရ ဒိုင်ခံပြောနေကျ။ ယခုတော့ ပျင်းရိနေဟန်ဖြစ်သည်။ စီးကရက်ကိုသာ တွင်တွင်သောက်နေတော့သည်။ ခဏနေတော့ ကြည်ကို ထပြန်သွားသည်။ မပြန်ခင်ပြောသွားသေးသည်။ မင်းတို့က ကိုယ် နဲ့မဆိုင်တာတွေ၊ ဘာတွေ ပြောမှန်းလဲမသိဘူး တဲ့။ အတူတူထိုင်နေကြသော သူငယ်ချင်းများတော့မသိ။ ကျွန်တော်တော့ စိတ်ထဲတွင် အောင့်သက်သက်ဖြစ်သွားမိသည်။ ကျွန်တော့်အရွယ် လူငယ်တွေထဲတွင် တချို့သည် မိမိနိုင်ငံ ဘာဖြစ်နေသည်ကို စိတ်မဝင်စား။ တချို့က စိတ်ဝင်စားသည်။ သို့သော် ဖြစ်ချင်ရာဖြစ် ကိုယ်နှင့်မဆိုင်ဟု ယူဆထင်မြင်ကြသူတွေလည်း ရှိသည်။ တချို့ကတော့ စိတ်ဝင်စားလည်း အကျိုးမရှိ၊ မိမိအလုပ် မိမိလုပ်၊ ပိုက်ဆံရှာရန်သာ အရေးကြီးဆုံးဟု မှတ်ပိုက်ထားကြသူများ လည်းရှိသည်။ ခက်တော့ ခက်လှပါသည်။
ကျွန်တော်တို့ ကိုယ့်အတွေးနှင့်ကိုယ် ငြိမ်နေကြစဉ် ဉာဏ်ဝင်းထွန်း ဂျာနယ်တစ်စောင်မှ ကာတွန်းတစ်ကွက်ကို လက်ညှိုးဖြင့် ထောက်ပြသည်။ (မည်သူ့ကာတွန်းဆိုတာ မမှတ်မိပါ။) ဥပဒေအထက်တွင် မည်သူမှမရှိဆိုသော စာတန်းပေါ်တွင် လူတစ် ယောက် ဖင်ခုထိုင်နေပုံဖြစ်သည်။ ကျွန်တော်တို့အားလုံး တစ်ပြိုင်နက် ရယ်မောမိကြသည်။
အဲဒါ ဟိုတလောက လွှတ်တော်မှာ စုံစမ်းရေးကော်မရှင်တွေ ဘာတွေဖွဲ့၊ ပြီးတော့ ကြာတော့လည်း ဒီတိုင်းပဲ။ ဟိုလိုလို ဒီလိုလိုပြီးသွားတဲ့ ဆိတ်ဖွားကို ပြောသလားမသိဘူး ဟု တစ်ယောက်က လှစ်ခနဲ ဖွဖွတိုးတိုးလေးပြောတော့ ဒေါက်တာ ဆိတ်ဖွား ဘယ်သူဆိုတာ အသည်းအသန် စုံစမ်း၊ ပြီးတော့ ဘာမှမဟုတ်ဘူး။ အဲဒါများ ကော်မရှင်တွေ၊ ဘာတွေ ဖွဲ့ပြီး ရှာနေ သေးတယ်။ မင်းသိင်္ခဝတ္ထုထဲက သုဘရာဇာဆိတ်ဖွားပါလို့ တစ်ခါတည်းပြောလိုက်ပြီးရော ဉာဏ်ဝင်းထွန်းက ရယ်ရယ်မော မော ဖြည့်စွက်ပြောသည်။ ကျွန်တော်တို့အားလုံး ကျယ်ကျယ်လောင်လောင် ရယ်မိကြသည်။ တစ်ယောက်တစ်ပေါက် ပြောသံတွေ ကျွန်တော်တို့ လက်ဖက်ရည်ဝိုင်းလေးတွင် လျှံပြည့်သွားသည်။
အေးကွာ၊ ဟုတ်ပါ့။ တရားဥပဒေစိုးမိုးရေး။ ဟီး…ဟီး။ ဒေါက် တာဆိတ်ဖွားကလည်း တော်တော်ဆိုးတဲ့လူ လွှတ်တော်မှာ တချို့ကိုယ်စားလှယ်တွေ အိပ်ငိုက်နေပါတယ်ဆိုမှ အိပ်ရေးပျက်အောင် သွားလုပ်တယ်။ ဟား…ဟား စကားတွေမှာ ဟိုရောက်လိုက်၊ သည်ရောက်လိုက်ဖြစ်သွားကြသည်။ အကြောင်းအရာတည်မရ။ တော်တော်လေးကြာမှ ဉာဏ်ဝင်းထွန်းက ပထမ သူမေးထားသောမေးခွန်း နောက်တစ်ခါပြန်မေးပြန်သည်။
အေး အဲဒါပြောတာပေါ့။ ငါတို့ တကယ်ပြောင်းလဲရဲ့လား။ လွန်ခဲ့တဲ့ နှစ်နှစ် သုံးနှစ်နဲ့ ဘာမှတော့ မထူးဘူးထင်တာပဲ။ ပွင့်လင်း မြင်သာမှု၊ ပွင့်လင်းမြင်သာမှုဆိုပြီး ပြောနေပေမယ့်လည်း အင်းနော်၊ ဘယ်လိုပြောရမှန်းကို မသိတော့ပါဘူးကွာ ဟု သူ့စကား ကို အစမသတ်ဘဲထားကာ ကျွန်တော်တို့အားလုံးကို မေးဆတ်ပြသည်။ ကျွန်တော်တို့ သက်ပြင်းကိုယ်စီချမိပါသည်။
အတော်ကြာအထိတစ်ယောက် နှင့်တစ်ယောက် စကားမပြောဖြစ်ကြ။ ကျွန်တော်တို့အရွယ် အသက် ၂ဝ ဝန်းကျင် လူငယ် တော်တော်များများသည် ယနေ့နိုင်ငံရေးအပြောင်းအလဲ စိတ်ဝင်စားစွာ နားစွင့်နေကြပါသည်။ သို့သော် သံသယမျက်စိ များဖြင့် နားစွင့်နေကြခြင်းဖြစ်ပါ သည်။ တချို့က မိမိအနာဂတ် အခွင့်အလမ်းအတွက် မိခင်နိုင်ငံမှ မည်သို့ ဖန်တီးပေးနိုင်မလဲ ဟူသော အတွေးမျိုးဖြင့် မိမိနိုင်ငံတွင်ဖြစ်ပေါ်နေသော စီးပွားရေး၊ နိုင်ငံရေး စသဖြင့် လက်ရှိအခြေအနေကို စောင့်ကြည့် လေ့လာနေကြပါသည်။ ကျွန်တော်ကိုယ်တိုင် တွေးရင်း ရင်မောမိပါသည်။
ထိုနေ့က လက်ဖက်ရည်ဆိုင်လေးမှ ကျွန်တော်တို့သူငယ်ချင်းတစ်စု အချိန်တော်တော်ကြာကြာ စကားပြောဖြစ်ကြပြီး လမ်းခွဲ ကြတော့ တစ်ယောက်ကိုတစ်ယောက် နှုတ်မဆက်ဖြစ်ကြပါ။ ကျွန်တော်တို့အားလုံး ရင်တွင်းဝယ် အလွမ်းမောများ ကိုယ်စီ ကပ်ပါသွား၍ထင်သည်။ ကျွန်တော် ကိုယ်တိုင်လည်း ထိုနေ့က တစ်ညလုံး ကျွန်တော့်သူငယ်ချင်း ဉာဏ်ဝင်းထွန်း၏ မေးခွန်း ကို အဖြေရှာနေမိပါသည်။ မေးခွန်းက နားစည်ထဲတွင် ပဲ့တင်ထပ်နေဆဲ။
ငါတို့ တကယ် ပြောင်းလဲလာလား
အခု တကယ်ပြောင်းလဲနေလား
အခု တကယ်ပြောင်းလဲရဲ့လား စသဖြင့် တစ်ညလုံး သက်ပြင်းများ ကြွေကျခဲ့။ ။
မောင်ရေချမ်း

Leave a Reply

Your email address will not be published.