ကချင်ပြည်နယ် စစ်ဘေးဒဏ်ကြောင့် ရှောင်တိမ်းနေထိုင်ကြရသော ကလေးငယ်များ၏ လှုပ်ရှားမှုနေ့စဉ်ဘဝအား ဓာတ်ပုံထိန်ဝင်းတင်ဆက်

ရန်ကုန်၊ ဇူလိုင် ၂

ကချင်ပြည်တွင်ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် မိတကွဲဖတကွဲဖြင့်ဒုက္ခသည်စခန်းတွင်နေထိုင်ကြရသော ကလေးငယ်များ၏ လှုပ်ရှားမှုနေ့စဉ်ဘဝဓါတ်ပုံများကို ရန်ကုန်မြို့ အမှတ် (၁၄၀)၊ လမ်း (၄၀)တွင် ၅.၇.၂၀၁၃ မှ ၂၀. ၇.၂၀၁၃ အထိ စစ်ပွဲများ၏မြေစာပင်များအမည်ဖြင့်တစ်ကိုယ်တော် ဓာတ်ပုံပြပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း ဓာတ်ပုံထိန်ဝင်းက ပဲ့တင်သံသို့ပြောသည်။

ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့နယ်၊ မိုင်ဂျာယန်ရွာအနီး ပကထောင်-ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်စခန်းတွင် မိဘများနှင့် အတူမနေထိုင်ရသည့် ကလေးငယ် (၁၆၈)ယောက်၏ နေ့စဉ်လှုပ်ရှားရသည့်ဘဝ၊ ကျန်းမာရေးနှင့်ပညာရေးတို့ကို ရက်သတ္တပါတ်ကြာ အတူနေထိုင်ရိုက်ကူးခဲ့ရကြောင်း ဓာတ်ပုံထိန်ဝင်းကပြောသည်။

တိုင်းရင်းသားလူမျိုးများသည် ဗမာတို့အပေါ်အမျက်စိတ်ရှိကြသည်ဆိုသည်နှင့်ပတ်သက်၍ ဆရာက ကလေးတွေမှာလည်း  ဒီစိတ်မျိုးမမြင်ရဘူး။ ကျွန်တော်ဆိုရင် ရင်းရင်းနှီးနှီးပဲ၊ အားလုံးကဓာတ်ပုံ ရိုက်ရင်လည်းပျော်နေကြတာပဲ။ ကလေး တွေကသိပ်တော့စကားမပြောဘူး။ ရင်းနှီးမှုကတော့ရှိပါတယ်။ ဒီစခန်းက ဒုက္ခသည် (၂၃၀ဝ) လောက်ရှိတော့ ကျန်တဲ့ လူကြီးတွေကတော့ စကားလည်းပြောတယ်။ ရင်းနှီးမှုလည်းရှိပါတယ်ဟု တိုင်းရင်းသားတို့၏ သဘောထားကိုပြောသည်။

စာသင်ကြားမှုအပိုင်းနှင့်ပတ်သက်၍ သူတို့က မြန်မာစာ၊ ကချင်စာ၊ အင်္ဂလိပ်စာတွေသင်တယ်။ နောက်ပြီးနေရာပေါင်းစုံက လာတော့ တချို့တွေက မြန်မာစာ မတတ်ဘူး။ လူကြီးတွေက မြန်မာ စကားပြောတယ်။ တချို့ကလေးတွေလည်းပြော တတ်တယ်။ ကျွမ်းကျွမ်းကျင်ကျင်ပြောတာတော့ ကချင်လိုပေါ့။ အားလုံးကခရစ်ယာန်တွေချည်းပဲလေ။ စာသင်တဲ့ ဆရာ ဆရာမတွေက ဒီစခန်းထဲကပဲ၊ တချို့ဆရာမတွေဆို သားသမီးချီပြီးသင်နေရတာ။ ထူးခြားတာက ဖယောင်းတိုင်(၁)တိုင်ကို ကလေး (၄) ယောက်နှုန်းနဲ့ညဘက်မှာ စာဖတ်ကြတာဟု သူကပြောသည်။

ဒုက္ခသည်စခန်းတွင် စားဝတ်နေရေးခက်ခဲကြောင်းကို ဓာတ်ပုံထိန်ဝင်းက စားသောက်တာက တစ်နပ်ကိုဆန်အပြည်(၂၀) ပေါ့။ ဟင်းကတော့ မည်မည်ရရမရှိဘူး။ သူတို့က နှစ်ပန်းကန်၊ သုံးပန်းကန်လောက် အားရပါးရစားတာဗျ။ ကျွန်တော့်မှာ ပါလာတဲ့ ငပိကြော် နည်းနည်းလေးကို ဝေမျှပြီးကျွေးလိုက်သေးတယ်။ နည်းနည်းလေးစီပဲကျွေးရတော့ စိတ်မကောင်းဘူး။ ဘဲဥတစ်လုံးကျွေးရင်တောင် နှစ်ခြမ်းခြမ်းပြီး ညမနက်ခွဲစားကြတာ။ သူတို့ကမနက်ဆို ရေသယ်၊ ထင်းခွဲ၊ ထမင်းချက်တာကို ဝိုင်းကူ၊ စာသင် ပြီးတော့ ကစား ဒါပဲရှိတာ။ ဒါလေး တွေကိုဓာတ်ပုံရိုက်ပြီး ရန်ကုန်မှာ ပြပွဲလုပ်တဲ့အခါ ထွက်လာတဲ့ ပုံတွေမြင်လိုက်ရရင် ခံစားမိကြမှာပဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ပြပွဲလုပ်ဖြစ်တာဟု ဓာတ်ပုံပြပွဲဖြစ်ပေါ် လာပုံကိုပြောသည်။

ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲများနှင့်ပတ်သက်ပြီး ကချင်စစ်ပွဲ (၂) နှစ်မြောက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သော ဓာတ်ပုံပြပွဲတစ်ခုတွင်လည်း ဓာတ်ပုံ ထိန်ဝင်း၏ ဓာတ်ပုံများပါဝင်ပြသခဲ့ပြီး ယခုဓါတ်ပုံပြပွဲသည်  ကချင်စစ်ပွဲ၏ အကျိုးသက် ရောက်မှုကြောင့် ဖြစ်ပေါ်လာသော ကလေးငယ်များ၏ ဘဝကိုထင်ဟပ်စေသော ဓာတ်ပုံပြပွဲတစ်ခု ထပ်မံတင်ပြခြင်းဖြစ်သည်။

ဝ၁၁

Leave a Reply

Your email address will not be published.