ခေတ်သစ်သင်ပုန်းကြီး ၆၉

ထိပ်သီးတွေ့ဆုံပွဲကြီး ပြီးလေ၏။
၁၀ မိနစ်ကိုတာအရ သန်ရာတန်ရာများ ပြောကြပြီး
ပြန်လည်တွေ့ဆုံကြပါစို့ဟူ၍ ပြည်ဖုံးကားချလေသည်။
ဝမ်းလေဒီရှိုး ထွက်သူထွက်
နိုင်ငံရေးအမြတ် ထွက်သူထွက်
တစ်ခါက ထိပ်သီးပွဲများနှယ်
မရေမရာမယောင်ရာဆီလူးပြီး
အိုဘားမားအလွန်မှာ အဖျားရှူးလိမ့်ဟု တွက်သူတွက်
ရက်စက်တော်မူနိုင်ကြပါပေ့
ထိပ်တန်းလျှို့ဝှက်တွေ့ဆုံမှုကြီးပါတကား
အံ့သြရပါ၏။

နိုင်ငံရေးခြေထိုးကျွမ်းသည့် အမျိုးဘာသာဆရာများလည်း
ဗုဒ္ဓဘာသာ သတင်းထောက် အသတ်ခံရရာတွင်
အမျိုးသမီးမဟုတ်သဖြင့် မနာကြသယောင်ရှိပြီး
သရဲနေ့ ယဉ်ကျေးမှုပုံတူကူးကြခြင်းများအတွက်မူ
ရေငုံခပ်မဆိတ်တရားကျင့်နေကြသလောက်
မျိုးစောင့်အတည်ပြုရေးကျတော့
ပီအာရ်၊ ၄၃၆ တိုက်ပွဲများကြားမှာ
ငွားငွားစွင့်စွင့် စွာလန်ကြဲပြလာကြလေ၏
အံ့သြကုန်နိုင်ကြပါပေ့။

နိုင်ငံသားအပေါင်းခမျာလည်း ကထိန်အကြောင်းပြုပြီး
ဘိုနတ်ယိမ်းပေါင်းစုံပူးကပ်သည့် အလှူခံပွဲများကြောင့်
နားမချမ်းသာ မျက်စိမချမ်းသာ နှလုံးမသာယာဖြင့်
အလှူ့ဒါယကာဖြစ်လိုစိတ်များပါ ခန်းခြောက်ကြသောဟူ၏
အံ့သြကုန်နိုင်ပါရိုးလား။

တစ်နိုင်ငံ စနစ်နှစ်ခုကို အားကျသော ဒို့မြေမှာလည်း
လူတန်းစားနှစ်ရပ်အတွက် ဥပဒေနှစ်မျိုး ရှိလေ၏
အရပ်ဝတ်လူတန်းစားဥပဒေဖြင့်
ပြစ်မှုလွန်ကျူးသော စစ်လူတန်းစားကို အရေးမယူနိုင်ဟု
မုဒိမ်း- လူသတ်ဖြစ်ရပ်များမှာ ဆိုလေသော်လည်း
အလုပ်ထွက်လိုဇောဖြင့် အိုင်အယ်လ်အိုထံ အီးမေးလ်ပို့လေသော
စစ်လူတန်းစာတစ်ယောက်ခမျာများမှာတော့
အရပ်ဝတ်ဥပဒေ အီလက်ထရောနစ်အက်ဖြင့် အရေးယူခံခဲ့ရသတဲ့
ဥပဒေဟူသည် သားရေကွင်းလို ဆန့်နိုင်ချုံ့နိုင်ဟု ဆိုရာတွင်ပင်
အရပ်ဝတ်နှင့်စစ်တပ် လူတန်းစား မခွဲခြားဘဲ
အာဏာရှင်အကျိုးစီးပွားကိုသာ တစ်သမတ်တည်း ကာကွယ်သည်ထိ
ဥပဒေသားရေကွင်းမှာ ဖျင်းလွန်းလှလေ၏
အံ့သြကုန်နိုင်ကြပါတော့။

မည်သို့ပင်ဖြစ်စေ နိုင်ငံသားအပေါင်း
ဖတ်ကောင်းရုံ မျက်နှာဖုံးသတင်းအဖြစ်
နိုင်ငံတော်ထိပ်တန်းတွေ့ဆုံမှုကြီးကို ဖတ်ရခြင်းမှလည်းကောင်း
ဥပဒေနှစ်မျိုးဖြင့် လူတန်းစားနှစ်ခုကြား သွေးခွဲထိုးနှက်ကာ
အာဏာရှင်ပါးကွက်သားများအား ကာကွယ်ပေးထားသော
ဒို့မြေစနစ်ဆိုးဘေးမှလည်းကောင်း
အခါခပ်သိမ်း ကင်းငြိမ်းချမ်းသာကြပါစေသတည်း။
ပြောင်းဖူးရိုး

Leave a Reply

Your email address will not be published.