ယနေ့ တရားရေးမဏ္ဍိုင်ကြီး ကသောင်းကနင်းဖြစ်နေရသည်မှာ စစ်ခုံရုံးများက လူထုအပေါ် ဖိစီးနှိပ်စက်မှုများမှ အစပြုခဲ့ခြင်းကြောင့်ဟု သက်သေပြခဲ့သူ ဦးကိုလေး (ချောက်မြို့ NLD)

ချောက်မြို့ကို ပထမအကြိမ် ရောက်ရှိစဉ်က အဘ ဦးဝင်းမောင်နှင့် ဆုံခဲ့ ရသည်။ ပြည်တွင်းစစ်ကာလဆီက မြို့အုပ်ချုပ်ရေးပျက်ပြားချိန်တွင် မြို့မိမြို့ဖ များက ထောင်ထဲမှ တော်လှန်ရေးရဲဘော်များကိုထုတ်၍ မြို့ကိုလွှဲအပ်ခဲ့သည်။ အဘ ဦးဝင်းမောင်က လျက်ဆားရောင်းသော အော်လံကိုသုံး၍ တစ်မြို့လုံးပတ် ကာ မြို့ကို သူတို့ထိန်းချုပ်ထားပြီဖြစ်ကြောင်း ကြေညာမောင်းခတ်ကာ မြို့လူထု ၏ ပရိဒေဝကို ငြှိမ်းသတ်ပေးခဲ့၏။ ဒီတစ်ခေါက်ရောက်တော့ အဘ ဦးဝင်းမောင် ကွယ်လွန်သွားခဲ့ပြီ။ ကိုသက် (သက်ဦးမောင်) ၏ စီစဉ်ပေးမှုအရ အဘညို၊ ဦးကိုလေး၊ ဦးရာမြင့် စသည့် ဝါရင့်နိုင်ငံရေးသမားကြီးများနှင့် ဆုံရသည်။ သူတို့မှာ မာန်မာနမရှိ၊ ခွဲခြားမှုမရှိ၊ ရိုးဖြောင့်သောသမိုင်း ဖြတ်သန်းမှုများကို အေးဆေးတည်ငြိမ်စွာပင် ပြောပြကြသည်။
ဦးကိုလေးသည် ပိန်ပိန်ပါးပါး။ စကားပြောတော့ ဖြည်းဖြည်းမှန်မှန်။ စဉ်းစားတွေးခေါ်တတ်သူမို့ တစ်ခွန်းချင်း ရှင်းလင်းနားလည်စေရန် ပြောဆိုဆွေး နွေးသည်။ ယနေ့အစိုးရ အသိုင်းအဝိုင်းမှ လက်မှိုင်ချနေရသော တရားရေးမဏ္ဍိုင် ကြီး ကသောင်းကနင်း စဖြစ်ရသည်မှာ တခြားလူများကြောင့်မဟုတ်။ စစ် အုပ်ချုပ်ရေးကာလဆီက စစ်ခုံရုံးများဖွဲ့ကာ လူထုကို မတရားဖိစီးနှိပ်စက်ခဲ့ သည်မှ အစပြုပုံကို ကိုယ်တွေ့အဖြစ်အပျက်များဖြင့် ဦးကိုလေးက ရှင်းပြပါ သည်။ ဦးကိုလေး ဖြတ်သန်းခဲ့သော နိုင်ငံရေးအချိုးအကွေ့များ၊ အတွေ့အကြုံ များက စိတ်ဝင်စားဖွယ် ကောင်းလှပါတော့သည်။
]]နိုင်ငံရေးကတော့ ငယ်စဉ်ကျောင်းသားဘဝထဲက ]ဇ}ရှိခဲ့တယ်ပေါ့။ အဲဒီ တုန်းက နိုင်ငံရေးစာပေတွေ၊ အတ္ထုပ္ပတ္တိစာပေတွေကလည်း တော်တော်လေး သြဇာညောင်းတယ်။ ဆိုရှယ်လစ် လက်ဝဲဝါဒတွေလည်း ခေတ်စားတဲ့ကာလပေါ့။ နောက် ကျွန်တော်တို့ရန်ကုန်တက္ကသိုလ် ရောက်တဲ့ကာလ။ တက္ကသိုလ်ရွှေရတု လုပ်တဲ့အချိန်မှာ ကျောင်းသားတွေ ရုတ်ရုတ်သဲသဲ စဖြစ်တယ်။ ကျွန်တော် တို့က ပထမနှစ်ကျောင်းသားတွေပေါ့။ အဲဒီလို တွေ့ကြုံရတော့ နဂိုက စာတွေ ဖတ်ထားဖူးတော့ ကျွန်တော်တို့က ပိုပြီးတကြွ်ကလာတယ်။ ၇ ဇူလိုင်ကိစ္စ တွေ၊ တခြားကိစ္စတွေမှာ အဲဒီတုန်းက တက္ကသိုလ်ကျောင်းသားဘဝက ရရှိတဲ့ အတွေ့အကြုံတွေပါပဲ။
]]ဦးသန့်အရေးအခင်းဖြစ်တဲ့ အချိန်ကျတော့ အဖမ်းခံရတယ်။ ထောင်ထဲမှာ ၃ လလောက် သွားနေခဲ့ရသေးတယ်။ အကြိမ်ကြိမ်ခေါ်ထုတ် စစ်ဆေးပြီးတော့မှ ပြန်လွှတ်ပေးတာ။ အဲဒီတုန်းက အဖမ်းခံကြရတာ ကလေးတွေလည်းပါတယ်။ ကျောင်းသားတွေရော၊ ကျောင်းသူတွေရော အများကြီးအဖမ်းခံရတယ်။ ထောင်က တိုက်ခန်းတွေထဲမှာ ကျပ်သိပ်နေအောင် ထည့်ထားတာ။ ကျွန်တော်တို့ဆို လူချင်း ထပ်ပြီးအိပ်ရတယ်။ အဲဒီအထဲမှာ အစာအိမ်ရောဂါရှိတဲ့သူလည်းပါတော့ ထောက်လှမ်းရေးက စစ်တဲ့အခါ ပြောပြတယ်။ ဒီလူ့ကို ဆေးရုံပို့ပေးသင့်တယ်၊ သူ့ကြောင့် ကျန်တဲ့သူတွေလည်း ဒုက္ခရောက်ရတယ်ဆိုတော့မှ ထောင်ဆေးရုံပို့ ပေးတယ်။
]]ထောင်မှာ ပုံစံပန်းကန်ပြားကို စပြီးကြုံရတယ်။ သံတိုင်ကြားကနေ ပစ်ပေး တဲ့ သံပန်းကန်ပြား၊ အေးစက်နေတဲ့ ထမင်း၊ အေးစက်နေတဲ့ ငါးပိနဲ့ ကျွန်တော် တို့ရောက်တဲ့ညမှာ စပြီးဆုံခဲ့ရတယ်။
]]စပြီးအဖမ်းခံရပုံက ကျောင်းထဲမှာ ရုတ်ရုတ်သဲသဲတွေဖြစ်တော့ ပစ်တာ ခတ်တာ၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်တာတွေလုပ်နေပြီ။ ဦးသန့်အရေးအခင်းရောက် တော့ ကျွန်တော်က တတိယနှစ်။ စစ်တပ်က ကျောင်းထဲကို စစ်ဆင်ရေးဝင် လုပ်တယ်။ ဝင်စီးကြတယ်။ ကျောင်းသားတွေဆိုတာ သူပုန်လည်းမဟုတ်ဘူး။ ဓားပြလည်းမဟုတ်ဘူး။ ပြည်သူလူထုရဲ့ သားသမီးတွေ။ ဦးသန့်ရဲ့ဈာပနကို ထိုက်ထိုက်တန်တန် သင်္ဂြိုဟ်ခွင့်ရအောင် ကြိုးပမ်းရာက စဖြစ်ကြတာ။ စစ်ကား တွေ၊ တင့်ကားတွေ၊ သံချပ်ကာကားတွေနဲ့ ကျောင်းကို လာဝိုင်းတာ။ ကျောင်းသား တွေကလည်း မခံနိုင်ဘူး။ တက္ကသိုလ်ကို ဝိုင်းထားတော့ အထဲကနေ ဆန္ဒပြ ကြတယ်။ တက္ကသိုလ်ဝင်းရဲ့ အဓိပတိတံခါးကြီးကို ပိတ်ဆို့ထားလိုက်တယ်။ စစ်တပ်ကလည်း ကားနဲ့တိုက်ပြီးဖွင့်တယ်။ ရိုက်ချိုးတယ်။ ပြီးတော့ စစ်သား တွေကို နေရာယူဆိုပြီး အမိန့်ပေးပြီး ပစ်တာပဲ။ ကလေးတွေလည်း ထိကုန်တာ ပေါ့။ ပြေးကြလွှားကြ၊ မျက်ရည်ယိုဗုံးတွေ၊ သေနတ်သံတွေ ဆူညံကုန်တယ်။ ကျွန်တော်လည်း ဒိုင်းနင်းဟောဘက်ကို ပြေးတယ်။ ကျွန်တော်နေရတာက အင်းဝ ဆောင်မှာ။ ကျောင်းသားတွေက ကျောင်းပိတ်လိုက်တာကို မပြန်ဘဲနဲ့ ဆန္ဒပြ နေတာ။ အင်းဝဆောင်ရဲ့ နောက်ဘက်ကနေထွက်ရင် ဒိုင်းနင်းဟောကိုရောက် တယ်။ ကျွန်တော် အပေါ်ထပ်ကိုတက်ပြေးပြီး ပုန်းနေတယ်။ တစ်ညလုံး လိုက် ဖမ်း၊ ဆွဲထုတ်၊ ကားပေါ်ဆွဲတင်တယ်။ အဖမ်းခံရရင် စစ်သားတွေက ရိုက်နှက်ပြီး မှ ဖမ်းတာဆိုတော့ သူငယ်ချင်းတွေနဲ့ တိုင်ပင်တာပေါ့။ ဒီည အဖမ်းခံရရင် အရိုက်ခံရမယ်။ ဒါကြောင့် ရှောင်နေမယ်ဆိုပြီး တစ်ညလုံး ပုန်းနေကြတာ။
]]မနက်ကျတော့ ရေသွားခပ်ဦးမယ်ဆိုပြီး အောက်ထပ်ကိုဆင်းတယ်။ ထမင်းချက်ဆောင်မှာ ရေသွားယူနေတုန်း ခွေးကဟောင်လိုက်တာ။အဲဒီမှာ စစ်သား တစ်ယောက်က တွေ့သွားရော။ ရဲဘော်တွေက မပြန်ကြဘူး။ သူတို့က ထမင်း တွေဘာတွေ ချက်စားပြီး တပ်စွဲ စခန်းချနေတာ။ ရှေ့တန်းစစ်မြေပြင်သဘောပေါ့။ သူတို့က ရက်နဲ့ချီပြီး နေတော့မှာဆိုတော့ ကျွန်တော်တို့အတွက် ရိက္ခာက အခက် အခဲရှိလာပြီ။ အဲဒါနဲ့ ဒိုင်းနင်းဟောထဲဝင်၊ ရတာလေးတွေယူပြီး ပြန်တက်ဖို့ လုပ်နေတုန်း ရဲဘော်တစ်ယောက်က သံစွပ်ဘက်နက်ကြီးနဲ့ ဝင်လာတယ်။ ဘယ်လိုမှ ပြေးလို့မရတော့ဘူး။ သူက ဝင်လာလာချင်း မမြင်သေးဘူး။ နောက် တော့မှ နောက်ဘက်ကို လှည့်ကြည့်တော့ နံရံမှာကပ်နေတဲ့ ကျွန်တော်တို့ကိုမြင်ပြီး သူလည်း လန့်သွားတယ်။ ကျွန်တော်တို့ကို စစ်ဆေးသေးတယ်။ မင်းတို့ သူပုန် ထတာပဲ ဘာညာနဲ့။ နောက်တော့ သူ့ဗိုလ်မှူးဆီ ခေါ်သွားတော့တာပဲ။ တပ်ခွဲ တစ်ခွဲလောက်ရှိမယ်ထင်တယ်။ ကျွန်တော်တို့ကို အရာရှိတစ်ယောက်ကလာပြီး စကားပြောတယ်။ သူက မကွေးဘက်က။ စကားပြောတာတော့ ယဉ်ကျေးပါ တယ်။ ကျွန်တော့်ကို ဇာတိမေးတော့ ချောက်ကပါပေါ့လေ။ သူကလည်း မကွေး ဘက်ကပါပေါ့။ သူနဲ့ကျွန်တော်နဲ့ ပြေပြေလည်လည်ဖြစ်နေတုန်း စစ်သားတစ် ယောက်က ဝင်လာပြီး၊ ဟာ မင်းတို့ကောင်တွေကွာ။ ငါတို့က ရှေ့တန်းမှာ တိုက်နေတာ။ မင်းတို့က ဒီမှာ သူပုန်ထနေတယ်။ ကောင်းကောင်းမနေဘူး။ ဘာညာနဲ့ဝင်ပြောတာ။ လက်ကပါလာသေးတယ်။ ရှောင်လိုက်လို့ နည်းနည်းပဲ ထိသွားတာ။ ဗိုလ်လုပ်တဲ့သူက ကျွန်တော့်ကျောင်းသားကတ်ကို စစ်တယ်။ ချောက်သားဆိုတာ သိတော့ သူ့ရဲဘော်ကိုဝင်တားပြီး ကျွန်တော်တို့ကို စစ်ကား တွေပေါ်တင်ပြီး ထောင်ကို ပို့လိုက်တာပဲ။ ရှေ့နဲ့နောက်က လုံခြုံရေးကားတွေက လိုက်လာတယ်။
]]၈ မိုင်လမ်းဆုံရောက်တော့ ကျွန်တော် အြွေကစေ့လေးကို ကျောင်းသား ကတ်ထဲကိုထည့်တယ်။ စာလေးတစ်စောင်ရေး။ မိဘတွေက စိတ်ပူနေမှာစိုးလို့ ပါ။ ဘယ်နေ့ဘယ်ရက်မှာ အဖမ်းခံရပါတယ်။ ဒီကတ်ပြားကို တွေ့ရှိသူများ မိဘထံပို့ပေးပါ။ ကျွန်တော် ကျောင်းသားပါဆိုတာလေး ရေးပြီး ကတ်ပြားကို ကားသံတိုင်ကြားကနေ ပစ်ချလိုက်တယ်။ ညနေ ၆ နာရီလောက်ပေါ့။ ကျွန်တော် တို့ ကားတန်းကိုလည်း လူတွေက ဝိုင်းကြည့်နေတာ။ တကယ်လို့ ထောက်လှမ်း ရေးလက်ထဲရောက်လည်း အဖမ်းခံနေရတာပဲ၊ ရိုက်တာနှက်တာ ခံရမှာပဲ။ ကံ ကောင်းရင်တော့ သားသမီးချင်း စာနာသူလက်ထဲရောက်မှာပဲဆိုပြီး ပစ်ချပေး လိုက်တာ တကယ်ရောက်သွားတယ်။ တစ်ပတ်လောက်ကြာတော့ ကျွန်တော့် အဖေနာမည်နဲ့ ရောက်သွားတယ်။ စာတိုက်ကနေ ပို့ပေးလိုက်တာ။ အဖေနဲ့အမေ နည်းနည်းစိတ်အေးရတာပေါ့။ သေတဲ့ကျောင်းသားတွေက မနည်းဘူးကို။ ဒါက ဦးသန့်ဈာပနတုန်းက ကြုံခဲ့ရတဲ့ဖြစ်ရပ်ပါ။ ပထမဦးဆုံး အတွေ့အကြုံပေါ့။
]]၈၈ လှုပ်ရှားမှုရောက်တော့ ကျွန်တော် အလုပ်ထဲရောက်နေပြီ။ ကျွန်တော် တို့ ချောက်မှာ ရှေ့နေအသင်းဖွဲ့တယ်။ ကျွန်တော်က တရားရုံးချုပ်ရှေ့နေ လုပ် နေပြီ။ အတိုချုံးပြောရရင်တော့ ၈၈ ကာလမှာ ချောက်မြို့သပိတ်ကော်မတီဖွဲ့ တော့ ကျွန်တော်တို့ ဝင်လုပ်ကြတယ်။ သာသနာ့ဗိမာန်တော်ကြီးမှာ သပိတ်စခန်း ဖွင့်ကြတယ်။ ဒါက မြို့အုပ်ချုပ်ရေးမရှိတော့တဲ့အတွက် ကိုယ့်မြို့ ကိုယ်ထိန်း ကြတာပါ။ ဘာမှ အပျက်အစီး၊ အကြမ်းဖက်တာတွေ၊ သတ်တာဖြတ်တာတွေ မရှိအောင် တစ်မြို့လုံး ဝိုင်းထိန်းကြတဲ့သဘောပါပဲ။
]]၈၈ ကာလမှာ ရေနံလုံခြုံရေးဝန်ထမ်းတစ်ယောက်က သေနတ်နဲ့ပစ်တယ်။ လူကိုမှန်ပေမယ့် သေတော့မသေပါဘူး။ ဆေးရုံတင်လိုက်ရတယ်။ အဲဒီမှာ လုံခြုံ ရေးဝန်ထမ်းကို ဘုန်းကြီးတွေကလည်း စစ်ဆေးမေးမြန်းတယ်။ နောက်ပိုင်း ကျွန်တော်တို့ဆီ လာပို့ကြတယ်။ ပထမတော့ ဘုန်းကြီးတရားရုံးမှာပဲစစ်တယ်။ နောက်တော့ ဒါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ကျမှ ဒီအမှုကို လွှဲမယ်၊ သူတို့ ဆက်လုပ်ကြလိမ့်မယ်ဆိုပြီး အဲဒီလုံခြုံရေးဝန်ထမ်းကို သပိတ် စခန်းမှာ ခေါ်ထားလိုက်ကြတယ်။ အမှုကို ဆိုင်းငံ့ထားတာပေါ့။ ဒါကလည်း ဒီဝန်ထမ်းက ဦးနှောက်သိပ်ကျပ်မပြည့်ဘူးဆိုတာ သိလို့ပါ။ သူ တမင်တကာ ပစ်တာမဟုတ်ဘူး။ သူ့ပတ်ဝန်းကျင်၊ သူ့ရေနံအလုပ်သမားတွေက ပြောပြလို့ သူ့အခြေအနေကို သိရတယ်။ ကျွန်တော်တို့က သူ့အပေါ် ညှာတာစိတ်ထားကြ တယ်။ ဒါပေမဲ့ လူငယ်တွေက သူ့ကိုတွေ့ရင် ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ ရန်ကုန်မှာ ဘယ်လိုလုပ်ပစ်တယ်။ သိလား ဘာညာနဲ့လုပ်တော့ သူ့စိတ်တွေ ကယောင်ချောက်ချား ဖြစ်ပုံရတယ်။ နောက်တော့ ညဘက်ကြီးမှာ လိုက်ကာ ကြိုးတစ်ချောင်းယူပြီး ကိုရင်လေးကို နှိုးတယ်။ အိမ်သာသွားတက်ဖို့ပေါ့လေ။ အဲဒီကြိုးနဲ့ပဲ အိမ်သာထဲမှာ သူ့ဟာသူ ကြိုးဆွဲချပြီး သတ်သေသွားတယ်။
]]၁၉၈၉ ရောက်တော့ အဲဒီကိစ္စနဲ့ ကျွန်တော်တို့ ၁၇ ယောက် အဖမ်းခံရ တယ်။ ဒီဝန်ထမ်းသေတဲ့အချိန်မှာ ကျွန်တော်တို့က တစ်ခုခုဖြစ်မှာစိုးလို့ဆိုပြီး သက်ဆိုင်ရာ မြို့နယ်ရဲမှူးကိုခေါ်၊ သက်သေလူကြီးတွေကိုပါခေါ်ပြီး သူတို့ရှေ့ မှာပဲ အိမ်သာတံခါးကို ဖျက်ကြတာ။ အိမ်သာတံခါးက အထဲကဂျက်(ချက်)ချထား တာ။ အပြင်က ပိတ်လို့ဖွင့်လို့မရဘူး။ ဒါကို သေသေချာချာ သက်သေနဲ့တကွ လုပ်ပြီးမှ တံခါးကိုဖျက်တာ။ ဒီဝန်ထမ်းရဲ့အလောင်း၊ သေဆုံးနေတဲ့ပုံစံ၊ သက်သေ အထောက်အထားတွေ ယူထားပြီးသား။ တစ်စုံတစ်ယောက်က သတ်တာမဟုတ် ဘူးဆိုတာ ခိုင်မာနေပြီးသား။
]]အဲဒီမှာ ကျွန်တော်တို့ကိုဖမ်းတော့ ပထမပိုင်းမှာ အရပ်ဘက်တရားရုံးမှာ စစ်တယ်။ ဒါက တစ်မြို့လုံး သိပြီးသားကိစ္စမဟုတ်လား။ ကျွန်တော်တို့က မြို့နယ်ရဲမှူးကိုပါ သက်သေပြနိုင်တယ်။ မြို့မိမြို့ဖတွေ သက်သေပြနိုင်တယ်။ ဘယ်လိုမှ ကျွန်တော်တို့ကို စွဲချက်တင်လို့မရဘူး။ တစ်စုံတစ်ယောက်က သတ် တာမဟုတ်တော့ ကျွန်တော်တို့ အမှုကလွတ်ဖို့များနေတယ်။ အာမခံတောင် လျှောက်လို့ရတော့မယ့် အနေအထားမှာ စစ်ခုံရုံးက ဝင်လာတာပဲ။ ကျွန်တော် တို့ကိုစစ်တာ ၆ ရက်ကြာတယ်။ အဲဒါ သူတို့က ဒေါသတွေထွက်တာပေါ့။ ငါတို့ ဘယ်အမှုမှ ဒီလောက်မကြာဘူး။ တစ်နေ့တည်းနဲ့ စစ်တာ။ မင်းတို့ကျမှ ဘာညာနဲ့ ခုံတွေဘာတွေ ထုတာပေါ့လေ။ သူတို့က တရားဥပဒေတွေ ဘာတွေ ဘာမှမလိုဘူး။ ကျွန်တော်တို့ကို ထောင်ချဖို့ပဲသိတယ်။ ပထမတော့ သူတို့က ဒီအမှုက နာမည်ကြီးနေတော့ တရားလိုပြသက်သေတွေ ဘာတွေ တစ်နေကုန် စစ်ဆေးတာ။ အမှုက ကျွန်တော်တို့ဘက်က နိုင်ဖို့ သေချာတော့ မကြည်ပေါက် ချိုးတော့တာပဲ။ ဥက္ကဋ္ဌက ဗိုလ်မှူးကြီး စိုးအောင်တဲ့။ သူကနေပြီးတော့ စစ်ခုံရုံး ဥပဒေရှိတယ်။ ဒီလိုလုပ်လို့မရဘူး ဘာညာဖြစ်တာပေါ့လေ။ အဲဒီမှာ စလေ ဓာတ်မြေသြဇာစက်ရုံက စစ်ဗိုလ်တစ်ယောက်ပါတယ်။ နောက်တစ်ယောက်ကို တော့ မမှတ်မိဘူး။ သူတို့က ဒေါသတွေထွက်ပြီး ငါတို့စစ်ခုံရုံးက စစ်ခုံရုံး ဥပဒေရှိတယ်။ မင်းတို့ဝန်ခံရင် ၃ နှစ်၊ ဝန်မခံရင် ၁၀ နှစ်ချတာ။ တစ်နေ့ တည်းနဲ့ပြီးတယ်။ မင်းတို့ကျမှ ငါတို့ အညောင်းမိနေပြီတဲ့။ သူတို့ထဲမှာ စစ် ဥပဒေအရာရှိ ဗိုလ်ကြီးÓဏ်ဦး (နာမည်လွှဲနိုင်) ပါသေးတယ်။ သူ့ကိုခေါ်ပြီး ဒီလူတွေကို စစ်ဥပဒေ ရှင်းပြလိုက်စမ်းကွာတဲ့။ အဲဒီလိုတွေလုပ်တာ။ အဲဒီ ကတည်းက တရားရေးမဏ္ဍိုင်တွေကို စပြီးပျက်စီးအောင်လုပ်တာ။ ဒီကနေ့ ဖြစ်ပျက်နေတဲ့ တရားရေးမဏ္ဍိုင်ပြဿနာတွေက ဘယ်သူတွေ စဖျက်တာလဲဆို တာ သိဖို့ကောင်းပါတယ်။
]]ကျွန်တော်တို့ကလည်း ကိုယ့်ထောင်ချမယ့်ကိစ္စ၊ မတော်မတရားစွပ်စွဲ ခံရ တဲ့ကိစ္စဆိုတော့ သူတို့ကို မေးခွန်းတွေပြန်ချေဖျက်ပြီး မေးတာပေါ့။ သူတို့ဘက် က ဘယ်လိုမှ စွဲချက်မတင်နိုင်တော့ နောက်ဆုံး စစ်ခုံရုံးဥပဒေဆိုပြီး ထောင် မကျကျအောင် ချတာပဲ။ စောစောကပြောသလို ဝန်ခံရင် ၃ နှစ်၊ ဝန်မခံရင် ၁၀ နှစ်ဆိုပြီး ကျွန်တော်တို့ကို ၁၀ နှစ်ချတာ။ အဲဒီမှာ အစိုးရရှေ့နေက ဒီအမှု ဟာ ၁၀ နှစ်ချလို့မရဘူး။ အလွန်ဆုံး ထောင် ၇ နှစ်ပဲ ချလို့ရတယ်။ လူသတ်မှု မဟုတ်ဘူးလို့ ဝင်ပြောတော့မှ ၇ နှစ်ဖြစ်သွားတာ။ မြို့နယ်ရဲမှူးတွေ၊ မြို့နယ် ဆရာဝန်ကြီးတွေရဲ့ သက်သေက သိပ်ကောင်းလွန်းလို့။ ကျွန်တော်တို့သတ်တာ မဟုတ်ဘူးလို့ သက်သေပြနိုင်တယ်။ ဒါတောင် ထင်ကြေးနဲ့ချလိုက်တာ ၇ နှစ်စီပေါ့လေ။}}
ဦးကိုလေးထံမှ ကြားသိရသော ဖြစ်ရပ်များကို စဉ်းစားရင်း ယနေ့ တရား ဥပဒေစိုးမိုးရေးဟူသော ပြဿနာများကို အတွေးချဲ့မိသည်။ စစ်အာဏာရှင်တို့ သည် မည်သည့်အခါကာလသို့ရောက်ပါမှ တရားဥပဒေမဏ္ဍိုင်ကို စွက်ဖက်ခြင်း ကင်းပါမည်နည်းဟု။ အမိန့်ပေးသူနှင့် အမိန့်နာခံသူတို့တွင် ရှိသင့်ရှိအပ်သော အမှန်တရားကို ဘယ်သောအခါတွင် လိုက်နာကျင့်သုံးပါမည်နည်းဟု စဉ်းစား နေမိတော့သည်။
ဝ၆၁

Leave a Reply

Your email address will not be published.