မြန်မာနိုင်ငံတစ်ဝန်းလုံး လူ့အခွင့်အရေးအခြေအနေ ကုလသမဂ္ဂ လေ့လာအကဲဖြတ်မည်

ကုလသမဂ္ဂ၊ သြဂုတ် ၁ဝ
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ လူ့အခွင့်အရေးအခြေအနေကို လေ့လာအကဲဖြတ်ရန် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအစီရင်ခံစာတင်သွင်းသူတောမတ်(စ) အိုဟေးကင်တားနားသည် သြဂုတ်လ ၁၁ ရက်မှ ၂၁ ရက်အထိ မြန်မာ နိုင်ငံသို့ တရားဝင်လာရောက်မည်ဖြစ်ပြီး ခရီးစဉ်တွင်ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တို့ပါဝင်ကြောင်း သိရှိရသည်။
”ဒီလို နိုင်ငံအနှံ့ ကျယ်ကျယ်ပြန့်ပြန့်သွားလာခွင့် ကျွန်တော့်ကိုပေးဖို့အစိုးရက သဘောတူခဲ့တာကြောင့် ပြုပြင်ပြောင်းလဲမှု အစီအစဉ် ရှေ့ကိုတိုးတက်လာတာနဲ့အမျှလူ့အခွင့်အရေးအခြေအနေတွေ တိုးတက်လာသလားဆိုတာ အကဲဖြတ်ဖို့ အင်မတန်ကောင်းမွန်တဲ့အခွင့်အရေးတစ်ခုကျွန်တော်ရမှာပါ”ဟု အစိုးရ ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ သို့လာရောက်လည်ပတ်မည့် မစ္စတာကင်တားနားက ပြောကြားသည်။
”ရခိုင်ပြည်နယ်မှာ လူအားလုံးရဲ့လူ့အခွင့်အရေးတွေကို လေးစားအကာအကွယ်ပေးမဲ့၊ မြန်မာနိုင်ငံမှာ သယံဇာတညီမျှတဲ့ ယဉ်ကျေးမှုပေါင်းစုံလူ့အဖွဲ့အစည်းဖြစ်ပေါ်ရေးဆိုတဲ့ သမ္မတရဲ့အမြင်ကို အကောင်အထည်ဖော်နေတဲ့ အဆင့်တွေကို ကျွန်တော်ကြည့်ရှုလေ့လာမှာဖြစ်ပါတယ်။ ဒီအထဲမှာပြည်နယ်အစိုးရအရာရှိတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်တဲ့ သူတွေကိုအရေးယူဆောင်ရွက်ရေးလုပ်ငန်းတွေလည်းပါဝင်ပါတယ်” ဟု မစ္စတာအိုဟေးကင်တားနားက ပြောကြားသည်။ ထို့ပြင်ထိုဒေသရှိ ရိုဟင်ဂျာ (ဘင်္ဂါလီ) အသိုက်အဝန်းအပေါ် ကာလကြာရှည်ခွဲခြားကျင့်သုံးမှုပြုခဲ့ခြင်းအား ကိုင်တွယ် ဖြေရှင်းခဲ့သည့်တိုးတက်မှုများကိုလည်း ကြည့်ရှုလေ့လာမည်ဖြစ်ကြောင်း သူကဆိုပါသည်။
”မိတ္ထီလာမှာဆိုရင်မတူတဲ့ ဘာသာရေးအသိုင်းအဝိုင်းတွေကြား ယုံကြည်မှုတိုးတက်အောင်၊ ပြန်လည် သင့်မြတ်အောင် အစိုးရနဲ့ဘာသာရေး ခေါင်းဆောင်တွေပူးပေါင်းလုပ် ဆောင်ခဲ့ကြတာတွေကို လေ့လာမှာဖြစ်ပြီး မတ်လကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်တွေအတွက်တာဝန်ယူတာဟာ ဒီလုပ်ငန်းစဉ်အတွက် အခြေခံဖြစ်တယ်ဆိုတာကို အထူးအလေးထားပြောဆိုမှာ ဖြစ်ပါတယ်” ဟု မစ္စတာကင်တားနားကပြောကြားသည်။
”ချင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေကို သွားရတာဟာလည်း မြန်မာနိုင်ငံတွင်းက တခြားဘာသာတွေနဲ့ တိုင်းရင်းသားလူနည်းစုတွေရဲ့ လူ့အခွင့်အရေးအခြေအနေတွေကို အကဲဖြတ်ခွင့်ရမှာပါ။ ပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဘယ်လောက်တိုးတက်နေသလဲဆိုတာလည်း အတွင်းကျကျသိခွင့်ရမှာပါ။ တိုင်းရင်းသားအဖွဲ့တွေနဲ့ နောက်လုပ်မဲ့နိုင်ငံရေး သဘောတူညီချက်တွေမှာလည်း လူ့အခွင့်အရေးတိုးမြှင့်ရေးနဲ့ ကာကွယ်ရေးအပိုဒ်တွေ ထည့်သွင်းဖို့အား ပေးတိုက်တွန်းသွားမှာပါ” ဟု သူ ကဆိုပါသည်။
မြန်မာနိုင်ငံသို့ ၁၁ ရက်ကြာ လာရောက်လည်ပတ်စဉ်အတွင်း မစ္စတာကင်တားနားသည် ကျန်ရှိနိုင်ငံရေးအကျဉ်းသားများနှင့် ထိန်းသိမ်းခံထားရသော နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့မှ လူသားချင်းစာနာမှုရေးရာဝန်ထမ်းတစ်ဦးကို သွားရောက် တွေ့ဆုံရန်ရည်ရွယ်ထားသည်။
ထို့ပြင်မစ္စတာကင်တားနားသည် မြေယာအငြင်းပွားမှုများနှင့်အစိုးရဖွံ့ဖြိုးရေးစီမံကိန်းကြီးများကို ဆန့်ကျင်ကန့်ကွက်ရာတွင် ပါဝင်ပတ်သက် နေသူများအရေး ကိုင်တွယ်ဖြေရှင်းမှုအပေါ်အစိုးရနှင့်တွေ့ဆုံညှိနှိုင်းဆွေးနွေးရန်လည်း မျှော်လင့်ထားပြီး၊ သဘာဝသယံဇာတထုတ်လုပ်ရေးအပါအဝင် စီးပွားရေးနှင့်စက်မှုလုပ်ငန်းများ တိုးချဲ့ရာတွင်လူ့အခွင့်အရေးထိခိုက်မှု ပြဿနာနှင့်ပတ်သက်သည့် သူ၏စိုးရိမ်ပူပန်မှုကိုလည်းဆွေးနွေးသွားမည်ဟုဆိုပါသည်။ တဖန် ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်း ဥပဒေနှင့် အသင်းအဖွဲ့ဥပဒေအပါအဝင် လောလောဆယ်ရေးဆွဲနေဆဲဥပဒေကြမ်းများတွင် နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့်အညီ အရေးကြီးသောအချက်အလက်များပါဝင်ရေးကိုလည်း ဆွေးနွေးမည် ဖြစ်ကြောင်းသိရှိရသည်။
မစ္စတာကင်တားနားသည် မြန်မာနိုင်ငံတွင် နေထိုင်စဉ်အတွင်း အစိုးရအရာရှိများ၊ လွှတ်တော်အဖွဲ့နှင့် တရားစီရင်ရေးအဖွဲ့ဝင်များ၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့်အရပ်ဘက်အဖွဲ့အစည်းများကို တွေ့ဆုံသွားမည်ဖြစ်ပြီး ကနဦးတွေ့ရှိချက်များကို သြဂုတ် ၂၁ ရက် ခရီးစဉ်အပြီးတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ သတင်းစာရှင်း လင်းပွဲတစ်ခုကျင်းပပြုလုပ်ကာအစီရင်ခံစာ အပြည့်အစုံကို ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၂၄ ရက်၌ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံသို့တင်သွင်းမည်ဖြစ်ကြောင်း သိရှိရသည်။
ဝ၂၅
Ref: scoop. co. nz

Leave a Reply

Your email address will not be published.