ခေတ်သစ်သင်ပုန်းကြီး ၆၈

စာနယ်ဇင်းအုပ်ရှောင်ကောင်စီဝင်တစ်ဦး၏ ဂျာနယ်ကား
ပထမသတင်းတွင် ပါကြီးကို သတင်းထောက်အဖြစ်
အသေးစိတ် ပုံဖော်ရေးသားခဲ့ပြီး နောက်ရက်မှာ
တပ်ထုတ်ပြန်ချက်ကို ကိုးကားကာ
ကေကေအိုက ဗိုလ်ကြီးအဖြစ် ပုံဖော်ပြန်လေသည်
မြို့တော်ခန်းမရှေ့ စုပေါင်းတောင်းဆိုမှုအပြီးမှာတော့
သတင်းတင်ပြပုံက တစ်ဖုံ ပြောင်းပြန်လေ၏
အုပ်ရှောင်တို့ဟူသည် သတင်းဦးကို မမျှဘဲ
ကိုယ့်သတင်းစာမှာ သတင်းထူးအဖြစ် ဖော်ပြကာ
တပ်နှင့် ပတ်သက်လျှင် လက်ရှောင်ရက်သည်ဟု
သက်သေနှင့်တကွ အတည်ပြုပြလာလေသည်
အံ့သြကုန်နိုင်ကြပါပေါ့။တော်လွန်း၍ပင် တော်ဖို့ ကောင်းနေသော တပ်တော်ကြီးလည်း
ဥပဒေမဲ့ လူသတ်မှုကို အမှုပင် ဖွင့်ခွင့်မပေးချင်ခဲ့ပြီးမှ
လူထု၏ မခံမရပ်နိုင်မှုကို မြင်သွားရကား
ရဲများကို အမှုဖွင့်ပေးစေဟု ကြိုးဆွဲသည့်ဇာတ် ကလာပြန်သည်
တော်လွန်းလို့ကို တော်ဖို့ ကောင်းပါ၏ တပ်တော်ကြီးခင်ဗျား
အံ့သြကုန်နိုင်ပါရိုးလားဗျို့။ရန်ပုံငွေဘောလုံးပွဲမှာလည်း ပရိသတ်က ငြိမ်ပြန်တော့
ကစားသမား လူရွှင်တော်များနှင့် သရုပ်ဆောင်များက
နောင်ဂျိန်ပလေးကြ ပြန်လေသတတ်
အရပ်ရပ်နေပြည်တော် ကြား၍မှ မတော်သော
မြန်မာ့ဓလေ့ မြန်မာ့သတ္တိများပါတကား
အံ့သြရပါသည်။ဖွဲ့စည်းပုံပြင်ဆင်ရေး အကြံပြုချက်များမှာလည်း
အာဏာရှင်နှင့် ဒီမိုကရက်တို့ကြားသာမက
ဘောင်းဘီဝတ်များနှင့် ဘောင်းဘီချွတ်တို့ကြားမှာပါ
ခလောက်ဆန်စရာများ ထွက်ပေါ်လာလေသည်
ဘောင်းဘီဝတ်များက ပြတ်သားနိုင်သလောက်
ဘောင်းဘီချွတ်များအတွက်မူကား
မူလလက်ဟောင်း ဘောင်းဘီကို သစ္စာရှိလိုသည့်တိုင်
လက်ရှိခေါင်းပေါင်းဘဝကနေ
ဘောင်းဘောင်းလည်း ပြန်မဝတ်နိုင်တော့မည်ဖြစ်၍
ပစ္စုပ္ပန်ကျကျ နေမည်ဆိုပါက
သေနတ်ပြောင်းလှည့်လာမှာ စိုးသည်လည်း တမှောင့်
ခေါင်းပေါင်းစိတ်လေးကလည်း အညှောင့်ပေါက်ပြီးဖြစ်ရာ
တစ်ခါက တစ်သွေးသားဖြစ်သည့် ဘောင်းဘီများက
လွှတ်တော်ဖျက်အဆိုမျိုး တင်သွင်းရက်သည်အား
ခံပြင်းဒေါသ ထွက်ရသည်လည်း တစ်ပူပေတည့်
မအံ့သြကြပါနှင့်တော့။မည်သို့ပင်ဖြစ်စေ နိုင်ငံသားအပေါင်းတို့အနေဖြင့်
စာကလေးကြော်လိုက် ဆီထမင်းထိုးလိုက်နှင့်
လူထုရော တပ်ကိုပါ မျက်နှာလုပ်လိုသော
လှေနံနှစ်ဖက်နင်း မီဒီယာအုပ်ရှောင်များဘေးမှလည်းကောင်း၊
တစ်မတ်သားနေရာရထားသော လွှတ်တော်အား
ဖျက်စေနိုင်သည့် အခန်းကဏ္ဍကိုမှ မက်လေသော
တင်းတိမ်ရမည့်အစား ရောင့်တက်လေသူ
ပြည်သူ့တပ်မတော်ကြီးဘေးမှလည်းကောင်း၊
အခါခပ်သိမ်း ကင်းဝေးချမ်းသာနိုင်ကြပါစေသတည်း။
ပြောင်းဖူးရိုး

Leave a Reply

Your email address will not be published.