‘သေဒဏ်ကျတဲ့သူတွေက လွတ်သွားတယ်၊ သေဒဏ်မကျဘဲ ထောင်ရဲ့ညှဉ်းပန်းမှုကြောင့် သေသွားရတဲ့သူတွေ ရှိတယ်’ ဦးသိန်းဇော် (မကွေးတိုင်း NLD ဥက္ကဋ္ဌ)

]]၈၈ လူထုလှုပ်ရှားမှုအပြီးမှာ ကျွန်တော်ဝန်ထမ်းလောကထဲကနေ လုံးလုံး ထွက်လိုက်တယ်။ ပင်စင်တွေ ဘာတွေ ဘာမှမယူတော့ဘူး။ နိုင်ငံရေးလောက ထဲကို လုံးလုံးဝင်ပြီး တောက်လျှောက်လုပ်ဖြစ်သွားတယ်။ မကြာပါဘူး။ ၁၉၈၉ ဇူလိုင် မှာ အာဇာနည်နေ့ အခမ်းအနားလုပ်တယ်။ မကွေးမြို့ပေါ်မှာပဲ လုပ်တယ်။ ကျွန်တော့်ကို ဖမ်းတာ သြဂုတ် ၁ ရက်နေ့။ ဖမ်းရတဲ့အကြောင်းအရင်းက အာဇာနည်နေ့ အခမ်းအနားမှာ ဟောပြောမှုနဲ့ ဖမ်းတာ။ ၅ ညပေါ့။ မကွေးတိုင်း ထဲမှာ ပထမဆုံး ထောင်ချခံရတာပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ လူတွေ က အမှန်တရားကို တော်တော်များများ ချစ်ပါတယ်။ စစ်တပ်က လူတွေ တော်တော်များများလည်းပဲ မတရားတာကို မုန်းတာပဲ။ ကျွန်တော်တို့ဆီမှာ အဲဒီ တုန်းက လာအုပ်ချုပ်တဲ့ စစ်တပ်က တစ်ဖက်၊ မြို့ပေါ်ကကျတော့ ကျွန်တော် တို့လုပ်ရပ်တွေကိုလေးစားတယ်။ အဲဒီတော့ တရားခွင်မှာ ကျွန်တော့်ကို အာဃာတ ကြီးစွာထားပြီး ပြစ်ဒဏ်ကြီးကြီးချချင်ပေမယ့် အခြေအနေမှန်ကို သိလိုက်ရတော့ ချချင်တိုင်းချလို့ မရဘူး။ အဲဒီတုန်းကတော့ စစ်ခုံရုံးကိုပဲ လုံးလုံးတာဝန်ပေးထား တဲ့ ကာလ။ သူတို့က ၇ နှစ် ချခိုင်းသော်လည်း ကျွန်တော့်ကို ၄ နှစ်ပဲ ချ လိုက်တယ်။
]]ဒါက ပထမဆုံး ထောင်ကျတာပေါ့။ သရက်ထောင်ကို ကျွန်တော် ရောက် သွားတယ်။ ထောင်ကို သုံးသပ်ကြည့်တဲ့အခါမှာ သရက်ထောင်သည် အကြမ်း ဖျင်းသုံးသပ်ရမယ်ဆိုရင် လူတွေကို တိရစ္ဆာန်လို ထားတဲ့နေရာပဲ။ ဒါပဲ ကျွန်တော် သုံးသပ်မိတယ်။ လူကို လူလို့မမြင်တော့ဘဲ တိရစ္ဆာန်တွေလို ထားတဲ့နေရာ၊ မဝရေစာကျွေးတယ်။ မကျန်းမမာဖြစ်တယ်။ လူလူချင်း စာနာစိတ်တွေ မရှိကြ တော့ဘူး။ ဒီအကျဉ်းသားတွေပေါ်ကနေ အမြတ်ထုတ်တယ်။ ပြောရရင် ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားတွေက တော်သေးတယ်။ ရာဇဝတ်မှုနဲ့ အကျဉ်းသားတွေကျတော့ ပိုဆိုးတာပေါ့။ လူမသိ သူမသိ ခံစားကြရတယ်။ သူတို့ဟာလည်း ရာဇဝတ်မှုတွေဟာ စနစ်ဆိုးကြီးကြောင့် ဖြစ်ကြရတာ။ နောက် ပြီးတော့ အဲဒီထဲမှာ ပိုဆိုးတာက တကယ် မကျူးလွန်ဘဲကျတဲ့သူတွေရှိတယ်။ နောက်ပြီးတော့ မသေသင့်ဘဲနဲ့ သေသွားရတဲ့သူတွေ ရှိတယ်။ ကျန်းမာရေး ကိစ္စတွေပေါ့။ အထဲမှာကြည့်လိုက်ရင် လူတစ်ယောက် မကျန်းမမာလို့ သေသွား ရတယ်။ သူ့မှာ ကျန်တဲ့ပစ္စည်းပစ္စယတွေ အကုန်ယူ၊ သူ့ကိုကျတော့ ဖျာလေး နဲ့ပတ်ပြီး လူသေသလိုမဟုတ်ဘဲ တိရစ္ဆာန်တစ်ကောင်လိုလုပ်ပြီး ပစ်လိုက်တာ။ ဒါ ကျွန်တော့် မျက်စိအောက်မှာပဲ တွေ့ရတဲ့ကိစ္စ။ ဒါတွေက အသက်ရှင်သန် ပိုင်ခွင့်တွေ၊ အဲဒီမှာ လူ့အခွင့်အရေးဆိုတာ ဘာမှမရှိခဲ့ဘူး။ လုံးဝမရှိခဲ့ဘူး။
]]ကျွန်တော်တို့နဲ့ အထဲမှာ တွေ့ရတဲ့ ကျောင်းသားတွေရှိတယ်။ ကိုသန်းနိုင် တို့ဆိုရင် အကြိမ်ကြိမ် နှိပ်စက်ခံရတာ။ ကျောင်းသားတစ်ယောက်ကို ရိုက်တယ်။ ဆရာမက ရိုက်တယ်ဆိုရင်တောင် ဒီလောက်မဆိုးဘူး။ ဒီထောင်မှာက ကျွဲရိုက်၊ နွားရိုက်ထက်ဆိုးပါတယ်။ ဒါကျွန်တော်တို့ မြင်ရတွေ့ရတာပါ။ ကျွန်တော်လည်း မှတ်မှတ်ရရ ၂ ခါ အရိုက်ခံရတယ်။ ထောင် ၂ ကြိမ်ကျတော့ ၂ ခါ အရိုက်ခံ ရတယ်။
]]ကျွန်တော်နဲ့အတူ အရိုက်ခံရတာက ထူးထူးဆန်းဆန်းပဲ။ ဆရာတော်ကြီး တစ်ပါးအရိုက်ခံရတယ်။ ပြောရင် ယုံမှာတောင် မဟုတ်ဘူး။ တကယ်ကို အရိုက် ခံရတာ။ မဂ္ဂင်ဆရာတော်ကြီးပါ။ ကျွန်တော်နဲ့ တစ်ရက်တည်း အရိုက်ခံရတာ။ ဒီအကြောင်းတွေ ကျွန်တော်စာအုပ်ရေးမလို့ပါပဲ။ စိတ်မအား လူမအားဖြစ်နေလို့ မရေးဖြစ်သေးတာ။ အဲဒီတုန်းက ကျွန်တော်တို့က တောင်ယာလေးလုပ်ကြတယ်။ မဂ္ဂင်ဆရာတော်ကြီးကို တိုက်ထဲမှာထားတာ။ ဘောလ်ပင်လေးတွေ့သွားလို့ဆိုပြီး တစ်ကိုယ်လုံးကို ထုတ်ပြီးရိုက်တာ။ ဘောလ်ပင်လေး တွေ့သွားလို့။ တွေ့တာက အဲဒီတိုက်ထဲမှာ တွေ့တာ၊ ဘယ်သူ့ဟာလဲဆိုပြီး ဖော်ခိုင်းရင်း ထုတ်ပြီး ရိုက်တာ။ ဖော်လည်းရိုက်မှာ၊ မဖော်လည်း ရိုက်မှာ။ တိုက်ထဲမှာ မဂ္ဂင်ဆရာတော်ကြီး ရှိနေတော့ ဆရာတော်ကြီးကိုပါ ခေါ်ပြီးရိုက်တာပဲ။
]]ကျွန်တော်က အဲဒီနားမှာရှိနေတော့ သူတို့က ကျွန်တော်သတင်းလာယူတာပဲ လို့ ကောက်ချက်ချပြီး ကျွန်တော့်ကိုပါ ရိုက်တယ်။ မဂ္ဂင်ဆရာတော်ကြီးကိုပါ ရိုက်တယ်ဆိုမှတော့ ကျန်တာတွေက ကမ်းကုန်ပြီပေါ့။ ပြီးတော့ ထောင်ထဲ မှာ ရိုက်တယ်ဆိုတာ ပေါ့သေးသေး ရိုက်တာမဟုတ်ဘူး။ တိရစ္ဆာန်ထက်ကို ဆိုးရွားစွာ ရိုက်နှက်တာ။ လူမဆန် အောင်ကို ရိုက်တာ။ ဒါက ပထမ အကြိမ်မှာဖြစ်တာ။
]]ကျွန်တော် နောက်တစ်ခါ ထောင် ကျတာက ခုနစ်နှစ်။ ဒုတိယအကြိမ် ကျတဲ့ကာလပေါ့။ အဲဒီထောင်ကျ ကာလတွေမှာ သူတို့ ဘယ်လောက်နှိပ် စက်၊ နှိပ်စက်။ ကျွန်တော်တို့ရအောင် ကျော်ဖြတ်တယ်။ ဒီအခက်အခဲတွေကို ကြိတ်မှိတ်ပြီး ခံတယ်။ တစ်ခါတလေ ထမင်းထဲမှာ သဲတွေ ထည့်ပေးလိုက် တယ်။ ထမင်းက ဇွန်းနဲ့ ရေတွက်လို့ ရလောက်အောင် နည်းတာ။ အဲဒီထဲကို သဲတွေထည့်ပေးတယ်။ ထမင်းက သဲ တရှပ်ရှပ်နဲ့ စားလို့ ဘယ်လိုမှမဖြစ်နိုင် တဲ့အတွက် ထမင်းပန်းကန်ထဲကို ရေ တွေနဲ့ဖျော်၊ သဲတွေက အောက်မှာ ထိုင်သွားတယ်။ ထမင်းက မစားရင် ဒုက္ခ ဖြစ်မှာဆိုတော့ အဲဒီနည်းနဲ့ ရေဆေးပြီး စားခဲ့ရတယ်။ ဒါက အခက်အခဲကို ဖြတ်ကျော်တဲ့ နည်းတစ်နည်းပေါ့။ အထဲမှာနေနေတဲ့ကာလပတ်လုံး အထိမ်းအမှတ် နေ့တွေ လုပ်ကြတယ်။ အာဇာနည်နေ့မျိုးဆိုရင် အကြီးအကျယ် ဖြစ်အောင်လုပ် တယ်။ နိုင်ငံရေးမကျသွားအောင် လုပ်ကြတာပေါ့။ စစ်အစိုးရကလည်း ဒါကြောင့် အာဇာနည်နေ့ကို နှိပ်ကွပ်ချင်တာ ဖြစ်မယ်။ ကျွန်တော်တို့ကို ထောင်ထဲထည့်၊ လူ့အခွင့်အရေးတစ်ခုမှမရှိအောင်လုပ်၊ တိရစ္ဆာန်သာသာထား။ ထောင်ဝန်ထမ်းတွေရဲ့ ဘဝကလည်း ဆိုးတာပဲ။ ကျွန်တော်တို့က ကျွန်တော်တို့ လုပ်နေတာတွေသည် သူတို့အတွက်ပါ ပါတယ်ဆိုတာ သိအောင်လုပ်ပြပြီး သူတို့ကို စည်းရုံးတာပေါ့။ အဲဒီတော့ အချိန်ကြာလာတာနဲ့အမျှ နားလည်တဲ့ထောင်ဝန်ထမ်းတွေက ကျွန်တော် တို့အပေါ် လေးစားတယ်။ သူတို့အတွက်ပါ လုပ်နေတာပါလားလို့ မြင်လာတဲ့ အခါ ကျွန်တော်တို့အတွက် အကူအညီတွေ ပေးလာကြတယ်။
]]ဒါက စနစ်တကျစည်းရုံးခြင်းပေါ့။ နောက်ပိုင်းမှာ ထောင်ပိုင်ကအစ နိုင်ငံရေးအကျဉ်းသားအပေါ် လေးစားလာအောင် ကျွန်တော်တို့ နေကြတယ်။ ကျွန်တော့်အဖို့တော့ ပြောရရင် ထောင်ကလွတ်လာတဲ့နေ့က မပျော်ဆုံးဘဲဗျ။ ဘာဖြစ်လို့လဲဆိုရင် ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ အများကြီးကျန်ခဲ့တာကိုး။ ဒီ ငရဲခန်းကြီးက ထွက်လာရပေမယ့် အထဲမှာ ကိုယ့်လူတွေ ကျန်ခဲ့ပါလားပေါ့။ တစ်စက်မှ မပျော်ဘူး။
]]အဲဒီလိုနဲ့ ထောင်ကလွတ်၊ နိုင်ငံရေးပြန်လုပ်။ ထောင်ထဲမှာကတည်းက လုပ်တာ။ အခုလည်း တောက်လျှောက်ပဲ ဆက်လုပ်နေတယ်။ ပထမအကြိမ် တုန်းက တိုင်းစည်းရုံးရေးကော်မတီမှာ လုပ်၊ ထပ်ပြီး ၇ နှစ်ကျ။ ဒုတိယအကြိမ် လွတ်ပေါ့။ ထောင်ကတော့ ၂ ကြိမ်လုံး ဆိုးတာပါပဲ။ အပြင်မှာရော၊ အတွင်း မှာပါ နိုင်ငံရေးဖြတ်သန်းလာတော့ ကျွန်တော် ကြည့်တယ်။ အပြင်က လူတွေကိုပါ ကြည့်တဲ့အခါ ဒီလူတွေ လည်း ထောင်ကျနေတာပါလားပေါ့။ တစ်နိုင်ငံလုံးဟာ အာဏာရှင်စနစ် ဆိုးကြီးအောက်မှာကိုး။ ကျွန်တော် တို့အတွက် တစ်ခုကောင်းတာက နိုင်ငံ ရေးစလုပ်တုန်းက ဘာကိုမကျေနပ် မှန်းမသိဘူး။ တစ်ခုခုကိုတော့ မကျေ နပ်ဘူး။ အဲဒီမကျေနပ်မှုပေါ်မှာ အခြေခံ ရင်း နိုင်ငံရေးလုပ်ရင်း လုပ်ရင်းနဲ့ ဘာ ကိုမကျေနပ်တာလဲ။ ငါတို့ အဲဒီတုန်းက ဘာကို ဆန္ဒတွေပြခဲ့ကြတာလဲဆိုတာ ကိုယ်ကိုယ်၌ လုပ်ရင်းနဲ့ ငါတို့ အာဏာ ရှင်စနစ်ကြီးကို မကြိုက်ပါလားလို့ သိ လာတာ။ အရင်ကတော့ အကြမ်း ထည်နဲ့ လုပ်တာ။ နောက်မှ ငါတို့သည် အာဏာရှင်စနစ်ကိုမကြိုက်လို့၊ မတရား မှုကို မုန်းလို့၊ အာဏာရှင်တွေသည် မတရားတာကို လုပ်ကြတယ်။ ဒါကို တော်လှန်ရမယ်ဆိုတဲ့ နိုင်ငံရေးအသိတွေ ရလာတာ။ ဒါက အလုပ်လုပ်ရင်း သိလာတာ။ အာဏာရှင်စနစ် ရှိနေသရွေ့ ငါတို့ဖြိုခွင်းရမယ်၊ အမြစ်ပြတ်ချေမှုန်း ရမယ်။ ဒီမိုကရေစီ ခိုင်မာအောင်လုပ်ရမယ်ဆိုတာတွေ သိလာတယ်။ ဒါတွေ ဘယ်က သိလာသလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သင်ကြားမှုအရ သိလာ တယ်။ ဘဝနဲ့ရင်းလိုက်ပြီးမှ သိလာတဲ့ ခိုင်မာတဲ့ အသိတရားတွေပေါ့။
]]ခရီးလမ်းက မဆုံးသေးဘူး။ ဒီမိုကရေစီ အမြစ်မတွယ်မချင်း ကျွန်တော် တို့ ဆက်လုပ်ကြရဦးမှာပါလားလို့ အလိုလိုသိပြီး မြန်မာ့နိုင်ငံရေးကို လုပ်နေဖြစ် တာပါပဲ။}}
ဝ၆၄

Leave a Reply

Your email address will not be published.