ဒေါင်းတွန်သံ ဟင်းလိုမြည်းချင်သမို့၊ ကောင်းမွန်စွာ သင်္ဂြိုဟ်ပြီးစီးပါကြောင်း

တရားဥပဒေ၏အောက်တွင် အများပြည်သူများ ပြားပြားမှောက်နေကြသော်လည်း အထက်တစ်နေရာ၌ ဖျာလိုခင်းပြီးခြေဆင်းထိုင်နေသော လူ့အဖွဲ့အစည်းတစ်ရပ်ရှိနေပါကလည်း တရားဥပဒေမှာ ကြက်ပေါင်ကွင်းအဖြစ်သာ တည်ရှိပေလိမ့်မည်။ မြန်မာ့နွေဦးအမည်ခံ ဒီမိုကရေစီအပြောင်းအလဲတွင် မဏ္ဍိုင်သုံးရပ်က တပ်မတော်မဏ္ဍိုင်ကို ဦးခိုက်ထိန်းကျောင်းနေရခြင်းဖြင့်
တပ်မတော်ဗဟိုပြုဒီမိုကရေစီအပြောင်းအလဲသာဖြစ်နေသည်။ လူမြင်ကွင်းနိုင်ငံရေးတွင် တပ်မတော်က
နောက်သို့ငုပ်လျှိုးသွားသယောင်ရှိသော်လည်း ဝေးလံခေါင်းပါးသော တိုင်းရင်းသားဒေသများ၌ တပ်မတော်က ဧကရာဇ်တစ်ပါးနှယ်
မင်းမူနေဆဲဖြစ်ကြောင်း၊ မြို့ပြအုပ်ချုပ်ရေးယန္တရားထက် စစ်အုပ်ချုပ်ရေးယန္တရားက ရှေ့တန်းရောက်နေဆဲဖြစ်ကြောင်း ဖုံးမနိုင်ဖိမရထွက်ပေါ်လာသည်မှာ အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီးကို အသေပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း တပ်မတော်၏ ထုတ်ပြန်ကြေညာချက်၌ တွေ့ရှိရသည်။ အလွတ်သတင်းထောက် ကိုပါကြီးနှင့်အတူ သက်သေခံအဖြစ်
ဖမ်းဆီးရမိခဲ့သော သတင်းထောက်ကတ်ပြားများအကြောင်း လုံးဝမပါဝင်ဘဲ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သော
KKO စောဆန်းအောင်အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံဗိုလ်ကြီး အောင်နိုင်အဖြစ် စစ်ဆေးတွေ့ရှိကြောင်းသာ သတင်းထုတ်ပြန်၍ ကိုပါကြီး၏သတင်းထောက်အဖြစ် တည်ရှိမှုနှင့်မြို့ပြအုပ်ချုပ်ရေးမှ ရဲလုပ်ထုံးလုပ်နည်းများ၏ ဝေးရာသို့ ရည်ရွယ်ချက်ရှိရှိ တွန်းပို့ခဲ့ခြင်းဖြစ်သည်။ အလွတ်သတင်းထောက်
ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီးသည် ၁၉၈၈ နိုဝင်ဘာတွင်
ဖွဲ့ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လူငယ်) ၏
ပထမဦးဆုံး ဗဟိုလူငယ် ၁၉ ဦးထဲတွင် ပါဝင်ခဲ့ပြီး
ကရင်ပြည်နယ် တာဝန်ခံအဖြစ် ထမ်းဆောင်ခဲ့ဖူးသော သုံးရောင်ခြယ်ကျောင်းသားအဖွဲ့ဝင် ခွပ်ဒေါင်းမျိုးဆက်တစ်ဦးလည်းဖြစ်ရာ ကိုပါကြီး၏ ဥပဒေမျက်ကွယ်၌ ပစ်စလက်ခတ်သေဆုံးမှုကို ယခုအပတ်၏ ဒေါင်းတွန်သံ ဟင်းလိုမြည်းချင်သမို့၊ကောင်းမွန်စွာ သင်္ဂြိုဟ်ပြီးစီးပါကြောင်း သတင်းလူသားအဖြစ် ဖော်ပြအပ်ပါသည်။
ဒေါင်းအိုးဝေသံကြားလျှင် သွေးဆာတတ်သောခေတ်တစ်ခုကုန်ဆုံးပြီဟု ထင်ကြေးပေးတတ်ကြသော်လည်း သတင်းသမားအသံကြားလျှင် ဓားတပြင်ပြင်ဖြစ်နေသော ရောဂါဆိုးတစ်မျိုးက ကျရောက်လာပြန်ရာ ဒေါင်းသတင်းသမားဟု တံဆိပ်ကပ်ခံရသောအခါ ဆိုဖွယ်ရာမရှိတော့ပြီ။ ရောဂါဟောင်းနှင့် ရောဂါအသစ် ပေါင်းမိသွားသောအခါ
အလောင်းစည်သွားခြင်းဖြစ်သည်။ သတင်းထောက် ကိုပါကြီးကို စက် တင်ဘာ ၃၀ ရက်၌ ကျိုက်မရောမြို့ လုံခြုံရေးအတွက် အမှတ် (၂၀၄) ခြေ မြန်တပ်ရင်းမှ ဗိုလ်ကြီးစိုးဇေယျာလင်း ဦးဆောင်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပါ ဝင်သည့်အဖွဲ့က စက်လှေတစ်စင်းပေါ် တွင် မသင်္ကာဖွယ်တွေ့ရှိ၍ ဖမ်းဆီး ကာ နယ်မြေခံအမှတ် (၂၀၈) ခြေမြန် တပ်ရင်းသို့ လွှဲပြောင်းစစ်ဆေးခဲ့ရာ KKO စောဆန်းအောင်အဖွဲ့မှ ပြန်ကြား ရေးတာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိ အောင် နိုင်ဖြစ်ကြောင်း ၂၀၁၄ အောက်တိုဘာ ၂၃ ရက်နေ့ တပ်မတော်၏ သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ အောက် တိုဘာ ၄ ရက် နေ့တွင် ကင်းစောင့် စစ်သည်ထံမှ လက်နက်ကို လုယူထွက် ပြေးရန် ကြိုးပမ်းသောကြောင့် ပစ်ခတ် ဖမ်းဆီးရာ အသေဖမ်းဆီးရမိခဲ့သည်ဟု ဆိုလေ၏။ ထို ၄ ရက်တာကာလ အတွင်း ကျိုက်မရောရဲစခန်းက မည် သို့မည်ပုံ ဆောင်ရွက်ခဲ့ပါသနည်း။ စစ် တပ်၏ နောက်မြီးဆွဲအဖြစ်သာ ပါဝင် ခဲ့ခြင်းလား။ ကိုပါကြီး၏ ဇနီးဖြစ်သူ မသန္တာက မွန်ပြည်နယ်၊ ကျိုက်မရော ရဲစခန်းမှာ အမှုဖွင့်ခဲ့သော အောက်တိုဘာ ၁၉ ရက်နေ့အထိ ကူညီပါရစေဟူသော ရဲတပ်ဖွဲ့ထံမှ ကိုပါကြီးနှင့်ပတ်သက်၍ ဘာတစ်ခုမှ မသိခဲ့ရပေ။ အောက်တို ဘာ ၂၁ ရက်နေ့တွင် ဇနီးဖြစ်သူ မသန္တာက သတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်စဉ် ကိုပါကြီးကို ရဲလုပ် ထုံးလုပ်နည်းဖြင့် အရေးယူခဲ့ခြင်း မဟုတ်ဟုဆိုသောကြောင့် ကျိုက်မရော မြို့နယ် စက်လှေဆိပ်တွင် ရဲတပ်ဖွဲ့နှင့် အတူ ဖမ်းမိသောအမှုကို ရဲတပ်ဖွဲ့၏
ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်သွားအောင်ပြုနိုင်ခြင်းမှာ စစ်ဘက်လူကြီးမင်း၏ သွေးဆောင်ဖြားယောင်းမှု
ကောင်းမွန်သောကြောင့်ဖြစ်မည်။ သတင်းစာရှင်းလင်းပွဲအပြီး၌ ချက်ချင်းဆိုသလိုပင် အောက်တိုဘာ ၂၃ ရက်နေ့စွဲဖြင့်
တပ်မတော်မှ သတင်းထုတ်ပြန်ခဲ့ရာ တပ်မတော်နှင့်အလွမ်းသင့်သော နေ့စဉ်ထုတ်သတင်းစာတစ်စောင်တည်းတွင်သာ
အောက်တိုဘာ ၂၄ ရက်ထုတ်၌ ဖော်ပြပါရှိခဲ့သည်။ ထုံးစံအတိုင်း ကောင်းမွန်စွာမြေမြှုပ်သင်္ဂြိုဟ်ပြီးစီးပါကြောင်းမျှသာ။ ကင်းစောင့်စစ်သည်၏
လက်နက်ကို လုယူထွက်ပြေးကြောင်း မည်သည့်အထောက်အထားရှိသနည်း။ လုပ်ကြံသတ်ဖြတ်ပြီးမှ ထွက်လာသော အကြောင်းပြချက်လည်း
ဖြစ်နိုင်သည်။ ဇနီးဖြစ်သူက အောက်တိုဘာ ၂၆ ရက်နေ့ နံနက်တွင်
ကျိုက်မရောရဲစခန်း၌ သေမှုသေခင်းအဖြစ် အမှုဖွင့်ခဲ့သော်လည်း အထက်အမိန့်အရ ငြင်းဆိုခဲ့ခြင်းကို ထောက်ခြင်းအားဖြင့် ကာ/ချုပ်လက်အောက်၌ရှိသော ပြည်ထဲရေးဝန်ကြီးဌာနသည် ပြည်သူနှင့်စစ်တပ်အကြား၌ မည်သို့ရပ်တည်ခဲ့သည်ကို
ထင်ရှားစွာ သိနိုင်ပေ၏။ ကိုပါကြီး၏ အလွတ်တန်းသတင်းထောက် အဖြစ်တည်ရှိမှုကို စားပြီးနားမလည်လုပ်နေကြသော
ပြည်တွင်းပြည်ပသတင်းဌာနများလည်း ရှိကြသည်။
ကိုပါကြီးကဲ့သို့ လူမသိသူမသိ သတ်ဖြတ်ခံရပြီး တိတ်တဆိတ် အလောင်းဖျောက်ဖျက်ခံခဲ့ရသောသူများ မည်မျှရှိနေသနည်း။
အစိုးရ၏ ဒီမိုကရေစီရင်းနှီးမြှုပ်နှံမှုမှာ အယောင်ပြမျှသာဖြစ်၍
အာဏာရှင်စနစ်ကို ရုပ်ဖျက်ရုံမျှသာဖြစ်ကြောင်း ရုပ်လုံးပေါ်လာခဲ့လေပြီ။ မြန်မာနိုင်ငံသားများအဖို့ အချိန်မရွေး ကျည်ဆန်တစ်တောင့်
လက်ဆောင်ရနိုင်ခြင်းအပေါ်၌ ကျေးဇူးတင်ရမည်ဖြစ်သည်။
လူတစ်ယောက်ကို ဥပဒေမဲ့ဖမ်းဆီးခေါ်ဆောင်သွားလျက်
သတ်ဖြတ်ပြီးကာမှ မိသားစု၏ကြိုးပမ်းမှုကြောင့် တစ်လခန့်အကြာမှာ ကောင်းမွန်စွာ သင်္ဂြိုဟ်ပြီးစီးပါကြောင်း အသိပေးခြင်းသည် လူသားစားသော လူရိုင်းများ၏ယဇ်ပူဇော်ခြင်းနှင့်တူသောကြောင့် အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခ)ကိုပါကြီး၏ လုပ်ကြံသတ်ဖြတ်ခံရမှုကို ယခုအပတ်၏
ဒေါင်းတွန်သံ ဟင်းလိုမြည်းချင်သမို့၊ကောင်းမွန်စွာ သင်္ဂြိုဟ်ပြီးစီးပါကြောင်း သတင်းလူသားအဖြစ် ဖော်ပြအပ်ပါသည်။
ဝ၂၆

Leave a Reply

Your email address will not be published.