ခေတ်သစ်သင်ပုန်းကြီး ၆၇

ခေါက်ရိုးကျိုးနေသော လွှတ်ဥက္ကဋ္ဌနှင့်အမတ်များက
တရားစီရင်ရေးမဏ္ဍိုင်အပေါ်
မလျော်သြဇာဖြင့် ဖိအားပေးရန် ပထမခြေလှမ်းအဖြစ်
ဦးဆန်းဆင့်အရေးအား ကြိုးပမ်းလာလေသည်
လွတ်လပ်သော တရားဥပဒေစိုးမိုးရေးအဖြစ်မှာလည်း
အုပ်ချုပ်ရေးနှင့် တပ်မတော်ကိုလည်း
တရားရုံးများကိုယ်တိုင်က ကြောက်ရ
ဥပဒေဘက်တော်သားဆိုသည့် ရဲကိုယ်တိုင်ကလည်း
ဥပဒေကို မစို့မပို့သာ နားလည်ထားကာ
သြဇာအရာမှာလည်း နိမ့်ရာကို ရှိသလောက်
မြင့်ရာပေါ် မဲ့နေရပြန်ကား
တရားစီရင်ရေးမဏ္ဍိုင်ကြီး၏ ဖြစ်အင်မှာ
ပြုံးလည်း ပြုံးချင်စရာ၊ မုန်းလည်း မုန်းချင်စရာ
ဖြစ်ရရှာလေပါတော့သည်
အံ့သြကုန်နိုင်ပါတော့အံ့။

သတင်းသမားများကို နိုင်ငံတော်အကြည်ညိုပျက်စေမှုတဲ့
ဒီမိုကရေစီခေတ်မှာ အာဏာပိုင်များအား မယုံကြည်ပါက
အယုံအကြည်မရှိအဆို တင်သွင်းခွင့်ပေးရရိုးရှိရာ
ထုတ်ပြန်ချက်တစ်ခုကို ကိုးကားရေးသားသည့်
သတင်းသမားနှင့် ဂျာနယ်ပိုင်ရှင်ကိုပါ
ထောင် ၂ နှစ်ချလိုက်ခြင်းကား
ကိုယ့်ဂိုး ကိုယ် သွင်းလျှင် တင့်တယ်ပြီး
သူများက ဂိုးသွင်းလျှင် အနီကတ်ပြစေဟု
အကဲဆတ်လေသော မဒီမိုအစိုးရအဖြစ်
သက်သေပြုဝန်ခံနေသည်နှင့် တူတော့သည်
အံ့သြကုန်နိုင်ရပါ၏။

ထားရာ နေ၊ ခေါ်လျှင် သွားရကာ
ဥပဒေနှင့်ပင် ချည်ပြီးတုပ်ပြီး ဖော်စပ်ထားသော
အချိုးကျ ခန့်အပ်ခံ စာနယ်ဇင်းကောင်စီကြီးလည်း
သိန်း ၅၀ဝ မှ အစပြုပြီး မေတ္တာတုံးကြီးကြီးများကို
ခံစားမြိန်ယှက် ရာထူးတက်နေလေရာ
ကာချုပ်ကြီး၏ အောင်မြင်မှုအသီးအပွင့်အဖြစ်
ဌာနရွှေပြည်တော်မှ အောင်ဆုတ် ဆုတ်ပြီးနောက်
သတင်းသမားတစ်စု ထောင်ချခံလိုက်ရသဖြင့်
သိက္ခာပင့်ကြေညာချက်ကို ယာယီသက် မပြတ်ခင်
အလျင်အမြန်ပင် ထုတ်ရချေပြန်တော့၏၊
အံ့သြမနေကြပါနှင့်တော့။

ကော်သူးလေအရေးမှာလည်း
နိုင်ငံရေး မလုပ်ဘဲ အမျိုးသားရေး လုပ်မည်ဟူသော
ခေတ်ဟောင်းဓာတ်ပြားအသံမျိုးကို
သူရဲကောင်းဆန်ဆန် ပြောသူများ ပေါ်လာသလို
ဟောင်ကောင်ဆန္ဒပြမှုကို မလေ့လာဘဲ
အနောက်မုန်းအစွဲကြီးဖြင့် ရှုတ်ချဝေဖန်သည့်
မျိုးဆက်သစ်ဒေါင်းဟောင်းလောင်းမျိုးလည်း ပေါ်လာ၏
အံ့သြကုန်နိုင်ပါရဲ့လား။

မည်သို့ပင်ဖြစ်စေ နိုင်ငံသားအပေါင်းတို့ကား
အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးမဏ္ဍိုင်တို့မှ
ခေါက်ရိုးကျိုးဘောင်းဘီချွတ်များ၏
တရားစီရင်ရေးနှင့် မီဒီယာမဏ္ဍိုင်များကိုလည်းကောင်း
နိုင်ငံသားများဖြစ်ကြသည့် ပဉ္စမမဏ္ဍိုင်အားလည်းကောင်း
အမျိုးမျိုး အဖုံဖုံသော နည်းလမ်းအသွယ်သွယ်ဖြင့်
လူဒုက္ခ၊ စိတ်ဒုက္ခပေးခြင်းမျိုးမှ
ကင်းဝေးကြပါစေကြောင်း ဆုတောင်းအပ်သတည်း။
ပြောင်းဖူးရိုး

Leave a Reply

Your email address will not be published.