စင်ပြိုင်တပ်မတော်ဖြင့် အိမ်ကြီးပေါ်တွင် အိမ်ငယ်ဆောက်သူ

အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုစာချုပ်ချုပ်ဆိုရေးသည် နောက်တိုးတပ်မတော်များ ကဆုန်စိုင်းထွက်ပေါ်လာခြင်းနှင့်အတူ လမ်းလယ်ကောင်ရောက်နေသော မျက်မမြင်လမ်းဖြတ်ကူးကဲ့သို့ ရှေ့မတိုးသာ နောက်မဆုတ်သာဖြင့် ငြိမ်းချမ်းရေး စမြင်းဒေါသထူပြော (စမြင်းခံ)လျက်ရှိ၏။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးသားဖောက်လုပ်ငန်းများ
ကလည်း တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်းဖြစ်သည်။ အစိုးရတပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေးကို ကြိုးပမ်းနေသည်နှင့် တစ်ပြိုင်နက်တည်းမှာပင်
မိမိပြည်နယ်အတွင်း၌လည်း ဆက်လက်ပစ်ခတ်နေရပြန်သေးသည်။ ငြိမ်းချမ်းရေးကို သေနတ်သံပေးကာ ချော့မြှူနေရခြင်းလည်းဖြစ်သည်။ မကြာသေးမီက UNFC မှ နုတ်ထွက်လာသော ကရင်အမျိုးသားအစည်းအရုံး (KNU) သည် အပစ်အခတ် ရပ်စဲနိုင်ရေးအတွက် ဈေးပေါင်ကျိုးချိန်၌ အောက်ဈေးဖြင့်ချရောင်းရန်
ချိန်ဆလျက်ရှိနေစဉ် ကရင်ပြည်နယ်အတွင်း၌ မိမိ၏လက်အောက်ခံတပ်များနှင့် အစိုးရတပ်များ ထိတွေ့မှုဖြစ်ခဲ့ပြန်ရာ ကသုတ်ကရက် အမျက်တော်ဖြေခဲ့ရသေးသည်။ ကရင်ပြည်နယ်အတွင်း အပစ်အခတ်ရပ်စဲရေးအင်ဂျင်ကို စွမ်းအားမြှင့်မောင်းနှင်ရာ၌
(KNU) ၏ လမ်းပြမြေပုံကို ကရင်အမျိုးသားလက်နက်ကိုင်တပ်ဖွဲ့များ
ကိုယ်၌က မကျေလည်မှုများ
ရှိခြင်းကြောင့် ၂၀၁၄ အောက်တိုဘာ ၁၃ ရက်နေ့တွင် ကော်သူးလေ တပ်မတော် (Kawthoolei Armed Force-KAF) ကို ပြန်လည်ပေါင်းစည်းလိုက်ကြောင်း ကြေညာချက်တစ်ရပ် ထွက်ပေါ်လာခဲ့ရာ
ကော်သူးလေ တပ်ပေါင်းစုလေးဖွဲ့မှ ခေါင်းဆောင်များကို
ယခုအပတ်၏ စင်ပြိုင်တပ်မတော်ဖြင့် အိမ်ကြီးပေါ်တွင် အိမ်ငယ်ဆောက်သူ
သတင်းလူသား(များ)အဖြစ်
ဖော်ပြအပ်ပါသည်။
ကော်သူးလေ တပ်မတော်အဖြစ် ပြန်လည်ပေါင်းစည်းရာတွင်
KNLA, KNDO, DKBA,
KNU/KNLA -PC စသော လက်နက်ကိုင်အဖွဲ့လေးဖွဲ့မှ ခေါင်းဆောင်များက လက်မှတ်ရေးထိုး ထုတ်ပြန်
ကြေညာခဲ့ကြခြင်းဖြစ်သည်။
KNU ၏ဦးဆောင်မှုအောက်တွင်
ရှိဆဲဖြစ်သော လက်နက်ကိုင်တပ်ဖွဲ့များ
ပါဝင်နေသော်လည်း ချက်ချင်းဆိုသလို
အောက်တိုဘာ ၁၄ ရက်နေ့တွင် KNU ဗဟိုဌာနချုပ်၊ ကာကွယ်ရေးဌာနက ကြေညာချက်တစ်စောင်
ထုတ်ပြန်ခဲ့ရာတွင် အရှောင်အတိမ်း ဂျက်စီဂျိမ်းနည်းကိုသုံးခဲ့ပြီး ကော်သူးလေ တပ်မတော်ဖွဲ့စည်းရေး၌ လက်မှတ်ရေးထိုးခဲ့သော KNU/KNLA-PC မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောတိုက်ဂါးကို အဖွဲ့မှထုတ်ပယ်ကြောင်း ပါဝင်ခဲ့သည်။ KNU နှင့် မသက်ဆိုင်သော ကော်သူးလေတပ်မတော်ကို စင်ပြိုင်တည်ထောင်ရခြင်း၌ မည်သည့်ရည်ရွယ်ချက်ရှိသနည်းဆိုသော မေးခွန်းက ဖြေစရာမလိုအောင် ထင်ရှားလှသည်။ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအနက် ကရင်ပြည်သူကို ကိုယ်စားပြုသည်ဆိုသော ကရင်လက်နက်ကိုင်များမှာ လေတိုးရုံဖြင့် ကွဲတတ်ကြ သည့် သမိုင်းလည်းရှိသည်။ ဖဆပလ(ပထစ)အစိုးရ၊ မဆလအစိုးရနှင့် နဝတ/ နအဖအစိုးရအဆက်ဆက်ကို လက်နက်ကိုင် အန်တုခဲ့သော KNU သည် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်ရောက်သော် အကျွတ်တရားရသွားသော သူတော်စင် တစ်ဦးနှယ် အပြောင်းလဲကြီး ပြောင်းလဲခဲ့ခြင်း၏ဘေးထွက်ဆိုးကျိုးမှာ ကရင် ပြည်နယ်အတွင်း တပ်မတော်အသစ်တစ်ရပ် မွေးဖွားလာခြင်းပင်ဖြစ်သည်။ ကော်သူးလေ တပ်မတော် (KAF) အဖြစ် ပေါင်းစည်းထားသော လက်နက်ကိုင် အဖွဲ့လေးဖွဲ့သည် အဖွဲ့တစ်ဖွဲ့အပေါ် ထိပါးလာခြင်း၊ ကျူးကျော်တိုက်ခိုက်လာခြင်း နှင့်စော်ကားခြင်းများ ပြုလုပ်လာပါက တညီတညွတ်တည်း ခုခံတိုက်ပွဲဝင်သွား မည်ဟုဆိုကာ ငြိမ်းချမ်းရေးဝမ်းပိတ်ဆေးကို ဖော်စပ်ခဲ့ကြသည်။ တစ်ခုတည်းသော ကရင်အမျိုးသား အလံတော်အောက်ဝယ် ကရင်အချင်းချင်းလည်း ငဲ့ညှာနေမည် မဟုတ်ကြောင်း KNU အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာ လုပ်ကြံသတ်ဖြတ် ခံရမှုက သက်သေအဖြစ်တည်ရှိသည်။ တိုင်းရင်းသားလက်နက်ကိုင်များသည် ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူညီမျှရေး၊ ဖက်ဒရယ်ပြည်ထောင်စုအရေး ဂါထာကိုစုပ်၍ အိမ်နီးချင်းနိုင်ငံမှ ဒေသနာကို နာကြားနေရလေ့ရှိသည်မှာလည်း ရေသောက်မြစ်အပေါ် အမှီပြုနေရခြင်းပင်ဖြစ်သည်။ ထားဝယ်ရေနက်ဆိပ်ကမ်းမှ ရတနာသိုက်ကို လက်မလွှတ်လိုသော ထိုင်းအစိုးရ၏ ယဉ်ကျေးလိမ္မာ ဒေသနာ တော်နှင့် ကရင်ပြည်နယ်အတွင်း သဘာဝသယံဇာတများ၏ ဆွဲဆောင်မှုကြောင့် မြန်မာ့တပ်မတော်နှင့် တစ်ခြင်ထောင်တည်း အိပ်နိုင်ရေးကိုသာ တကြွ်ကနေသော KNU ကို လက်အောက်ခံတပ်ဖွဲ့များနှင့် အခြားလက်နက်ကိုင်တပ်ဖွဲ့များက စွန့်ခွာ လိုလျက်ရှိကြမည်။ UNFC မှ KNU နုတ်ထွက်ခဲ့ခြင်း၌လည်း သဘောထား ကွဲလွဲမှုများရှိခဲ့ရာ ကော်သူးလေ တပ်မတော်တည်ထောင်သော ကြေညာချက်တွင် UNFC နှင့် ပူးပေါင်းလက်တွဲသွားမည်ဟုဆိုခြင်းကြောင့် အင်အားချိန်ခွင်လျှာညှိ ခြင်းလည်း ဖြစ်နိုင်သည်။ ကော်သူးလေ တပ်မတော်ကို အခြေခံလျက် တစ်ခု တည်းသော ကရင်အမျိုးသားတပ်မတော် တစ်ရပ်ပေါ်ပေါက်လာရေးဆိုပါမူ အကောင်းမြင်လွန်းရာ ကျပါလိမ့်မည်။ သို့သော် အစိုးရနှင့်ပူးပေါင်းကာ စီးပွား ရေးရည်မှန်းချက်ရှိသောအုပ်စုက KNU အတွင်း၌ အားသာလျက်ရှိရာ ကော်သူး လေ တပ်မတော်ဖြင့် အလေးပိုးပေး လိုက်ခြင်းဟု ယူဆစရာရှိခြင်းကြောင့် ပြန်လည်ပေါင်းစည်းရေးကိုစတင်ခဲ့သော ကရင်လက်နက်ကိုင်တပ်ဖွဲ့လေးဖွဲ့မှ ဦး ဆောင်သူများကို ယခုအပတ်၏ စင်ပြိုင် တပ်မတော်ဖြင့် အိမ်ကြီးပေါ်တွင် အိမ် ငယ်ဆောက်သူ သတင်းလူသား(များ) အဖြစ် ဖော်ပြအပ်ပါသည်။
ဝ၂၆

Leave a Reply

Your email address will not be published.