မိုဘိုင်းဖုန်းသည် ဆက်သွယ်ရေးအတွက်သာမက နည်းပညာများဖြင့်တွဲဖက်၍ လူမှုဘဝလုပ်ငန်းများကို ထိရောက်လျှင်မြန်စွာဆောင်ရွက်နိုင်ရန် အကူအညီပေးနိုင်

ရန်ကုန်၊ ဇူလိုင် ၂

မိုဘိုင်းဖုန်းဆိုတာ ဆက်သွယ်ရေးသက်သက်မဟုတ်တော့ပါ ဘူး။ SMS ၊ အင်တာနက်စတဲ့ နည်း ပညာများနှင့်တွဲဖက်ပြီး လူမှုဘဝလုပ်ငန်းများကို ထိရောက်လျင်မြန်အောင်ဆောင်ရွက်နိုင်ဖို့ အကူအညီပေးနိုင်တဲ့ Device  ဖြစ်ပါတယ် ဟု မြန်မာ့မိုဘိုင်းဆက်သွယ်ရေးပြောင်းလဲမှုနှင့်ပတ်သက်၍ ပဲ့တင်သံဂျာနယ်၏ဆက်သွယ်မေးမြန်းမှုတွင် အိုင်တီပညာရှင် ကိုအိမောင်က ဇူလိုင် ၁ ရက်၌ ပြောကြားသည်။ ကိုအိမောင်သည် Fairway Web တည်ထောင်သူတစ်ဦးဖြစ်သည်။

ထို့အပြင် ဆက်သွယ်ရေးသည် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျသောကဏ္ဍတစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံကဲ့သို့ ဧရိယာကျယ်ပြီးကျေးလက်ဖွံ့ဖြိုးမှုလုံးဝမရှိသေးသည့်နိုင်ငံများအတွက် ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးရန်အတွက် မိုဘိုင်း ဖုန်းသည် အခြေခံအဆောက်အအုံရှုထောင့်ကကြည့်လျှင်အဖြေတစ်ခုဖြစ်နိုင်ကြောင်း ယင်းကဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ လက်ရှိမိုဘိုင်းဖုန်းသိပ်သည်းဆသည် ၇ ရာခိုင်နှုန်းသာရှိသည်။ ၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း သိပ်သည်းဆ ၂၄ ရာခိုင်နှုန်း၊ ၂၀၁၄ -၂၀၁၅ ခုနှစ်အတွင်းသိပ်သည်းဆ ၅၀ ရာခိုင်နှုန်းနှင့် ၂၀၁၅-၂၀၁၆ ခုနှစ်အတွင်းသိပ်သည်းဆ ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအတွင်း မြင့်တက်လာရန် ရည်ရွယ်ထားကြောင်းသတင်းထုတ်ပြန်ချက်များတွင် ဖော်ပြခဲ့သည်။

ယင်းနှင့်ပတ်သက်၍ မိုဘိုင်းဖုန်းသိပ်သည်းဆတကယ်မြင့်လာမယ်ဆို သူ့အကျိုးကလည်းရှိကိုရှိမှာဖြစ်ပါတယ်။ အထူးသဖြင့် သူတို့ရဲ့လူနေမှုဘဝမှာ အမှန်တကယ်သုံးဖို့ လိုနေတဲ့နေရာတွေအတွက် အကျိုးရှိလာမယ်။ အရောင်းအဝယ်လုပ်တဲ့နေရာတွေမှာ ဈေးနှုန်းကွာဟချက်တွေလို သတင်းအချက်အလက်စီးဆင်းမှုမြန်ဆန်လာမယ် ဟု အိုင်တီနည်းပညာဆိုင်ရာတိုးတက်မှုလုပ်ငန်းများ လှုပ်ရှားလုပ်ကိုင်နေသူ ကိုဇော်ဇော်မျိုးလွင်က ပဲ့တင်သံသို့ပြောသည်။

ထို့အပြင် မိုဘိုင်းဖုန်းအသုံးပြု၍ အင်တာနက်သုံးသည့်အလေ့အထကို တောရောမြို့ပါ ပိုမိုများလာမည်ဖြစ်သည့်အတွက် အင်တာနက်အသုံးပြု၍ ယင်းတို့၏ပညာရေးကဏ္ဍနှင့် လူမှုရေးကဏ္ဍများကို အကျိုးရှိရှိသုံးလာနိုင်မည်ဆိုလျှင် ပိုကောင်းလာ မည်ဖြစ်ကြောင်းနှင့် ဘဏ်မရှိသော နေရာများတွင် ငွေလွှဲဝန်ဆောင်မှုများကို မိုဘိုင်းဖုန်းကတစ်ဆင့်သုံးလာ နိုင်သည့်အနေအထားရှိကြောင်း ဖြည့်စွက်ပြောကြားသည်။

မိုဘိုင်းဖုန်းအသုံးပြုနိုင်ခြင်း ကြောင့်ကျေးလက်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှုမြင့်မားလာနိုင်ကြောင်း ပညာရှင်များ၏ သုံးသပ်ပြောဆိုမှုများလည်းရှိခဲ့သည်။ မိုဘိုင်းနည်းပညာအသုံးပြုမှုနှင့်ကျေးလက်နေပြည်သူများရင်းနှီးကျွမ်းဝင်စေရန် လိုအပ်ပုံနှင့်စပ်လျဉ်း၍ စာရေးဆရာသူရဿဝါက သူတို့လက်ထဲ မိုဘိုင်းဆက်သွယ်ရေးကွန်ယက် တွေခုထက်ပိုရောက်တော့မယ်ဆို ရင်တော့မိုဘိုင်းနည်းပညာတွေနဲ့လည်း အခုထက်ပိုပြီး ရင်းနှီးကျွမ်းဝင်ဖို့ မဖြစ်မနေလိုအပ်တယ်။ ဒီနည်းပညာနဲ့ စိမ်းနေသေးတဲ့ ကျေးလက်နေပြည်သူလူထုကို နည်းပညာနဲ့ပိုပြီး နီးကပ်လာအောင် မိုဘိုင်းနဲ့ပတ်သက်တဲ့နည်းပညာရှင်တွေအနေနဲ့လည်း ကိုယ်တတ်နိုင်သလောက်ကူညီပေးကြဖို့လိုပါလိမ့်မယ်။ ဒါမှမသိနားမလည်သူတွေနဲ့ နည်းပညာနှစ်ခုကြားမှာရသလောက်အမြတ်ထုတ်ချင်တဲ့သူမျိုးတွေနဲ့ မတိုးမှာပါ ဟု ယင်း၏အမြင်ကို ပဲ့တင်သံသို့ပြောကြားခဲ့သည်။

ယင်းနှင့်ပတ်သက်၍ မိုဘိုင်းဖုန်းကပေးနိုင်တဲ့ တစ်ကယ့်အကူအညီကိုရရှိဖို့ဆိုရင် နည်းပညာကဏ္ဍကလည်း အပြိုင်လိုက်နိုင်ဖို့လိုပါတယ်။ နည်းပညာမှာ ရင်းနှီးမြှုပ်နှံသူများကလည်း ကျေးလက်ဖွံ့ဖြိုးရေးကဏ္ဍမှာအခုထက်ပိုပြီး မြှုပ်နှံဖို့ လိုအပ်ပါသေးတယ်။ အခုကတော့ မြို့ပြမှာရှိတဲ့ နည်းပညာအသုံးပြုနိုင် သူတွေအတွက်ကို ဦးတည်နေကြတာဖြစ်ပြီး ကျေးလက်ကိုဈေးကွက် တစ်ခုအနေနဲ့ မမြင်ကြသေးတာကို တွေ့ရပါတယ်။ အမှန်တော့ကျွန်တော်တို့နိုင်ငံလူဦးရေရဲ့ ၈၀ ရာ ခိုင်နှုန်းက ကျေးလက်မှာနေကြတာဖြစ်လို့ ဈေးကွက်အရဆိုရင် ပိုမိုကျယ်ပြန့်တယ်လို့ ဆိုနိုင်ပါတယ် ဟု Fairway Web တည်ထောင်သူ ကိုအိမောင်ကလည်း သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်အလုပ်အကိုင်အခွင့် အလမ်းကောင်းများရရှိမှသာ ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း ဇွန် ၆ ရက်တွင် ကျင်းပသော အရှေ့အာရှကမ္ဘာ့စီးပွားရေးဖိုရမ်တွင် သတင်းထောက်များနှင့် သီးခြားတွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

မိုဘိုင်းဖုန်းကြောင့် ကျေးလက်ဒေသဖွံ့ဖြိုးမှုကို အကျိုးသက်ရောက်လာနိုင်စေမည့်အခြေအနေများနှင့်ပတ်သက်၍ မိုဘိုင်းဖုန်းသုံးလာတာတစ်ခုတည်းနဲ့တော့ တစ်ခြားဖွံ့ဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်မရပါဘူး။ ဒီပေါ်မှာ အသုံးချနိုင်မယ့် application  တွေဖန်တီးမှုကရှိနေရဦးမှာပါ။ ဘာသာစကားအခက်အခဲကြောင့်ပဲဖြစ်ဖြစ်၊ မြန်မာလိုအသုံးပြုနိုင်ပြီး လူထုရဲ့စီးပွားရေး၊ လူမှုရေးကဏ္ဍတွေကို တိုက်ရိုက်အကျိုးသက်ရောက်မှုရှိစေတဲ့ ပြည်တွင်းဖြစ် app တွေပိုထွက်လာဖို့ လိုအပ်မှာပါ။ အဲဒီအတွက်တော့ မကြာခင်မှာပဲ မြန်မာ developer တွေအတွက်အပြိုင် အဆိုင်ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ တစ်ဖက်မှာလည်းဒီလိုထုတ်လုပ်ထားတဲ့ app တွေရဲ့ဈေးကွက် အနေအထားကို ပိုမိုဖွံ့ဖြိုးလာအောင်လည်းလုပ်ဖို့လိုသလို ဒါတွေကိုတွင်ကျယ်စွာသုံးလာမယ့် အမူအကျင့်တွေလည်း အခုထက်တိုးတက်လာဖို့ကျန် နေပါသေးတယ် ဟု ကိုဇော်ဇော်မျိုးလွင်က သုံးသပ်ပြောကြားသည်။

ယင်းကဲ့သို့ ကျေးလက်ဒေသအတွက်ဦးတည်သည့် နည်းပညာလုပ်ငန်းများနှင့်ပတ်သက်၍ အစိုးရအနေ ဖြင့်ပံ့ပိုးပေးမှုများလိုအပ်ကြောင်းသိရသည်။ ယင်းနှင့်စပ်လျဉ်း၍ အစိုးရအနေနဲ့နည်းပညာလုပ်ငန်းများကို အခုထက်ပိုပြီးအားပေးဖို့ လိုအပ်ပါ တယ်။ ဥပမာ-လောလောဆယ်စိတ်ဝင်စားမှုနည်းသေးတဲ့ ကျေးလက်ဖွံ့ဖြိုးမှုကို ဦးတည်တဲ့နည်းပညာတွေအတွက် လိုအပ်သလိုပံ့ပိုးမှုတွေပြုလုပ်မယ်ဆိုရင် စိတ်ဝင်စားမှုများလာနိုင်တယ်လို့ ယူဆပါတယ်။ အခြားမူဝါဒရေးရာပံ့ပိုးမှုတွေဖြစ်တဲ့ မူပိုင်ခွင့်ဥပဒေများ၊ နည်းပညာစီးပွားရေးဆိုင်ရာနည်းဥပဒေများ အချိန်မီသတ်မှတ်ပေးဖို့ လိုသလို၊ အခြေခံအဆောက်အအုံပံ့ပိုးမှုဖြစ်တဲ့ SMS gateway  များ၊ အခြားအရေးပါ တဲ့ Mobile banking ကဲ့သို့ကိစ္စရပ်များကိုလည်း ထောက်ပံ့ပေးထားမှ ကျေးလက်အခြေပြုနည်းပညာများကို နည်းပညာလုပ်ငန်းများက အခုထက်ပိုပြီး ဖန်တီးလာကြမှာဖြစ်တယ်လို့ယူဆပါတယ် ဟု ကိုအိမောင်ကပြောသည်။

မိုဘိုင်းဖုန်းအတွက်လိုအပ်သော ဓာတ်အားကို လျှပ်စစ်မီးမှအားသွင်းယူ၍ အသုံးပြုရသောကြောင့် မိုဘိုင် ဖုန်းကျယ်ပြန့်စွာအသုံးပြုနိုင်ရေးတွင် လျှပ်စစ်မီးလုံလောက်စွာအသုံးပြုနိုင်ခြင်းသည်လည်း အရေးပါ ကြောင်းသုံးသပ်ပြောဆိုကြသည်။ မြန်မာတစ်နိုင်ငံလုံးတွင် လျှပ်စစ်မီးအသုံးပြုနိုင်မှုသည် ၂၆ ရာခိုင်နှုန်းသာရှိနေသေးသည်။ ထို့ကြောင့် မိုဘိုင်းဖုန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုဖြစ်တန်ချေများအတွက် စဉ်းစားရန်လိုအပ်ကြောင်းဝေဖန် ပြောဆိုခြင်းများလည်းရှိနေသည်။

အစိုးရက မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍကို မြှင့်တင်ရန် နိုင်ငံတစ်ဝန်းလုံး၌ မိုဘိုင်းဖုန်းနှင့် အခြားဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများလုပ်ကိုင်နိုင်ရန် MPT  ကို အသွင်ပြောင်းဖွဲ့စည်းမည့် မြန်မာ တယ်လီကွန်းနှင့်ရတနာပုံတယ်လီပို့ကုမ္ပဏီက ဆောင်ရွက်မည့် ရတနာပုံတယ်လီကွန်းတို့ကိုလိုင်စင် နှစ်နေရာ ကတိပြုထားပြီးဖြစ်သည်။ ပြီးခဲ့သည့်လ ၂၇ ရက်နေ့က မြန်မာ့ဆက်သွယ်ရေးကဏ္ဍအတွက် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုအဖြစ် အော်ပရေတာနှစ်ဦးကို အပြီးသတ်ရွေးချယ်ခဲ့သည်။ မြန်မာတယ်လီကွန်း၊ ရတနာပုံတယ်လီပို့၊ ဇွန်လကုန် တွင်ရွေးချယ်ခဲ့သည့် နော်ဝေအခြေစိုက် Telenor နှင့် ကာတာအခြေစိုက် Qtel တို့သည် မြန်မာ့ဆက်သွယ်ရေး လောကတွင် ယှဉ်ပြိုင်ကြရမည့်အခြေအနေဖြစ်သည်။

ယင်းနှင့်ပတ်သက်၍  မြန်မာပြည်သူတွေကို အမှန်တကယ် ဝန်ဆောင်မှုတွေ ကောင်းကောင်းပေးနိုင်မယ့် မိုဘိုင်းအော်ပရေတာတွေရှိလာဖို့ မျှော်လင့်တာပါ။ ပြည်သူတွေလက်ထဲကို အမှန်ကန်ဆုံးဝန်ဆောင်မှုတွေကို ထိုက်သင့်တဲ့ဈေးနှုန်းနဲ့ ရရှိလာဖို့ ဖြစ်ပါတယ်။ ဈေးကွက်ထဲမှာ အပြိုင်အဆိုင်ဖြစ်လာတာကိုက စားသုံးသူတွေအတွက် ရွေးချယ်စရာပဲ ဖြစ်သင့်ပါတယ်။ ဈေးကွက်ယှဉ်ပြိုင်မှုကို လက်ဝါကြီးအုပ်ချင်တဲ့ သူတွေကြားထဲက အစမ်းသပ်ခံတွေ ထပ်မဖြစ်ချင်တော့ပါဘူး ဟု ကိုဇော်ဇော်မျိုးလွင်က ပဲ့တင်သံသို့ပြောကြားခဲ့သည်။

ဝ၂၄

Leave a Reply

Your email address will not be published.