သက်ဆိုင်သူများ စဉ်းစားကြစေလို

လောလောလတ်လတ် ထောင်မှထွက်လာခဲ့သော စာရေးဆရာ ဆိုတော့လည်း ထောင်ထဲတွေ့ခဲ့ရသည့် လိုအပ်နေသည်ဟု ထင်သာအကြောင်းအရာတစ်ခုအား ကျွန်တော် ဖောက်သည်ချလိုက်ချင်မိလာ၏။ ထို့ကြောင့် ယခုဆောင်းပါးလေးအား ချရေးဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။ ယနေ့ မြန်မာနိုင်ငံ၏ အကျဉ်းထောင်များအတွင်းရှိ အကျဉ်းသားများအား ခိုင်းစေလျက်ရှိသော အလုပ်များသည် အကျဉ်းထောင် အကျဉ်းသားနှင့် နိုင်ငံအတွက် မည်သည့်အကျိုးမျှရှိမလာနိုင်သော လုပ်ငန်းများဟု ကျွန်တော်မြင်မိ၏။ အဘယ်ကြောင့်ဟူမူ ထောင်တွင်းလုပ်ငန်းတိုင်းမှာ အကျိုးအမြတ်ဟူ၍ လုံးဝမရှိမရှိပါဘဲ အဘက်ဘက်မှ အရှုံးသာရှိသောကြောင့် ဖြစ်၏။ ဥပမာအားဖြင့် အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်းမှ လုပ်ငန်းများအား တစ်ခုချင်းဟ စီ၍ ရေးသားပြပါမည်။ (၁) ဖိုကြီး (နေ့စဉ် အကျဉ်းသားများ စားသောက်ရန် ချက်ပြုတ်သော အလုပ်) မရှိမဖြစ်လိုအပ်သည်မှာ မှန်သော်လည်း အမြတ်အစွန်းဟူ၍ လုံးဝမရှိ။
(၂) စက်ချုပ် (ထောင်ကျဝတ်စုံမှလွဲ၍ မချုပ်နိုင်သေးပါ) ထို့ကြောင့် အမြတ်အစွန်း လုံးဝမရှိပါ။ (၃) နှင်းဆီခြံ (နှင်းဆီအနည်းငယ်နှင့် အခြားပန်းအနည်းငယ်သာ ထွက်ရှိ) ထောင်ပြင်ထက် ထောင်တွင်းမှာပင် မလောက်ငပါ။ (၄) ကြက်ခြံ (အသားနှင့်ဥကို ထောင်အသား ကျွေးရက်များ၌ ကျွေးရန် ဖြစ်သည်) ထို့ကြောင့် အကျိုးအမြတ် လုံးဝမရှိပါ။ (၅) တောင်ယာများ (အကျဉ်းသားနှင့် ဝန်ထမ်းစား၍ပင် မလောက်ငပါ) အကျိုးအမြတ်မရှိပါ။ (၆) စက်ပြင် (ရံဖန်ရံခါ ထောင်ပိုင်ကြီးကား၊ လူကြီးကား ပျက်လျှင်သာ ပြင်၏) အခြားအလုပ်မရှိ၍ အကျိုးအမြတ်မရှိ။ (၇) ရက်ကန်း (လုံးဝရပ်ဆိုင်းထား) (၈) ဖိနပ်ချုပ် (လုံးဝရပ်ဆိုင်းထား) (၉) ပန်းချီ (လုံးဝရပ်ဆိုင်းထား) (၁၀) ကြိမ်ဝါး (လုံးဝရပ်ဆိုင်းထား) (၁၁) သံဖြူ (လုံးဝရပ်ဆိုင်းထား) (၁၂) အမွှေးတိုင် (လုံးဝရပ်ဆိုင်းထား) (၁၃) ကုန်ကြမ်း (လုံးဝရပ်ဆိုင်းထား)
အထက်ပါအလုပ်များအားလုံးသည် အကျဉ်းထောင်အတွက် နိုင်ငံအတွက် သာမက အကျဉ်းသားများအတွက်ပါ အကျိုးမဖြစ်ထွန်းနိုင်သောအထုပ်များဖြစ်ကြ၏။ ထို့ကြောင့် အလုပ်တော်တော်များများမှာ ရပ်ဆိုင်းထားရသဖြင့် ထောင်တွင်းမှ လူ့အရင်းအမြစ်များ များစွာအလဟဿဖြစ်နေ၏။ ကျွန်တော်တို့နိုင်ငံရှိ အကျဉ်းထောင်များအား နိုင်ငံတကာမှထောင်များကဲ့သို့ ထောင်တွင်းစက်ရုံအလုပ်ရုံများနှင့် အကျဉ်းသားများအား လုပ်ခတန်ရာတန်ကြေးပေးကာ အလုပ်တာဝန်များပေးနိုင်ပါက လူ့အရင်းအမြစ်၊ အချိန်နှင့်ပညာအရင်းအမြစ်များ အလဟဿမဖြစ်အောင် ပြုလုပ်သင့်၏။ အကျဉ်းထောင်များအတွင်း၌ အပြင်မှလုပ်ငန်းရှင်တို့နှင့် ချိတ်ဆက်၍
ဥပမာ အထည်ချုပ်စက်ရုံ၊
Aircon စက်ရုံ၊ Design များ ထုတ်လုပ်သောလုပ်ငန်းများ၊ နာမည်ကြီးအမှတ်တံဆိပ်
အဝတ်အထည်များ ထုတ်သောစက်ရုံများ စသည်တို့ဖြင့် ချိတ်ဆက်သင့်ပေသည်။ ထိုအလုပ်များအား ထောင်တွင်း၌ လုပ်ကိုင်ပြီး လွတ်မြောက်ချိန်၌လည်း ၄င်းအကျဉ်းသားများသည် ပင်မစက်ရုံ ရုံချုပ်များ၌ ဆက်လက်လုပ်ကိုင်နိုင်ခြင်း(သို့)အခြားစက်ရုံ၌ အိမ်ထောင်တွင်း၌ တတ်မြောက်လာခဲ့သောအလုပ်နှင့် သွားရောက်လုပ်ကိုင်နိုင်ခြင်းများ ပြုလုပ်နိုင်သဖြင့် ရာဇဝတ်မှုများ ထပ်မံဖြစ်ပွားခြင်းများစွာ လျော့ကျသွားနိုင်၏။ ထောင်မှ လွတ်မြောက်ချိန်၌လည်း ထောင်တွင်းစုဆောင်းပေးထားသော ၄င်း၏ လုပ်အားခ အားလုံး ပြန်လည်ကာထောင်မှထုတ်ပေးသဖြင့် အပြင်၌ သမာအာဇီဝကျသော အလုပ်တစ်ခုအတွက် အရင်းအနှီးကောင်းဖြစ်သွားနိုင်၍ ရာဇဝတ်မှုဒုစရိုက်မှုများ ကျူးလွန်ပြီး ဥပဒေကို ချိုးဖောက်သူ လျော့နည်းသွားမည်ဖြစ်၏။ အချို့အကျဉ်းသားများမှာ ထိုသို့မရှိသဖြင့် ခဏခဏပြန်လည်ကာ ထောင်တွင်းသို့ ရောက်ရှိနေသူ များဖြစ်၏။ အဓိကအချက်မှာ ထောင်တွင်း၌ အကျဉ်းသား တစ်ယောက်အား
သင်ကြားပေးလိုက်ရမည့် ပညာရပ်သည် ထိုအကျဉ်းသား လွတ်မြောက်ချိန်၌ အပြင်တွင် လုပ်ကိုင်စားသောက်နိုင်သော ကောင်းသောအတတ်ပညာ ဖြစ်ရပေလိမ့်မည်။ ထောင်တွင်းသင်ကြားပေးလိုက်သော Computer သင်တန်းဆိုလျှင်လည်း ဥပမာ K.M.D လိုနေရာမျိုးမှ အသိအမှတ်ပြု အောင်လက်မှတ်ထုတ်ပေးနိုင်ပါက အပြင်၌ အလုပ်အကိုင်ရှာဖွေရာတွင် ပိုမိုလွယ်ကူကာ
လစာအောက်ထစ် (၅၀ဝ၀ဝ) ဝန်းကျင်ရရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် အဆက်အသွယ်ကောင်းများ အမှန်တကယ်
ယနေ့မရှိသလို
လိုအပ်လျက်လည်း ရှိ၏။ ထိုသို့အကောင်အထည်ကောင်းများ အောင်မြင်စွာ ဖော်ဆောင်နိုင်ပါက တိုင်းပြည်နှင့်လူမျိုးအတွက်လည်း ရာဇဝတ်မှုများ
လျော့ကျသွားသဖြင့် များစွာကောင်းကျိုးရှိလာသလို နိုင်ငံ၏ လူ့အရင်းအမြစ်များ၊ လုပ်အားများ၊
အချိန်များအလကား
မဖြစ်နိုင်တော့ပေ။ အကျဉ်းသားတော်တော်များများ သည်တစ်ချိန်က
စနစ်တစ်ခုကြောင့် ရောက်ခြင်း၊ အသိပညာမတတ်၍
ဒုစရိုက်မှု ပြုကာရောက်ခြင်း၊ အလုပ်အကိုင်ဝင်ငွေမကောင်းသဖြင့် ရာဇဝတ်မှုအကြောင်း ပြုကာရောက်ခြင်း၊
ဥပဒေကို နားမလည်၍ ချိုးဖောက်မိခြင်း
စသောအကြောင်းများအား အခြေခံကာ
ထောင်ကျခဲ့ကြခြင်းများ
ဖြစ်သော်လည်း
၄င်းတို့အထဲတွင်
အသိပညာရှင်
အတတ်ပညာရှင်များ ပညာတတ်ဘွဲ့ရများလည်း ပါဝင်ကြပြီး ထောင်ကျနေရသော ၄င်းတို့၏ ပြစ်ဒဏ်ကာလများအား အချည်းအနှီးကုန်ဆုံးကာ ပညာအရင်းအမြစ်များ ဆုံးရှုံးနေကြရ၏။ ထိုဆုံးရှုံးမှုများအား တည့်မတ်ပေးနိုင်မှသာလျှင် အသင့်လျော်ဆုံးဖြစ်ပေလိမ့်မည်။ ထို့ကြောင့် အကျဉ်းထောင်များ အသီးသီးအတွင်း၌ နိုင်ငံနှင့်အကျဉ်းထောင် အကျဉ်းသားအားလုံး အကျိုးရှိနိုင်အောင်
သက်ဆိုင်သူများ လေးလေးနက်နက်
စဉ်စားကြစေလိုပါကြောင်း…။
ထောင်မင်းသားသူတော်

Leave a Reply

Your email address will not be published. Required fields are marked *