၁၉၈၈ခုနှစ် သြဂုတ်လ၂၄ ရက်မှ ၂၅ရက်

၂၄ သြဂုတ် ၁၉၈၈
ဒေါ်အောင်ဆန်းစုကြည်သည် ပထမဆုံးအကြိမ်အဖြစ်လူထုမြင်ကွင်းတွင် ထွက်ပေါ်လာသည်။ သူသည် ရန်ကုန် ဆေးရုံကြီးရှေ့ရှိ စာပေနှင့်အနုပညာရှင်များ စင်မြင့်ပေါ်မှနေ၍လူထုကို မိနစ်အနည်းငယ်ကြာမိန့်ခွန်းပြောသည်။ လာမည့် ၂၆ ရက်တွင် ရွှေတိဂုံအနောက်ဘက်မုခ်တွင် မိန့်ခွန်းပြောမည်ဟု လူထုကို သတင်းပေးပြီး မိနစ်ပိုင်းအတွင်းပြန်လည် ထွက်ခွာသွားသည်။ ဆန္ဒပြသူများကလည်း လမ်းမများပေါ်တွင် စစ်ကြောင်းကြီးများခွဲ၍ဆန္ဒပြချီတက် ကြွေးကြော်ကြသည်။ အဖွဲ့အစည်းစုံ၊ သပိတ်တပ်ဖွဲ့များအစုံအလင်ပါဝင်ဆန္ဒပြကြသည်။
ထိုနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းနှင့်ပဲခူးတိုင်း၊ ပြည်မြို့တို့တွင်ထုတ်ပြန်ထားသည့် စစ်အုပ်ချုပ်ရေးအမိန့်ကို ရုပ်သိမ်းလိုက်သည်။ လမ်းမများပေါ်ရှိ ဆန္ဒပြသူများမှ စစ်အုပ်ချုပ်အရေးအမိန့်ရုပ်သိမ်းကြောင်းသိကြရသည့်အခါ ပျော် မြူးဝမ်းသာစွာဖြင့်အနီးအနားရှိ တပ်မတော်သားများကို ဖက်နမ်းသူကနမ်းသည်။ ပွေ့ဖက်သူကပွေ့ဖက်သည်။ အစား အသောက်များ ပေးကမ်းသူကကမ်းသည်။ တာဝန်ချ စစ်သားများရုပ်သိမ်းနေသည့် သံဆူးကြိုးများကို လူထုကြီးက ကူညီ ရုတ်သိမ်းပေးသည်။ သံချပ်ကာကားများဖြင့် တပ်မတော်သားများပြန်လည်ထွက်ခွာသွား သောအခါလူထုကြီးသည် ပြည်သူ့တပ်မတော်-တို့တပ် မတော်၊ ပြည်သူ့စစ်သား-တို့ စစ်သား ဟု အားရဝမ်းသာကြွေးကြော်သည်။
ပြည်သူ့ဆန္ဒလေ့လာစုံစမ်းရေးကော်မရှင်ကိုဖျက်သိမ်းသည်။ ပြည်သူ့ဆန္ဒကိုပိုမိုထိရောက်စွာသိနိုင်မည့်နည်းလမ်း များရှိသောကြောင့်ဟု အာဏာပိုင်တို့ကအကြောင်းပြသည်။ ညပိုင်းတွင် ဒေါက်တာမောင်မောင်က တိုင်းပြည်သို့ မိန့်ခွန်း ပြောသည်။

၂၅ သြဂုတ် ၁၉၈၈
သတင်းစာတိုက်ပေါင်းစုံဝန်ထမ်းထုကဆန္ဒပြကြသဖြင့် ၂၅၊ ၂၆၊ ၂၇ တို့တွင် သုံးရက်တိတိ သတင်းစာမထွက်ဘဲ ရှိ သည်။ ယနေ့တွင် ဇူလိုင်လဆန်းက အဖမ်းခံရသော ဦးအောင်ကြီးနှင့်အပေါင်းအပါများ ပြန်လည်လွတ်မြောက်လာသည်။ ဦးအောင်ကြီးက ထိုနေ့ ညနေ ၄ နာရီခွဲတွင် ပဒုမ္မာကွင်း၌ လူထုတရားပွဲပြုလုပ် သည်။ တပ်မတော်မှဗိုလ်မှူး ကြီးတစ်ဦးခေါင်းဆောင်၍ ပြည်ထောင်စုဘဏ်မှငွေကျပ် ကုဋေ ၆၀ ကို ယနေ့ညနေပိုင်းတွင်ထုတ်ယူသွားသည်ဟု သတင်းများ ထွက်လာသည်။

Leave a Reply

Your email address will not be published. Required fields are marked *