ခေတ်သစ်သင်ပုန်းကြီး ၅၅

လွှတ်တော်ထဲက ပီအာရ်တစ်ကြောမှာဖြင့်
အဆိုရှင့်စာသားက ဥက္ကဋ္ဌကြီးဆန္ဒနှင့်
တစ်ထပ်တည်းကျနေလေရာ
ရွှေနှင့်စု စိတ်ခုဇာတ်လမ်းများ
စလုံးရေ စတော့မလားဟု
စောင့်ကြည့်သူများ တွေဝေသွားကြလေသည်၊
အံ့သြကုန်နိုင်ပါတော့အံ့။ဖွဲ့စည်းပုံအခြေခံဥပဒေကို စောင့်ရှောက်ရန်
ကျမ်းသစ္စာကျိန်ထားသူများက
ထိုထဲမှာ မပါသည့် ပီအာရ်ကို
ဆွေးနွေးကြမည်ဟု ဇွတ်ဆိုလာသဖြင့်
ကျမ်းစူးကြလိမ့်ဟု ထောက်ပြသည့်အခါ
ဥက္ကဋ္ဌကြီးချိုမိုင်မိုင်ခမျာ အနာပေါ် တုတ်ကျကာ
တင်သွင်းသူကိုယ်စားလှယ်ကို
အဝါကဒ် ပြသတတ်ဟူသည်၊
အံ့သြကုန်နိုင်ရပါ၏။တစ်ခါက သာသနာရေးဝန်ကြီးအား
နိုင်ငံတော်အကြည်ညိုပျက်စေမှုဟု ထပ်တိုးပြီး
ပြန်ကြားရေးနှင့် ကျန်းမာရေးဝန်ကြီးများကိုအား
နုတ်ထွက်ကာ နားပေရော့ဟု
နိုင်ငံရေးသိက္ခာအတွက်
ရှာကြံထိုးကျွေးမှုများ ပေါ်လာလေသည်၊
အံ့သြမနေကြပါနှင့်တော့။မီဒီယာအရေးမှာလည်း
ရွှေနှင့်စိန် နောင်ဂျိမ်ဇာတ်အတွက်
မြေစာပင်ဘဝ ရောက်ခဲ့ရသည့်ပြင်
အကြံပေးတကာကလည်း
ကိုယ့်မျက်ချီး သုတ်ဖို့ မေ့ပြီးသကာလ
မီဒီယာတွေ ချာလှချည့်ဟု ဆိုပြန်သည်
ကမ္ဘာမှာ ညံ့ဖျင်းမှုဖြင့် ထောင်ချကာ
ပြန်တော်လာအောင် ကြိုးစားသည့်နိုင်ငံမှာ
မြန်မာသာ ရှိပါတကားဟု
လက်ခမောင်းခတ်ရမတတ်ပါတည့်
အံ့သြကုန်နိုင်ပါရဲ့လား။အိမ်နီးချင်းပေါက်ဖော်ကြီးကလည်း
ပြည်တွင်းအပစ်ခတ်ရပ်စဲရေးစာချုပ်ကို
အမြန်ဆုံး ချုပ်ဆိုစေချင်သတဲ့
အိန္ဒိယနယ်စပ် ချင်းပြည်နယ်မှာ
လက်နက်အစုံနှင့် အဖမ်းခံလိုက်ရသူများက
ထိုဆွေမျိုးပေါက်ဖော်များ ဖြစ်နေသည်ကလည်း
စိတ်ဝင်စားစရာပါတည့်
နေရာအများအပြားမှာ လုံခြုံရေးတပ်ဖွဲ့ဝင် မဟုတ်သော
သေနတ်လက်နက်ကိုင်လူသားများ
လှုပ်ရှားသွားလာနိုင်နေကြသည့်နောက်
အကြမ်းဖက်သတ်ဖြတ်မှုဟူသည်
ခြိမ်းခြောက်မဝနိုင်ပေတော့၏၊
အံ့သြမနေကြပါနှင့်တော့။မည်သို့ပင်ဖြစ်စေ နိုင်ငံသားအပေါင်းတို့ကား
ကျမ်းစူးခံကာ တူကြိမ်းကြိမ်းသူကြီးဘေးမှလည်းကောင်း၊
တော်စေလို၍ ထောင်ဆုချသူကြီးဘေးမှလည်းကောင်း၊
သူများကို အပစ်အခတ် ရပ်စဲရန် တိုက်တွန်း၍
ကိုယ်တိုင်က လက်နက်ကိုင်ကာ နယ်ကျူးလာသော
ဆွေမျိုးပေါက်ဖော်အိမ်နီးချင်းဘေးမှလည်းကောင်း
ကင်းဝေးကြပါစေကြောင်း ဆုတောင်းအပ်သတည်း။
ပြောင်းဖူးရိုး