ထိတ်လန့်စေသောအိပ်မက်များ သို့မဟုတ် သွေးလွန်တုပ်ကွေး

ယနေ့မိုးသည်းထန်စွာရွာနေသည်။ မြို့ထဲရှိမြောင်းများ ရေလျှံလျက်နေ့လည်ခင်းမှာပင် ပြည်သူအများဒုက္ခရောက်နေကြရ သည်။ လုံချည်အနားစများ စိုမှာစိုး၍ မပြီးလျှောက်နေကြသူများ၊ ကားပျက်၍စိတ်ညစ်နေကြသူများ၊ ချော်လဲကြသူများ စသဖြင့် မညှာတာသောမိုးစက်များအောက် အလျှိုလျှိုရုန်းကန်နေကြရသည်။ ကျွန်မကတော့မိုးလွတ်ရာ စောစီးစွာခိုနိုင်ခဲ့သူမို့ ကံကောင်းသည်ဟု ဆိုရသည်။ အရှိန်ပြင်းသောမိုးကြောင့် ရေစက်တစ်ချို့ကတော့ ကျွန်မဆီလာရောက်လွင့်စင်ကုန်သည်။ မိုးရာသီမှာ မွေးဖွားခဲ့သူအနေဖြင့် မိုးကိုငံ့လင့်မိသည်ဆိုသော်လည်း မိုးကြောင့် ဒုက္ခရောက်ရသူများကိုမြင်တော့ ကျွန်မအား နာမိရသည်။ မိုးကိုနှစ်သက်သူတို့ထဲတွင် လူသာမကအခြားသက်ရှိများလည်း ပါဝင်သေးသည်မဟုတ်လော။ ဗွတ်အိုင်များကို မြင်လျှင်ဖြင့် ကျွန်မသည်ရှောင်နင်းသွားလာရင်းက ယနေ့ခေတ်ကာလ၌ ခြိမ်းခြောက်နိုင်စွမ်းကြီးမားသော ရောဂါတစ်ခု၏ အဓိကတရားခံဖြစ်သော ခြင်ကိုသတိရသွားသေးသည်။ မနေ့က အလုပ်ခွင်ထဲရှိနေစဉ် လက်ခံမိသောဖုန်းကြောင့်ထိတ်လန့်သွားရသည်။ ကျွန်မနှင့်ညီအစ်မပမာခင်မင်ရင်းစွဲရှိနေသူ မိတ်ဆွေ၏ကလေးတစ်ယောက် သွေးလွန်တုပ်ကွေးဖြစ်လို့ ဆေးရုံတင်ထားရသည်တဲ့။ ဒါနဲ့ပဲစိုးရိမ်ပူပန်စွာပင် ရန်ကင်း ကလေးဆေးရုံကြီးသို့ ခြေဦးလှည့်ခဲ့သည်။ ဆေးရုံအဝင်ဝရောက်တော့ လူအများကြိတ်ကြိတ်တိုးနေသော အိုပီဒီတွင် ဆရာဝန် များ၊ သူနာပြုဆရာမများ၊ လူနာများသည် ချွေးကိုယ်စီပြန်လျက် အလုပ်ရှုပ်နေကြသည်။ ထိုအခိုက်မှာပင် ကျွန်မဆေးခန်းထိုင် စဉ်ကာလများဆီက သွေးလွန်တုပ်ကွေးခံစားရသူ ကလေးငယ်များကို သတိရသွားမိသည်။ ပထမဆုံးအချက်အနေဖြင့် သွေးလွန်တုပ်ကွေးသည် Aedes Aegypti ဟုခေါ်သော ခြင်ကျားကိုက်ခြင်းကြောင့်ဖြစ်ပြီး ယင်းမှာအပူပိုင်းဒေသတွင် အဖြစ်များလေ့ရှိသည်။ အဆိုပါခြင်ကျားမှ dengue fever ကို ဖြစ်စေသော ဗိုင်းရပ်စ်ပိုးကို သယ်ဆောင်၍လူကိုကူးစက်စေသည်။ ယင်းဗိုင်းရပ်စ်ပိုး၌အမျိုးအစားအခွဲလေးမျိုးရှိပြီး ယေဘုယျအားဖြင့် တစ်ခါကူးစက်ပြီး လျှင် တစ်သက်တာခုခံအား(life long immunity) ကိုရသွားသည်။ သို့ရာ၌ ပထမအကြိမ်သွေးလွန်တုပ်ကွေးဖြစ်စဉ် က ဗိုင်းရပ်စ်အမျိုးအစားနှင့် ဒုတိယအကြိမ်ဖြစ်ပွားသည့် ဗိုင်းရပ်စ်အမျိုးအစားမတူလျှင်တော့ ထိုလူတွင်ခုခံ အားစနစ်မရှိ၍ သွေးလွန်တုပ်ကွေးပြန်ဖြစ်သည်။ ယခုခေတ်၌ သွေးလွန်တုပ်ကွေးသည် အသက်အရွယ်မရွေးဖြစ်ပွား နိုင်ပြီး၊ အထူးသဖြင့်ယခုလို မိုးရာသီကာလသည် ခြိမ်းခြောက်မှုအများဆုံးကာလဟုညွှန်းဆိုရမည်သာ။ သွေးလွန်တုပ်ကွေးသည် အခြားတုပ်ကွေးများအတိုင်း ကိုယ်လက် ကိုက်ခဲကာကိုယ်အပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက်ထိ မြင့်မားစေတတ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဖော်ပြချက်၌နှစ်စဉ် သွေးလွန်တုပ်ကွေးဖြစ်ပွားသူသည် တစ်ကမ္ဘာလုံးအားဖြင့် သန်း ၅၀မှ သန်း ၁၀ဝ ကျော်၌ ဖြစ်ပွားလျက်ရှိကြောင်းပါရှိသည်။ ပြင်းထန်သော dengue fever အား ၁၉၅၀ ခုနှစ် ဖိလစ်ပိုင်နှင့်ထိုင်းနိုင်ငံတို့တွင် စတင်တွေ့ရှိခဲ့သည်။ ၂၀ဝ၉ ခုနှစ် WHO ၏ ထုတ်ပြန်ချက်အရ သွေးလွန်တုပ်ကွေးကို uncomplicated(မပြင်းထန်သော ) နှင့် severe (ပြင်းထန်သော) တုပ်ကွေးဟူ၍ ယေဘုယျအားဖြင့်နှစ်မျိုးသာပိုင်းပြထားသည်။ ဆေးပညာတွင် သွေးလွန်တုပ်ကွေးကို အဆင့်လေးဆင့်သတ်မှတ်ထားပြီး အဆင့် ၁ သည် လူသိများသည့် လက္ခဏာရပ်များဖြစ်သော အရေပြား၌အနီစက်များတွေ့ ရှိခြင်း၊ အပြင်းဖျားခြင်းတို့ဖြစ်သည်။ အဆင့် ၂ တွင်သွေးယိုစိမ့်မှုများ စတင်ကာ အရေပြားအပြင်အခြားအစိတ်အပိုင်းများ၌ သွေးကြောစိမ့်ဝင်နိုင်မှုများခြင်းကြောင့် ကော်ဖီရောင်အန်ခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ ဝမ်းမည်းသွားခြင်း။ အဆင့် ၃ တွင် အဆိုပါသွေးယိုစိမ့်မှုလွန်ကဲခြင်းကြောင့် shock(သွေးလန့်ခြင်း) ဖြစ်ကာအဆင့် ၄ တွင် အဆိုးဝါးဆုံးအနေဖြင့် သွေးပေါင် ချိန်နှင့်သွေးခုန်နှုန်းစမ်းမရသည့် ကုသ၍မရနိုင်တော့သော သွေးလန့်ခြင်းဖြစ်ကာ အသက်ဆုံးရှုံးရခြင်းထိပြင်းထန်နိုင်သည်။ သတိထားရမည့်အချက်မှာအပြင်းဖျားနေရာမှ ရုတ်တရက်ကိုယ်အပူချိန်ကျသွားခြင်း၊ ဗိုက်အောင့်ခြင်း၊ သွေးယိုခြင်းတို့တွေ့ လျှင် အရေးပေါ်လက္ခဏာအဖြစ် သိရှိရမည်ဖြစ်ပြီး ဆေးရုံသို့အမြန်ဆုံးပို့သင့်သည်။ အဆင့် ၃ နှင့် ၄ အား Dengue Shock Syndrome ဟု သတ်မှတ်ထားပြီး ထိုအဆင့်၌ ဆလိုင်းချိတ်ခြင်း၊ သွေးသွင်းခြင်းမှ အသက်ဆုံးသည်အထိ ပြင်းထန်နိုင်သော ကြောင့် မပေါ့ဆသင့်ပါ။ သွေးလွန်တုပ်ကွေးသည် ကာကွယ်နိုင်သောရောဂါဖြစ်သောကြောင့် ဖုံး၊သွန်၊လဲ၊စစ်အစရှိသော ကျန်းမာရေးဦးစီဌာနမှထုတ် လွှင့်သော အသိပညာ ပေးအစီအစဉ်များအတိုင်း လိုက်နာဆောင်ရွက်သင့်သည်။ မိမိပတ်ဝန်းကျင်မှ သွေးလွန်တုပ်ကွေးဖြစ်နေ သူရှိလျှင် အထူးသတိထားကာကြိုတင် ကာကွယ်မှုများပြုလုပ်သင့်သည်။ ကာကွယ်ဆေးထုတ်ရာတွင် ဗိုင်းရပ်စ်လေးမျိုးလုံး ကိုကာကွယ်နိုင်မည့် tertravalent vaccine ဖြစ်မှသာ လုံးဝကာကွယ်နိုင်ပေမည်။ WHO မှ ကာကွယ်ဆေးထုတ်ရန် သုတေသနအစီစဉ်များအတွက် နည်းပညာအကူအညီနှင့် လမ်းညွှန်ချက်များချမှတ်ထားသည်။ သုတေသနအများစု၏ရလဒ်မှာ ဗိုင်းရပ်စ်အမျိုးအစားနှစ်မျိုး သို့မဟုတ် သုံးမျိုးကိုသာ ကာကွယ်ပေးနိုင်ပြီး အချို့ကိုမူစမ်းသပ်ဆဲ ကာလ၌သာထားရှိသေး သည်။ သွေးလွန်တုပ်ကွေးသည် ကျေးလက်မြို့ပြမရွေးဖြစ်ပွားနိုင်ပြီး ရန်ကင်းကလေးဆေးရုံ၏ ပြင်ပလူနာဌာနသို့လာရောက်ပြသ သူများ၏ ၇၀% သည် သွေးလွန်တုပ်ကွေးဖြစ်ကာထိုထဲမှ တစ်ဝက်သည်ဆေးရုံ၌ အထူးကုသနေရသော အရေးကြီးလူနာများ ဖြစ်ကြောင်း ရန်ကင်းကလေးဆေးရုံ၌ တာဝန်ကျနေသူဆရာဝန်တစ်ဦးကပြောပြသည်။ အထူးသဖြင့် အသက် ၅ နှစ် မှ ၁၅ နှစ် အတွင်းကလေးများ၌အဖြစ်များနေပြီး ထူးဆန်သည်မှာ အသက်တစ်နှစ်အောက်ကလေး၌ပင် (Infant Dengue) ကလေး သွေးလွန်တုပ်ကွေး ဖြစ်နေကြောင်း၊ ကလေးများတွင်မူအနီစက်များပေါ်ခြင်း၊ ဖျားခြင်း၊ မှိန်းခြင်း၊ နို့မစို့နိုင်ခြင်းစသည့် သာမညလက္ခဏာများပြတတ်ကြောင်း တာဝန်ကျဆရာဝန်က ပြောကြားခဲ့သည်။ ခုဆိုတစ်ဆေးရုံလုံးက လန့်နေရတယ်၊ ရောက်တာနဲ့ dengue မဟုတ်ပါစေနဲ့ ဆုတောင်းနေရတယ်၊ dengue က ၄ နှစ်တစ် ခလောက် outbreak ဖြစ်တတ်တော့သည်နှစ်ရဲ့ outbreak ရာသီ(ပျံ့နှံ့ကာလ)လို့ပြောရမယ်။ ခုဆိုကလေးမိဘတွေရော၊ ကျန်းမာရေးဝန်ထမ်းတွေပါ အထိတ်တလန့်ဖြစ်နေရပြီ။ သွေးသွင်းရသူတွေရှိသလိုရှော့ခ်ကြောင့် သေဆုံးရသူတွေလည်းရှိ တယ် ဟု ယင်းက ထပ်မံဖြည့်စွက်ပြောကြားသည်။ ကုသမှုအနေဖြင့် စောင့်ကြည့်ခြင်း၊ ဓာတ်ဆားတိုက်ခြင်း၊ fluid replacement ဟုခေါ်သော ဆုံးရှုံးသည့်အရည်ပမာဏ အား အကြောထဲမှ ပြန်သွင်းခြင်းတို့ဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမှု ခြင်မကိုက်အောင် ကာကွယ်နိုင်ရုံဖြင့် ဤရောဂါကို ထိတ်လန့်နေစရာလိုမည်မဟုတ်ပါ။ မိတ်ဆွေ၏ကလေးသည် grade 2 အဆင့်၌ရှိပြီး ကုသမှုစောစီးစွာခံ ယူနိုင်သောကြောင့် ကံကောင်းပါသည်။ ဆေးရုံမှ အထွက်မိုးကသည်းလို့ ကောင်းဆဲဖြစ်ပြီး ကျွန်မ၏အတွေးစ၌စိုးရိမ်ပူပန်သူမိဘများ၊ ဝေဒနာရှင်ကလေးငယ်များ၊ အလုပ်ရှုပ် နေကြသော ကျန်းမာရေးဝန်ထမ်းများကို ကြည့်ကာ မိုးကိုပဲကျိန်ဆဲရမလား၊ ခြင်ကျားတွေကိုပဲနှိမ်နှင်းပစ်ရမလား မဝေခွဲတတ် ပါ။ သေချာသည်တစ်ခုက ကာကွယ်ခြင်းသည်ကုသခြင်းထက် ကောင်းသည်ဟူသော စကားအတိုင်းပင်ပြည်သူတစ်ရပ်လုံး အသက်အရွယ်၊ ကျား/မ မရွေးစနစ်တကျကာကွယ်ကြပါက ကျွန်မတို့ထိတ်လန့်နေရသည့် အိပ်မက်များမှ လွတ်မြောက်နိုးထ ခွင့် တစ်ဖန်ရရှိလိမ့်မည်ဟုယူဆမိပါတော့သည်။ လင်းစက်နွယ်

Leave a Reply

Your email address will not be published. Required fields are marked *