အရေးတော်ပုံ ပျော်ပွဲရွှင်ပွဲကြီး

၁၉၈၈
ကြွေးကြော်သံများ။ တောင်းဆိုသံများ။ ဆန့်ကျင်သံများအပြည်ပြည် အနယ်နယ်ပြန့်သွား၏။ တစ်ရက်ပြီးတစ်ရက် စည်ကား သထက် စည်ကား လာသည်။ အောင်ပွဲတွေ အဆင့်ဆင့်ရခဲ့သည်။ လှည်းနေလှေအောင်း ကားဂိုဒေါင်မကျန် လူထုကြီး တစ်ရပ် လုံး အင်တိုက်အားတိုက်ပါဝင်ခဲ့သော လူထုဆန္ဒထုတ်ဖော်ပွဲကြီး။ ကမ္ဘာသမိုင်းစာမျက်နှာများတွင်ပါ မှတ်တမ်းတင်နိုင်ခဲ့သည့် ပွဲကောင်း။ အဆိုပါ ပွဲကြီးပွဲကောင်းတကာတွင် အာကာပိုင်စိုးတစ်ယောက်မည် သို့ဖြတ်သန်း ခဲ့လေသနည်း။
ဟုတ်ကဲ့။ ၁၉၈၇ ခုနှစ်ဖွား အာကာပိုင်စိုးသည် အဆိုပါကာလတွင် တစ်နှစ်တင်းတင်းပြည့်ပြီး ရက်ပိုင်းမျှသာစွန်းသေး၏။ ဆိုတော့ကာ အမျိုးသားစိတ်ဓာတ်အပြည့်ဖြင့် နို့ဘူးပြွတ်ပြွတ်ပတ်စို့ကာ ဖြတ်သန်းခဲ့ပါ သည်ဟု ယခုအချိန်တွင် ပြန်လည် ဖော်ထုတ် ရေးသားသော်လွန်အံ့မထင်။
၁၉၉၆
လှည်းတန်းတွင် စပွင့်ခဲ့သည့် မီးပွား။ ကမ္ဘာမကျေသည့် ကျောင်းသားများ။ အာဏာရှင်မှန်သမျှကို ခေါင်းငုံ့ခံလေ့မရှိသည့် ကျောင်းသားများ။ ဆန္ဒပြပွဲများက ဓာတ်ဆီတိုင်ကီအပေါ် မီးပွားကျသွားသည့်အလားတစ်မု ဟုတ်ချင်း ဟုန်းဟုန်းထသွား သည်။ နှစ်ကာလအတန်ကြာ ငုပ်လျှိုးခဲ့ရသော ဒေါင်းစိတ်ဒေါင်းမာန်များ ပြန်လည်တက်ကြွလာကြသည်။ ဟစ်ကြွေးသံ များက ဒေါင်းအလံနှင့်အတူပျံ့လွင့်ခဲ့လေပြီ။ အဆိုပါကာလတွင်လည်း ရဲဘော်အာကာပိုင်စိုးတစ်ယောက် မည်သို့ဖြတ် ကျော်ခဲ့လေသနည်း။
ဟုတ်ကဲ့။ သားသားက ၈ နှစ်ကျော်ပဲရှိသေးတာကိုး။ ဘာသိတာမှတ် လို့။ မာရီယိုဂိမ်းလေးဆော့ပြီး အိမ်ထဲမှာပဲနှပ်နေ တာပေါ့။
၂ဝဝ၇
လမ်းအပြည့် ရွှေဝါရောင်သင်္ကန်းများ။ အေးချမ်းလှသည့် မေတ္တာပို့သသံ။ တဖျပ်ဖျပ်လွင့်နေသည့်သာသနာ့အလံတော်။ ကမ္ဘာ ပေါ်တွင် သံဃာအင်အား အများဆုံးပါဝင်ခဲ့သည့် သမိုင်းဝင်ဆန္ဒပြပွဲကြီး။ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ကြီးမားကျယ် ပြန့်ခဲ့သည့် ဆန္ဒပြပွဲကြီး။ တစ်နည်း၊ အာဏာရှင် ခြေလှမ်းများ ယိုင်နဲ့သွားစေသည့် ဆန္ဒပြပွဲကြီး။
ဒီတစ်ခါတော့ အရွယ်ရောက်နေပြီဖြစ်သည့် အာကာပိုင်စိုး၏ အမျိုးသားရေး လက္ခဏာများ ဖော်ပြခွင့်ရမည့် မဟာအခွင့် အရေးကြီးပင်။ အဆိုပါအခွင့်အရေးကြီးကို အာကာပိုင်စိုးတစ်ယောက်မည်ကဲ့သို့ ဖမ်းယူဆုပ်ကိုင်ခဲ့လေသနည်း။
အမှန်တော့ အာကာပိုင်စိုး၏ မျိုးရိုးသည် ခေသူများမဟုတ်။ ဘကြီး ဖြစ်သူ အာကာဝေယံသည် ၆၂ သမဂ္ဂအဆောက်အအုံကြီး ဖြိုဖျက်ခံရစဉ်က တပ်ဦးတွင် ပါဝင်ခဲ့ဖူးသလို ဖခင်ဖြစ်သူ အာကာမိုးမြင့်သည်လည်း ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့်ပွဲ များ တွင် တက်တက်ကြွကြွပါဝင်လှုပ်ရှားခဲ့ သူများဖြစ်ကြသည်။ ဆိုတော့ကာ အာကာပိုင်စိုးသည်လည်း မျိုးရိုးအစဉ်အလာကို စောင့်ထိန်းသောအားဖြင့် လက်မနှေးခဲ့ပေ။
စနစ်တကျ စီတန်းကြွလှမ်းလာသည့် သံဃာထုကြီးကို ရဲရဲတောက် လက်ခုပ်တီးအားပေးခဲ့သည်။ သို့သော် သိပ်မကြာလိုက်။ ကာဖြူးထွက် လာသည့်နောက်ပိုင်းတွင်တော့ အိမ်ထဲက အိမ်ပြင်မထွက်တော့။ အဖေအမေ တွေကပဲ စိုးရိမ်လို့ပေး မထွက် သလိုလို။ အန်တီ၊ မမတွေကပဲ အိမ်သော့ကို အတင်းသိမ်းထားလို့ ထွက်မရတော့သလိုလို။ ဒီဗွီဘီကြည့်တာတောင် အိမ်တံခါး များကို အလုံပိတ်ပြီးမှကြည့်ခဲ့သည်။
၂ဝ၁၃
ဂျာနယ်များ ရဲရဲတောက်ကာလ။ ရန်ကုန်မြို့တွင် ချိုင့်လုံးဝမရှိသည့် လမ်းကို ရှာတွေ့ချင်တွေ့မည်။ ၈၈ ခေါင်းဆောင်များနှင့် ဒေါ်စုပုံမပါသည့် ဂျာနယ်များကို ရှာတွေ့ဖို့ရာ မလွယ်သည့်ကာလ။
ထိုသို့သော ကာလရောက်သည့်အခါ အမျိုးသားရေးစိတ်အခံပြင်းပြ သော အာကာပိုင်စိုးတစ်ယောက်အတွက် ပွဲတွေ့လေတော့ သည်။ လက်ဖက် ရည်ဆိုင်များတွင် မင်းကိုနိုင်၊ ကိုကိုကြီးဆိုသည့် နာမည်များကို မနားမနေ ရွတ်နေပါက မည်သူနည်းဟု မမေးလေနှင့်။ ကျော်ကိုကိုဆိုတာဘာ၊ သမဂ္ဂ ဆိုတာညာ၊ ဘာဘာညာညာ ဟောင်ဖွာဟောင်ဖွာ လုပ်နေလျှင်မည်သူနည်း ဟု မစူးစမ်းလေနှင့်။ အာကာပိုင်စိုးမှ တစ်ပါးအခြားမရှိပြီ။
ယခုလည်း ရှစ်လေးလုံး ငွေရတုအကြိုပွဲတော်ဟုဆိုကာ ရပ်ကွက်ထဲမှ ချာတိတ်များကို စည်းရုံးပြီး ပွဲတော်ကြီးတစ်ခု ကျင်းပ ရန်ကြံနေသည်။ အဆိုပါ ပွဲတော်တွင် ဘောလုံးပွဲ၊ ထုပ်ဆီးတိုးပွဲ၊ ပြေးပွဲပြိုင်ပွဲများထည့်ကာ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပမည်ဟု ရပ်ကွက်တကာလှည့်ကာ ြွေကးကြော်နေ လေသည်။ ဆုကြေးများထိုက်ထိုက်တန်တန် ချီးမြှင့်နိုင်ရန် အတွက်လည်း နာမည်ကျော်ကုမ္ပဏီကြီးများထံမှ စပွန်ဆာတောင်းရန်ပါ အစီအစဉ်ရှိနေ သည်။ ဆုပေးပွဲကိုလည်း ၈၈ ကျောင်းသား ခေါင်းဆောင်ကြီးများကို ဖိတ်၍ ချီးမြှင့်ခိုင်းမည်ဟု ဆိုလေသည်။ အနီးအနားမှ လူငယ်များကလည်း အားပေးထောက်ခံ ကြလေ၏။
နားလည်သည့် လူကြီးများက ၈၈ ဆိုသည်မှာ လွတ်လပ်ရေးနေ့နှင့် အနှစ်သာရမတူကြောင်း။ ပျော်ပွဲရွှင်ပွဲများ မပြုလုပ်သင့် ကြောင်း ရှင်းပြသော်လည်း အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်လွန်းနေသည့် အာကာပိုင်စိုး အနေဖြင့် နိုးမှနိုးဖြစ်နေသည်။ မည်သို့မျှ တား၍မရ။ ပွဲတော်နာမည်ကိုပဲ ပေးထားပြီးဟု ဆိုလေသည်။ ပွဲတော်နာမည်မှာ

”အရေးတော်ပုံ ပျော်ပွဲရွှင်ပွဲကြီး”

မြေမှုန်လွင်

Leave a Reply

Your email address will not be published.