ခွပ်ဒေါင်းစိတ်ဓာတ်ဆိုသည်မှာ ဖိနှိပ်သူကို မျက်ဆံကျွတ်အောင်ခွပ်မည့်စိတ်ဓာတ်ဖြစ်

ခွပ်ဒေါင်းစိတ်ဓာတ်ဆိုတာကတော့ တိုက်ပွဲဝင်တဲ့စိတ်ဓာတ်ပဲ။ ဒါပေမဲ့ ခွပ်ဒေါင်းကိုကျောင်းသားတွေကလည်း ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်းပြောဖူးတယ်။ ဘာလဲဆိုတော့ ခွပ်ဒေါင်းဆိုတိုင်းလည်း တစ်ချိန်လုံးခွပ်နေလို့ မရဘူးတဲ့။ ငြိမ်းချမ်းရေးရတဲ့အချိန်မှာ ကဖို့လည်းလိုပါတယ်ပေါ့။ အမြဲတမ်းခွပ်နေဖို့မဟုတ်ဘူး။ တစ်ချိန်လုံးတိုက်ပွဲဝင်နေဖို့မှ မဟုတ် တာကိုး။ သို့သော် ခွပ်ဒေါင်းစိတ်ဓာတ်ဆိုရင် ကျောင်းသားစိတ်ဓာတ်၊ မဟုတ်မခံဘူး၊ တိုက်ပွဲဝင်မယ်၊ မတရားတာကိုမခံဘူး၊ ဖိနှိပ်တာကိုမခံဘူးဆိုတဲ့ အမှန်တရားအတွက် စွန့်လွှတ်ရဲတဲ့စိတ်ဓာတ်ကို ခွပ်ဒေါင်းစိတ်ဓာတ်လို့ခေါ်တယ် ဟု ၆၂ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဦးစိုးသိန်း(သတင်းစာဆရာမောင်ဝံသ)က ပဲ့တင်သံဂျာနယ်နှင့်တွေ့ဆုံရာတွင် အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပါသည်။

ခွပ်ဒေါင်းအလံကိုလွှင့်ထူပြီး အာဏာရှင်အဆက်ဆက်အား တော်လှန်ခဲ့ရာတွင် ကျောင်းသားထုတစ်ရပ်လုံး၏ ရင်ထဲသို့ ခွပ်ဒေါင်းစိတ်ဓာတ်ကိန်းဝပ်သွားစေရန်ကြွေးကြော်ခဲ့သောဟောပြောချက်များနှင့်ပတ်သက်၍ ယင်းကပြောရာတွင် ကျွန်တော်တို့ကျောင်းသားလှုပ်ရှားမှုမှာ စင်ပေါ်တက်စကားပြောတဲ့အခါသွေးဆူတာပေါ့ဗျာ။ အနောက်မှာ ခွပ်ဒေါင်း အလံကြီးကလည်း ရှိနေတယ်။ အဲဒီမှာ ကျွန်တော်တို့က ခွပ်ဒေါင်းအလံကို ညွန်ပြပြီး ဒေါင်းကိုကြည့်၊ ခင်ဗျားတို့သိဖို့က ဒါဟာ ကဒေါင်းမဟုတ်ဘူး။ ခွပ်နေတဲ့ဒေါင်း၊ ဖိနှိပ်တဲ့သူတွေကို မျက်ဆံကျွတ်ထွက်အောင်ခွပ်မယ့်ဒေါင်းဆိုပြီးဟောပြောတာပေါ့။ တစ်လျှောက်လုံးမှာ အတိုက်အခံဘဝမှာနေလေတော့ ဖိနှိပ်ချုပ်ချယ်တဲ့သူတွေကို မျက်ဆံကျွတ်အောင်ခွပ် မယ့်ဒေါင်းဆိုတာလည်း ခွပ်ဒေါင်းစိတ်ဓာတ်လို့ ပြောနိုင်ပါတယ် ဟု ပြောသည်။

ခွပ်ဒေါင်းကို ကျောင်းသားအလံအဖြစ် စတင်သုံးစွဲခဲ့ပုံနှင့်ပတ်သက်၍ အမြင်အမျိုးမျိုးရှိပုံကို ပြောရာတွင်လည်း ၁၉၂၀ ခုနှစ်တွင် ပထမကျောင်းသားသပိတ်(အမျိုးသားအောင်ပွဲနေ့)မှာ ကိုင်စွဲခဲ့သောအလံမှာ ကိုယ့်ဘုရင်၊ ကိုယ့်မင်းကိုယ့်ချင်းဆို သော အဓိပ္ပါယ်နှင့် ဗမာဘုရင်အလံကို ကိုယ်စားပြုသော ဗမာဦးစွန်းကို ဆက်လက်ခံယူခြင်းအနေဖြင့် ကဒေါင်းအလံဖြစ်ခဲ့ ကြောင်းကို ဆရာပါရဂူဆီမှကြားသိခဲ့ရပြီး၊ နောက်ထပ်အမြင်တစ်မျိုးမှာ ၁၃၀ဝ ပြည့်အရေးတော်ပုံတွင် ဗမာဘုရင်ကို ပြန်လည်တမ်းတသည်ဟု ဗြိတိသျှအစိုးရက ယူဆသဖြင့် တားမြစ်ပိတ်ပင်ခဲ့ခြင်းကြောင့် ကဒေါင်းမှခွပ်ဒေါင်းသို့ ပြောင်းလဲလာသည်ဟု စစ်ကြိုခေတ်အမြင်(Pre-War Version)အဖြစ် ဆရာဒဂုန်တာရာထံမှ ကြားသိခဲ့ရကြောင်း၊ ခွပ်ဒေါင်းမှာ စစ်ပြီးခေတ်ကျောင်းသားသမဂ္ဂများတွင် စတင်သုံးစွဲသည်ဟူသော အမြင်လည်းရှိသေးကြောင်းပြောသည်။

မည်သို့ပင်ဆိုစေ ခေတ်အဆက်ဆက်ကျောင်းသားများ ခွပ်ဒေါင်းအလံကို လက်ဆင့်ကမ်းသယ်ဆောင်ကိုင်စွဲလာခြင်း အပေါ် ဆရာမောင်ဝံသက ခွပ်ဒေါင်းဆိုတာ ၆၂ မျိုးဆက်တွေရှေ့က နောင်တော်ညီအစ်ကိုတွေကိုင်စွဲခဲ့လို့ ဆက်လက်ကိုင်စွဲခဲ့ကြတာ။ နောက်ပိုင်းမှာလည်း ၆၉ မျိုးဆက်(ကျွန်းဆွယ်အားကစားပွဲကျောင်းသားအရေးအခင်း)၊ ၇၀မျိုးဆက်(တက္ကသိုလ်ရွှေရတုနှင့် ကျောင်းသားပွဲတော်)၊ ၇၄ မျိုးဆက်(ဦးသန့်အရေးအခင်း)၊ ၇၆ မျိုးဆက်(မှိုင်းရာပြည့် အရေးအခင်း)၊ နောက်ပိုင်းမှာ ၈၈ မျိုးဆက်၊ ၉၆ မျိုးဆက်၊ ၂၀ဝ၇ မျိုးဆက်တွေကလည်း ဒီခွပ်ဒေါင်းအလံနဲ့ ခွပ်ဒေါင်း စိတ်ဓာတ်ကိုပဲဆက်လက်ကိုင်စွဲခဲ့ကြ တယ် ဟုပြောသည်။

မူရင်းခွပ်ဒေါင်းအလံတွင် ကြယ်မပါကြောင်းနှင့်ခွပ်ဒေါင်းမှာ ကျောင်းသားအလံဖြစ်သည့်အတွက် ကျောင်းသားထုတစ်ရပ်လုံး ၏ မူပိုင်သာဖြစ်ကြောင်း၊ ခွပ်ဒေါင်းအလံ၊ ခွပ်ဒေါင်းစိတ်ဓာတ်ကို နောင်မျိုးဆက်သစ်ကျောင်းသားများအစဉ်အလာမပျက် ဆက်လက်သယ်ဆောင်သွားမည်ဟု ယုံကြည်ကြောင်း ၆၂ မျိုးဆက်ကျောင်းသား ပဲခူးစိုးသိန်း(သတင်းစာဆရာ မောင်ဝံသ) က ပြောသည်။

ဝ၂၆

Leave a Reply

Your email address will not be published.