သွေးခင်းသောလမ်းကို လျှောက်နေကြသူများနှင့်အမျှဝေ၍ သာဓုခေါ်ရန် ကျန်နေသူများ

သွေးခင်းသောလမ်းကို လျှောက်နေကြသူများနှင့်အမျှဝေ၍ သာဓုခေါ်ရန် ကျန်နေသူများ
ရှစ်ဆယ့်ရှစ်(၂၅)နှစ်ပြည့် ငွေရတုအထိမ်းအမှတ်သည် မကြာမီ ကျရောက်တော့မည်ဖြစ်၍ ရှစ်လေးလုံး အရေးတော်ပုံကာလတွင် ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ရသော ကျောင်းသား/သူ၊ ရဟန်းရှင်လူ လုပ်သားပြည်သူအပေါင်းတို့၏ နှလုံးရည် စွမ်းဆောင်မှုများသည် ယနေ့အချိန်တွင် အနည်းငယ် မှေးမှိန်ပျောက်ကွယ်နေသလို ထိုအရေးတော်ပုံတွင် အသက်ပေးစတေးခံရသူတို့၏ ရည်မှန်းချက်ပန်းတိုင်းမှာ မည်သည့်အနေအထားအထိရောက်နေကြောင်း ကျဆုံးခဲ့ရသူများအား ယခုအခါ မည်သည့်အခန်းကဏ္ဍတွင် မိမိတို့၏စိတ်တွင်း၌ မှတ်တမ်းတင်ထားသူများရှိနေပြီး မည်ကဲ့သို့ ဂုဏ်ပြုသင့်ကြောင်း လူထုအလွှာအသီးသီးမှ ၈၈ ရှင်သန်နေဆဲ ပုဂ္ဂိုလ်များ၏ ရင်လှိုင်းခတ်သံများကို နိုင်ငံသားအသံမှ စုစည်းတင်ပြလိုက်ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
သဘာပတိ ဦးဝင်းတင် ၈၈ ကနေ ကာလတစ်လျှောက်လုံး စစ်အာဏာရှင်တွေက အခုထိလည်း မချုပ်ငြိမ်းသေးဘူး။ အခုထိလည်း ဖမ်းဆီးတုန်းပဲ။ ပြောရရင် ၈၈ ကာလမှာ ကျဆုံးခဲ့တဲ့သူတွေကို အမြဲတမ်းသတိရဂုဏ်ပြုနေမယ်။ အမြဲတမ်းစံနမူနာထားနေမယ်။ စိတ်ဓာတ် မယ်။ အမြဲတမ်း ဒီအရေးတော်ပုံက လူတွေချမှတ်ခဲ့တာတွေကို မမှိတ်မသုန်လိုက်နေတယ်ဆိုတာ ရှိရုံနဲ့ မပြီးဘူး။ ရှစ်လေးလုံးကာလတစ်ခုထဲမဟုတ်ဘဲ ၈၈ ဂယက်တွေ လမ်းစဉ်တွေကို ဆက်ပြီးလျှောက်တဲ့ အခါမှာ အကုန်လုံး သွေးခင်းသောလမ်းကို လျှောက်ခဲ့ကြရတာပဲ။ ဒီနေ့ရှစ်လေးလုံးကို ပြုလုပ်တဲ့ပွဲက Ceremony အခမ်းအနားမဟုတ်ဘူး။ ဒီလိုအခမ်းအနား မဟုတ်တဲ့အတွက် ရှစ်လေးလုံးလိုအခမ်းအနား မပြုလုပ်သင့်ဘူးလို့ယူဆတယ်။ ရှစ်လေးလုံးက အခမ်း အနားမဟုတ်ဘူး။ ရှစ်လေးလုံးကစိတ်ဓာတ်ပဲ။ စိတ်ဓာတ်ဆိုတာ ရှင်သန်နေအောင် အမြဲတမ်းပြုလုပ်ရမယ်။ ရှင်သန်တဲ့ စိတ်ဓာတ်တွေကို ကျင့်သုံးမှုမှာလည်း လိုအပ်သလို နောက်ထပ် မတရားမှုတွေပေါ်ရင် ဒီမိုကရေစီအစိုးရပဲဖြစ်နေပါစေ ရှစ်လေးလုံးစိတ်ဓာတ်တွေက ဆက်ပြီးအကောင်အထည်ဖော်နေရမှာပါပဲ။
ဥုးပဏ္ဏာဝံသ(ဦးပြည်ကျော်) (ရွှေဝါရောင်ဦးဆောင်ဆရာတော်)
၈၈ ကကျောင်းသား/သူရဟန်းရှင်လူလုပ်သား ပြည်သူတွေကို အောက်မေ့ဖွယ်အနေနဲ့တင်မကဘဲနဲ့ သူတို့တွေက တကယ်ကိုပဲ ဒီမိုကရေစီကို နှစ်နှစ်ကာကာနဲ့ အလိုရှိကြတယ်။ သူတို့တွေရဲ့ မျှော်လင့်ချက်ကလည်း ဒီမိုကရေစီပဲဆိုတာကို ကျန်ရှိနေတဲ့ ဆွေတော်သူကော၊ ဆွေမတော်သူကော၊ အမျိုးတော်သူ မတော်သူကော၊ အာလုံးပြည်သူလူထုတွေအနေနဲ့ တသသ အောက်မေ့ပြီးတော့ ကျဆုံးသွားလေပြီးတဲ့ ဒီအာဇာနည်ကျောင်းသား/သူ၊ ရဟန်းရှင်လူ လုပ်သားပြည်သူတွေရဲ့အပေါ်မှာ ကျေးဇူးတရားမမေ့တဲ့အနေနဲ့ သူတို့ လိုလားတဲ့ပန်းတိုင်တွေကို မရောက်ရောက်အောင် ကြံနေတဲ့ သူတွေကနေပြီး ဆက်လက်ဆောင်ရွက်သွား ဖို့လိုတယ်ဆိုတာ ဦးဇင်းအနေနဲ့ပြောချင်တယ်။ ဒီမိုကရေစီ ပရိသတ်တွေအနေနဲ့ အဲဒီ ၈၈ အရေးအခင်းကာလမှာ ကျဆုံးသွားတဲ့သူတွေကို အောက်မေ့တဲ့ အောက်မေ့ဖွယ်အနေနဲ့ တသသနဲ့ ဖြစ်နေစေဖို့ရာ အမြဲတမ်းလိုအပ်ပါတယ်။ ဒီလာမယ့် ၈၈ ငွေရတုအခမ်းအနားကို ခြိမ့်ခြိမ့်သဲပါဝင်ဆင်နွှဲကြဖို့ကိုလည်း တိုက်တွန်းလိုပါတယ်။
ရွှေကူမေနှင်း
ကျွန်မတို့ရနေတဲ့ ဒီမိုကရေစီအနှစ်သာရလေးတွေအတွက်ကို အခုရနေခဲ့တာ။ ကျဆုံးသွားတဲ့သူတွေရဲ့ အရင်းအနှီးတွေဖြစ်တဲ့အတွက် ကျွန်မဆိုခံစားခွင့်တွေ ရတိုင်းရတိုင်းမှာ အဲဒီလူတွေရဲ့ ကျေးဇူးကို ဘယ်တော့မှမမေ့ပါဘူး။
ကိုမြအေး(၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်)
တိုင်းပြည်တစ်ခုအပြောင်းအလဲနဲ့ပတ်သက်ပြီးတော့မှ ရှစ်လေးလုံးအရေးတော်ပုံကြီးက ကျွန်တော်တို့ နိုင်ငံအပြောင်းအလဲအတွက် အင်မတန်မှ အရေးပါတဲ့ မြန်မာ့နိုင်ငံရေးအခန်းကဏ္ဍမှာ အရမ်းအရေးပါတဲ့ အခန်းကဏ္ဍကြီးတစ်ခုဖြစ်တယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီးက တစ်စုံတစ်ယောက်၊ တစ်ဦးတစ်ဖွဲ့က လုပ်တာမဟုတ်ဘူး။ အားလုံးပြည်သူတစ်ရပ်လုံး ပိုင်ဆိုင်တယ်။ သမိုင်းတစ်ခုကို စဉ်းစားမယ်ဆိုရင် သမိုင်းက ထင်ရှားကျော်စောတဲ့ လူတွေလည်း ကမ္ပည်းတင်လေ့ရှိတယ်ဆိုတာ ဒီထင်ရှားကျော်စောတဲ့လူတွေ ကမ္ပည်းတင်နိုင်အောင် ဘက်ပေါင်းစုံစွန့်လွှတ်စတေး ခဲ့တဲ့လူတွေရဲ့ တန်ဖိုးက ပိုပြီးကြီးကျယ်ပါတယ်။
နိုဘယ်အေး(နိုင်ငံရေးအကျဉ်းသူ)
ကျွန်မကို နိုင်ငံရေးအသိပေးခဲ့တာက ရှစ်ဆယ့်ရှစ်ဒီမိုကရေစီ အရေးတော်ပုံကြီးကနေ နိုင်ငံရေးအသိတွေပေးခဲ့တာပါ။ ဒီမိုကရေစီဆိုတာ ဘာလဲဆိုတာ လေ့လာဖြစ်အောင်လည်း ကျွန်မကို အသိတစ်ခုစတင်ပေးခဲ့တယ်။ ဒီနေ့အထိ ကိုယ့်တိုင်းပြည် ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ဖို့အရေးအတွက် ကျွန်မတို့လည်း အုတ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့ ဒီနေ့ဒီအချိန်ထိ ပါဝင်နေခဲ့သေးတယ်။ ဒီနေ့ဒီအချိန်မှာ ကျွန်မက ဒီနိုင်ငံရေးလမ်းကြောင်းပေါ်ကို ရောက်ရှိခဲ့တဲ့အချိန်မှာ သွေးမြေကျခဲ့တဲ့ သူတွေရဲ့အသံတွေကို ကျွန်မနားထဲမှာ ဒီနေ့ဒီအချိန်ထိ မထွက်သေးပါဘူး။ ဒီနေ့အချိန်မှာ ကျွန်မတို့တွေဟာ တစ်စုံတစ်ရာသော အတိုင်းအတာအထိတော့ ခရီးလမ်းတစ်ခုကိုပေါက်ခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်မတို့လိုချင်တဲ့ လွတ်လပ်ပြီး စစ်မှန်တဲ့တရားမျှတသော ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ဖို့အတွက် လိုအပ်နေသေးတယ်လို့ ကျွန်မသုံးသပ်မိပါတယ်။
ဒါကတော့ သွေးမြေကျခဲ့ရသောသူတွေအတွက် ကျွန်မတို့ကျန်ရစ်သူတွေ တာဝန်ကျေဖို့ လိုအပ်သေးတယ်လို့ ကျွန်မအနေနဲ့ သုံးသပ်ပါတယ်။
ကိုကျော်အေးနိုင်
(နိုင်ငံရေးအကျဉ်းသားဟောင်း)
ရှစ်ဆယ့်ရှစ်မှာ ပေးဆပ်သွားတဲ့သူတွေရဲ့ မျှော်လင့်ထားတဲ့အတိုင်းအတာတစ်ခုက အခုချိန်မှာ လမ်းစ လေးတစ်ခုပဲရှိသေးတယ်။ အဲဒီကျဆုံးသွားတဲ့သူတွေ မျှော်မှန်းထားတာက အလုံးစုံဒီမိုကရေစီစနစ်ကို ကူးပြောင်းဖို့အတွက် အားလုံးက ယုံကြည်ချက်ခိုင်ခိုင်မာမာ သတ္တိရှိရှိနဲ့ ပေးဆပ်သွားပြီးတော့ စွန့်လွှတ်စွန့်စား အနစ်နာခံသွားကြတဲ့ သူတွေအများစု ရှိပါတယ်။ ဒါကြောင့် သူတို့မျှော်မှန်းထားတဲ့ မျှော်မှန်းချက်တွေက ဒီကနေ့ ကာလမှာ လောက်လောက်လားလား ထင်သာမြင်သာရှိအောင်မပြင်ရသေးဘူး။ လမ်းစဖွင့်ရုံလောက်ပဲ ယူဆလို့ရတာပေါ့။ စစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်းကို သွားဖို့အခုမှ လမ်းစပျိုးတဲ့အချိန်မှာ စုပေါင်းပြီး ညီညီညွတ်ညွတ်နဲ့ ဘယ်လိုရှေ့ဆက်ထိုး ဖောက်ပြီးတော့ သွားမယ်ဆိုတဲ့ ပထမအစီအစဉ်ပဲ ရှိသေးတယ်လို့ထင်တယ်။
ဝ၁၂

Leave a Reply

Your email address will not be published.