ရုံးတော်အသံ

ရန်ကုန်၊ သြဂုတ် ၂
ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ China National Aero- Technology Import of Export Corporation(CATIN) တို့ နှစ်ဖက်သဘောတူညီမှုဖြင့် မြန်မာ နိုင်ငံအတွင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးအတွက် အဓိကလိုအပ်လျက်ရှိသော ရေယာဉ်များဖြစ်ပြီး မှာယူထားသော ရေယာဉ်စီးရေ(၁၉)စီး အနက်မှ(၁၄)စီး ရောက်ရှိပြီဖြစ်ကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသောင်းလွင်က ပဲ့တင်သံသို့ ပြောသည်။
”မြစ်ကြောင်းထိန်းသိမ်းရေးလုပ်ငန်းတွေ အများကြီးရှိနေပါတယ်။ ဒါကြောင့် ဒီသင်္ဘောတွေရောက်လာခြင်းအားဖြင့် ဌာနရဲ့သောင်တူးတဲ့ လုပ်ငန်းတွေကို ပိုပြီးအထောက်အကူ ပြုနိုင်မှာဖြစ်ပါတယ်။ တစ်ဖက်က အလုပ်လုပ်ရင်း တစ်ဖက်ကလည်း သင်္ဘောရဲ့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ မြစ်ကြောင်းတွေမှာလည်း သောင်တူးတဲ့လုပ်ငန်းတွေပိုပြီး ထိထိ ရောက်ရောက် လုပ်နိုင်လာမှာပါ။ ဌာနမှာရှိတဲ့ လုပ်ငန်းစီမံချက်တွေနဲ့ ခွင့်ပြုရန်ပုံငွေပေါ်မူတည်ပြီး မြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူးက ပြောသည်။
၄င်းရေယာဉ်များ ဝယ်ယူရေး အတွက် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် CATIL တို့ ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလ ၆ ရက်က သဘောတူ MOU ချုပ်ဆိုခဲ့ပြီး ၂ဝ၁၃ ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်တွင် သောင်တူးယာဉ်(၁၄) စီးရောက်ရှိလာခြင်းဖြစ်သည်။ မြန်မာနိုင်ငံဘက်မှ ဝယ်ယူထားသည့် သောင်တူး ရေယာဉ်အမျိုးအစားများမှာ မြေတူးရေယာဉ်(၂)စီး၊ သောင်ခုတ်သဲစုပ်ရေယာဉ်(၅)စီး၊ တွန်းရေယာဉ် (၁)စီး၊ မြေသယ်ရေယာဉ် (၄)စီး၊ ကမ်းထိုးရေယာဉ်(၁)စီးနှင့် အထောက်အကူပြုရေယာဉ် (၆)စီး စုစုပေါင်း (၁၉)စီးဖြစ်သည်။
”အများဆုံးလုပ်ဆောင်ရမယ့် နေရာတွေကတော့ ဧရာဝတီ၊ ချင်းတွင်းမြေလတ်ပိုင်း၊ မကွေးနဲ့မန္တလေး အဲဒီနေရာတွေအဓိကပါ။ စစ်ကိုင်းတိုင်း မုံရွာ၊ ပဲခူးတိုင်း ပြည်၊ အဲဒီ နေရာတွေမှာ ဖြန့်ကြက်ပြီး လုပ်ရမှာပါ။ အခုကတော့ မိုးများနေတဲ့ရာသီ၊ ရေများရာသီဖြစ်လို့ ဘယ်လိုမှ လုပ်လို့မရသေးပါဘူး”ဟု ညွှန်ကြားရေးမှူး ဦးသောင်းလွင်က ပြောသည်။
”ဒီရေယာဉ်တွေ မရောက်ခင်ကတည်းက လူအယောက်သုံးဆယ်နီးပါးကို သင်တန်းပေးခဲ့ပြီးပါပြီ။ သောင်တူးသင်္ဘောမောင်းနှင် အသုံးပြုရမယ့်သူတွေကို တစ်ဖွဲ့ကို နှစ်ပတ်နှုန်းနဲ့သုံးဖွဲ့တိတိ သင်တန်းပေးထားပါတယ်။ မကွေးမှာ တူးဖို့လိုအပ်တယ်ဆိုရင် အဲဒီမှာ ဘယ်သူတူးမလဲ၊ တူးမယ့်လူကို ပို့ရင်းအလုပ်လုပ်ရင်း တစ်ခါတည်းပို့ပေးရမှာပါ။ အဲဒီမှာပဲ တိုင်းရုံးရှိရာကို အခြေစိုက်ခိုင်းရပါမယ်။ ရန်ကုန်ပြန်သယ်လို့တော့မရဘူး။ တွန်းပို့ရတာဖြစ်တဲ့အတွက် သင်္ဘောတွေအားလုံးမှာ တပ်ပို့တစ်စီးပါလာတယ်။ တစ်စီးတည်း ပါလာတာဆိုတော့ သယ်ယူပို့ဆောင်ခစရိတ် သက်သာအောင် တစ်ခါတည်းပို့ရမှာပါ။ တစ်စီးချင်းကို သောင်တူးဖို့ လိုအပ်တဲ့နေရာတွေကို တွဲပို့ပေးမှာဖြစ်ပါတယ်။ တစ်ပြိုင်တည်းပို့ရမယ် ဆိုရင်တော့ နောက်ထပ်တစ်စီးငှားပြီး ပို့မှရပါမယ်” ဟု ဆက်လက်ပြောသည်။ မြန်မာနိုင်ငံ၏ မြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ငန်းသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် အရေးကြီးအစိတ်အပိုင်းဖြစ်ကြောင်း ဧရာဝတီ မြစ်ကြောင်းထိန်းသိမ်းရေးလုပ်ငန်းတွင် အများဆုံးလုပ်ဆောင်ရန်ဖြစ်ကြောင်း၊ ကျန်ရှိနေသေးသော သောင်တူးရေယာဉ်(၂)စီးနှင့် အထောက်အကူပြုယာဉ်(၃)စီး အပြင် ရေယာဉ်နှင့်သက်ဆိုင်သော စက်တပ်ယာဉ်ပို့များ၊ ကုန်ပစ္စည်းများမှာ ယခုနှစ် ၂ဝ၁၃ ခုနှစ် သြဂုတ်လ(၁၅)ရက် နောက်ပိုင်း တတိယပတ်အတွင်း ရောက်ရှိလာမည်ဟု ညွှန်ကြားရေးမှူးက ပြောကြားသည်။
”မြစ်ကမ်းပြိုမှုနဲ့ ပတ်သက်ပြီး ပြောရရင် ဒီရက်ပိုင်း ပဲခူးမြစ်ကမ်းပြိုမှုမှာ မြစ်ကြောင်းကရှည်တော့ ဒီနှစ်ဒီနေရာကမ်းပြိုတယ်။ နောင်နှစ် နောက်တစ်နေရာပြိုတတ်တယ်။ မြစ်ဆိုတာက အကောက်အကွေ့များတယ်။ မြစ်ကွေးနေရာတွေမှာ ပိုပြိုတတ်တယ်။ ကြိုတင်ပြီး ကာကွယ်လို့မရပါဘူး။ တစ်နှစ်နဲ့တစ်နှစ် ရေထုထည်စီးနှုန်းက မမှန်နိုင်ဘူး၊ မတူဘူး။ အဲဒီပေါ်မှာ မူတည်တယ်။ ဒီနှစ်ကရင်ပြည်နယ်မှာ ရေတအားကြီးတယ်။ စိုးရိမ်ရေမှတ်အထက်ရောက် နေတာ ၂၇.၇.၂ဝ၁၃ ရက်ကတည်းက တစ်ခါမှ မကြီးဖူးတာ။ ရာသီဥတုပေါ်မှာမူတည်ပြီး ရေနည်းတာ များတာဖြစ်တတ်တယ်။ သံလွင်မြစ်က ရေတောင့်တာနဲ့ အပေါ်ကမိုးများတာနဲ့ ဆိုင်သွားတယ်” ဟု ကမ်းပြို တတ်မှုနှင့်ပတ်သက်၍ ယင်းသို့ပြောသည်။ ဧရာဝတီမြစ်ကြောင်းနှင့် ပတ်သက်၍ မည်သို့ထိန်းသိမ်းကာကွယ်မှုပြုမှုအပေါ် မေးမြန်းမှုအပေါ်၌ မြစ်ဆုံကိစ္စအပါအဝင် ”ဧရာဝတီကို ကာကွယ်ရမှာပေါ့။ ဧရာဝတီမြစ်ကြီးကို ဘာပဲလုပ်လုပ် ဧရာဝတီကို ထိခိုက်မဲ့အရာကို ကာကွယ်ဖို့က ကျွန်တော်တို့အလုပ်ပါ။ ရေကြောင်း မကောင်းရင် Lood ဖြစ်နိုင်တယ်။ ရေကြီးရေလျှံဖြစ်ပြီး အိမ်ခြေတွေ၊ စိုက်ပျိုးမြေတွေ ဆုံးရှုံးနိုင်တယ်။ စီးပွားရေးတွေပျက်နိုင်တယ်။ ဒါတွေက ဆိုးကျိုးတွေပေါ့။ ပုံမှန်ရေစီး ရေလာကောင်းရင် ဒီဆိုးကျိုးတွေမဖြစ်နိုင်ဘူး။ အရင်တုန်းကနဲ့ အခုလုပ်ဆောင်ရတာလား။ အရင်တုန်းက ကျွန်တော်တို့က ကိုယ့်ဌာနအလုပ် ကိုယ်လုပ်တာပေမဲ့၊ နိုင်ငံကောင်းကျိုးလုပ်ပေမဲ့ ပေါင်းစပ်ညှိနှိုင်းတာ မရှိဘူးပေါ့ဗျာ။ ဆည်မြောင်းကလည်း ဆည်မြောင်းအလုပ် ဆည်တွေဆောက်၊ မြစ်ချောင်းထိပ်တွေက ပိတ်ဆောက်၊ ဟိုက်ဒိုပါဝါကလည်း ပိတ်တယ်။ အဲဒီမှာ ရေဝင်လမ်းကြောင်းနည်းပြီး နုန်းတွေဖြစ်တည်၊ ရေထုထည်စီးနှုန်းကျ၊ သဲနုန်းတွေတိုးလာ ဒါမျိုးဖြစ်တာပေါ့။ အခုပွင့်လင်းမြင်သာတဲ့ ခေတ်ရောက်လာတော့ ပေါင်းစပ်ညှိနှိုင်းလုပ်လာကြပါပြီ” ဟု ညွှန်ကြားရေးမှူးက ရှင်းလင်းပြောကြားသည်။
ရေအရင်းအမြစ်နှင့် မြစ်ချောင်း ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတွင် မူလဖွဲ့စည်းပုံအရ ဝန်ထမ်းအင်အား ၃ဝဝဝ ရှိရမည်ဖြစ်သော်လည်း လက် ရှိအချိန်တွင် တစ်နိုင်ငံလုံးဝန်ထမ်းအင်အား သုံးပုံတစ်ပုံ ၁ဝဝဝ ကျော်ခန့်ဖြင့်သာ လုပ်ငန်းဆောင်ရွက် လျက်ရှိသည်။
ဝ၃၈

Leave a Reply

Your email address will not be published.